ယမန်နေ့ မေ ၃၀ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ဆန္ဒပြသော ကျောင်းသား ၅ ဦး ကားဖြင့်တိုက် ဖမ်းဆီးခံလိုက်ရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမှ ရတနာလမ်းထောင့် မီးပွိုင့်အထိ နံနက် ၁၁ နာရီခန့်တွင် ဆန္ဒပြအပြီး လူစုခွဲချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော အရပ်ဘက်သုံးကားက အရှိန်ဖြင့်ဝင်တိုက်ခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်၏ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က အတည်ပြုသည်။
“ပုံမှန်ဆိုရင် လူခွဲရင် တစ်ယောက်ချင်းစီ ကိုယ့်လမ်းကိုယ်ခွဲတာ။ အဲဒီပွဲက အစုလိုက်ဖြစ်သွားတာက ပြဿနာဖြစ်သွားတာ ထင်တယ်။ အသက်ငယ်ငယ်ကောင်လေးတွေ အုပ်လိုက်ကြီးဖြစ်နေတော့ ရန်သူက သံသယဖြစ်စရာဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသူတို့မှာ အသက် ၁၈ နှစ်မပြည့်သေးသည့် ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၁ ဦး ဖြစ်သည်ဟု ကိုမြတ်မင်းခန့်က ပြောသည်။
“ဒဏ်ရာအခြေအနေတော့ မသိရသေးဘူး။ တစ်ခါတည်း အဖမ်းခံလိုက်ရတာဆိုတော့ နောက်ဆုံးသိရတာကတော့ တောင်ဥက္ကလာစခန်းမှာ သူတို့ကို ဖမ်းထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထို ၅ ဦးကို သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့သည်ဟု ကိုမြတ်မင်းခန့်က ဆက်ပြောသည်။
ရွှေငါးမတ်တူးအမျိုးအစားကားက ဘေးတိုက်ပွတ်ဆွဲသဖြင့် ဦးခေါင်း၊ နောက်ကျော၊ လက်နှင့် ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွတ်မြောက်သွားသူ ၃ ဦးမှာလည်း အသက် ၁၅-၁၆ ဝန်းကျင် ယောက်က်ျားလေးများဖြစ်သည်ဟု သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now က မေးမြန်းရန် ယနေ့ ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဗကသများအဖွဲ့ချုပ်အပါအဝင် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတချို့မှ လူငယ် ၃၀ ခန့်က တောင်ဥက္ကလာမြို့နယ်တွင် “….ပါးစပ်ထဲက တိုင်းပြည်ကို ရအောင် ပြန်ယူမယ်” ဟု ရေးသားထားသော ပိုစတာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲတစ်ခုကို ၃ မိနစ်ခန့် ပြုလုပ်ခဲ့သည်။
လက်နက်ကိုင်ထားသူများက လက်နက်မဲ့သူကို လူမြင်ကွင်းတွင် ကားနှင့်လိုက်တိုက် ဖမ်းဆီးမှုမျိုးမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်မှ ကြုံတွေ့လာရသည်။
ပြီးခဲ့သည့် ၂၀၂၁ ၊ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စစ်ကားတစ်စီးက အနားသို့ ရောက်ခါနီးမှ အရှိန်မြှင့်ဝင်တိုက်ကာ အကြမ်းဖက်ဖမ်းဆီးခဲ့သည်။
ထိုဖြစ်စဉ်တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးအပါအဝင် ၁၁ ဦးဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
အလားတူ ယခုနှစ် ဧပြီ ၂၀ ညနေပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ကာ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အမျိုးသမီး ၂ ဦးနှင့် အဌားယာဉ်မောင်းအမျိုးသားတစ်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။
ယခုကဲ့သို့ ဆက်တိုက်ဖမ်းဆီးခံနေရမှုများရှိနေသော်လည်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပုံစံမတူသည့် အခြားနည်းလမ်းများဖြင့်ပါ ဆက်လက်လုပ်ဆောင်မည်ဟု ဗကသများအဖွဲ့ချုပ်၏ ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က ပြောသည်။
“ဒီလိုမျိုးပွဲ (ဆန္ဒပြ) ထွက်လိုက် အဖမ်းခံရလိုက်ဆိုရင် ကြာရင် လုံးပါးပါးလာနိုင်တယ်၊ မတူတဲ့နည်းလမ်းတွေ ထိရောက်တဲ့နည်းလမ်းတွေနဲ့ ဆက်လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။
ဆန္ဒပြသည်ကိုပင် ဦးခေါင်းကို ချိန်ရွယ်ပစ်သတ်ခဲ့သော စစ်ကောင်စီတပ်သည် ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးကာ အကြမ်းဖက် ပစ်သတ်လျက်ရှိသည်။
သို့သော်လည်း စစ်အာဏာသိမ်းမှု ၁ နှစ်ကျော်လာသည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရန်ကုန်ကဲ့သို့ မြို့ကြီးတွင်ပင် လူငယ်များက ပြောက်ကျားပုံစံဖြင့် ဆက်လက်ပြုလုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)