သတင်း

ကျောက်တော်မှ ၇၅ နှစ်အရွယ် အမျိုးသမီး မိုင်းနင်းမိပြီး သေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အနောက်ခြမ်းရှိ ရုပ်သားကျေးရွာမှ  ၇၅ နှစ်အရွယ် အမျိုးသမီး ယနေ့ (မေ ၃၁) နံနက်ပိုင်းတွင် မိုင်းနင်းမိပြီး သေဆုံးသွားသည်။  

မြို့နှင့် နှစ်မိုင်ခွဲခန့်ဝေးသော ထိုရွာမှ ဒေါ်မတင်သိန်းသည် နံနက် ၇ နာရီခန့်က တောင်ကုန်းပေါ်သို့ ဟင်းရွက်ခူးရန်သွားစဉ် မိုင်းထိသဖြင့် ညာခြေထောက်သည် ဒူးအထက်မှ ပြတ်တောက်ကာ ဘယ်ခြေထောက် ပြတ်တောက်လုနီးပါး ဒဏ်ရာရခဲ့သည်ဟု လူနာကို ဆေးရုံပို့ရန် ကြိုးစားခဲ့သည့် ထိုရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“မိုင်းပေါက်သံကို ကြားပြီးတော့ ၅ မိနစ်လောက်နေတာနဲ့ အဲဒီအနားမှာ သီးနှံခင်းလုပ်နေတဲ့ လူတစ်ယောက်ရှိတယ်၊ အဲဒီအဘွားအိုက မိုင်းထိပြီး တောင်ပေါ်ကို လှိမ့်ဆင်းလာတဲ့အချိန်မှာ အဲဒီသီးနှံခင်းက လူက ရွာသားတွေကို လှမ်းပြောတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ဆိုသည်။  

“ဒီမှာ ဒေါ်မတင်သိန်းက ဒီလိုဒီလိုဖြစ်နေပြီး ပြောလို့ သွားယူကြတာ၊ ကျွန်တော်တို့ ရွာကလူတွေ သွားပြီးတော့ ကျောက်တော်ဆေးရုံကို ပို့ဖို့ လှေပေါ်တင်တာနဲ့ စကားပြောဖို့လုပ်တာနဲ့ အသက်ထွက်သွားတယ်။ ကျွန်တော့်ရှေ့က အသက်ထွက်သွားတာပါ”

သေဆုံးသူ၏ မိသားစုဝင်များမှာ ဆင်းရဲနွမ်းပါးပြီး ကျပန်းအလုပ်လုပ်ကိုင်စားသောက်နေကြသူများဖြစ်သည်။ 

ဒေါ်မတင်သိန်းမှာ ဝင်ငွေရရှိရေး ဟင်းရွက်ခူးရောင်းရန်အတွက် ရွာနှင့် ကိုက် ၂၀၀ အကွာရှိ ထိုတောင်ကုန်းပေါ်သို့  သွားရောက်ခဲ့ခြင်းဖြစ်သည် ဟု အထက်ပါ ရွာသားက ဆိုသည်။

“မိသားစုကတော့ ဟင်းရှာဟင်းခူး မသွားခိုင်းဘူး။ ဒါပေမဲ့ သူက ဟင်းညွှန့်တွေ သွားခူးပြီးရောင်းရင် ကိုယ့်ဟာကိုယ်သုံးလို့ရတယ်ဆိုပြီးတော့ သွားတာ။ အရင်တုန်းကလည်း အဲဒီတောင်ကုန်းမှာ (မိုင်းကြောင့်) ကျွဲသုံးကောင် သေသွားပြီ” ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၉ ခုနှစ်က စစ်သားများ ရုပ်သား‌ကျေးရွာသို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်မည်ဟုဆိုကာ ရောက်ရှိလာပြီး ကျေးရွာအတွင်းမှ လူကြီး၊ လူငယ်၊ အမျိုးသမီးအားလုံးကို ဘုန်းကြီးကျောင်းတွင် စုခိုင်းကာ အမျိုးသား ၆၀ ခန့်ကို စာသင်ကျောင်း၌ ထိန်းသိမ်းထားခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသော ရွာမှ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“အမျိုးသား ၆၇ ယောက်ကို စာသင်ကျောင်းမှာ ပိတ်ထားတယ်။ အဲဒီတုန်းက တစ်ည ထမင်းမစားခဲ့ရဘူး။ ကိုယ်တိုင်ကြုံခဲ့ရတာပါ။ မနက်မိုးလင်းတော့ နေ့လယ် ၁၂ နာရီလောက်မှ မိန်းမတွေကို ထမင်းသွားချက်ခိုင်းတယ်။ မွန်းလွဲ ၂ နာရီလောက်မှ ထမင်းစားရပါတယ်” ဟု ထိုသူက ဆိုသည်။

“သူတို့က နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့ အဲဒီမိုင်းပေါက်တဲ့ တောင်ကုန်းပေါ်တွေကို ရောက်သွားကြတယ်။ အခုက အဲဒီတောင်မှာ အကုန်လုံး မိုင်းထိနေကြပြီ”

 အရပ်သားများ သွားလာသည့် နေရာတွင် မိုင်းထောင်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်တပ်ပြောခွင့်ရသူများနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

ထိုရုပ်သားကျေးရွာ၏ သုသာန်အနီးဝန်းကျင်မှာလည်း စစ်တပ် မိုင်းထောင်ထားသဖြင့် ရုပ်အလောင်းကို ကျောက်တော်မြို့ပေါ်သုသာန်၌ သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

“အခုသင်္ဂြိုဟ်ဖို့ကလည်း အစိမ်းသေသေတဲ့လူတွေကို သင်္ဂြိုဟ်တဲ့သုသာန်ဆိုတာ ရှိတယ်။ သူတို့ (စစ်တပ်) က အားလုံးမိုင်းထောင်ထားတယ်။ သင်္ဂြိုဟ်ဖို့ကလည်း အဆင်မပြေလို့ အခု အလောင်းကို ကျောက်တော်ဆေးရုံက ရင်ခွဲရုံမှာ ထားတယ်” ဟု ရုပ်သားကျေးရွာခံ ထိုအမျိုးသားက ပြောသည်။

“အရင် ၂၀၁၉ တုန်းကလည်း ရွာနဲ့ တစ်မိုင်လောက်အကွာမှာ မိုင်းပေါက်လို့ မိန်းကလေးတစ်ဦး ခြေထောက်နှစ်ဖက် ပြတ်သွားတာရှိတယ်။ ဒီ ၂၀၂၂ ခုနှစ် ၃ လပိုင်းကလည်း သူတို့ ထောင်ထားတဲ့မိုင်းကို သူတို့လူက မသိလို့ နင်းမိပြီး စစ်သား တစ်ယောက်သေသွားတယ်”

အိမ်ခြေ ၂၅၀ ခန့်နှင့် လူဦး ၁၀၀၀ နီးပါးရှိ  ရုပ်သားကျေးရွာ၏အရှေ့ဘက် ကုလားတန်မြစ်တစ်ဖက်ကမ်းတွင် ကျောက်တော်အခြေစိုက် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ရှိပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂၉ ကလည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ငချားကျေးရွာမှ ခူမီးလူငယ်တစ်ဦးသည် ရွာနှင့်တစ်မိုင်ခန့် အကွာတွင်ရှိ‌သော မီးကျောင်းတောင်ပေါ်တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး အိမ်အပြန် မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ပြတ်လုနီးပါးဖြစ်သွားခဲ့ကာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

၂၀၁၈ ဒီဇင်ဘာမှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း မိုင်းကြောင့် ဒေသခံအများအပြား ထိခိုက်ခဲ့ကြရပြီး စစ်ပွဲများ ရပ်တန့်သွားသော်လည်း စစ်ကျန်လက်နက်များကြောင့် ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button