လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို စစ်ကောင်စီမှတစ်ဆင့် ပေးအပ်မည့် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ အစီအစဉ်ကို လုံးဝလက်မခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသုံးခုက ယမန်နေ့ (မေ ၃၀) တွင် ကြေညာချက်ထုတ်ပြန်သည်။
ယခုလဆန်းပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် စစ်ကောင်စီမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရန် အာဆီယံနှင့် ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း NUG၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ပူးပေါင်း၍ ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော အစည်းအဝေးသို့ စစ်ကောင်စီဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အာဆီယံဘုံသဘောတူညီချက် မဟုတ်ဘဲ စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ ပူးပေါင်းပြီး ဆုံးဖြတ်ချက်ချခြင်းဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။
“ရှင်းရှင်းပြောရရင် စစ်ကောင်စီနဲ့ ကမ္ဘောဒီးယားနဲ့ နှစ်ဖွဲ့တည်း လုပ်သွားတဲ့ဟာက မဖြစ်သင့်ဘူး” ဟု သူက ပြောသည်။
ယင်းအပြင် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီလုပ်ရပ်ကို သိလျက် အကူအညီအထောက်အပံ့ပေးမည့်ကိစ္စတွင် ပါဝင်ဆောင်ရွက်မည့် ကုလသမဂ္ဂလက်အောက်ခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ဆုံးဖြတ်ချက်ကိုလည်း KNU ပြောရေးဆိုခွင့်ရှိသူက ဝေဖန်သည်။
“နေ့စဉ်ရက်ဆက် ကျော်မကောင်းကြားမကောင်းတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သိသိကြီးနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ UNOCHA က ဒါကြီးကို မျက်စိစုံမှိတ်ပြီးတော့ လုပ်သွားတဲ့အပိုင်းမှာ တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
အာဆီယံ၏ ဆုံးဖြတ်ချက်မှာ စစ်ကောင်စီကို တရားဝင်မှုအပ်နှင်းသည့် အန္တရာယ်ကြီးမားသောလုပ်ရပ်ဖြစ်ကာ ပြည်သူများကို ပိုပြီးဘေးဒုက္ခရောက်စေမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည့် ရပ်ရွာဒေသများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံးဖြစ်သော်လည်း အစီအစဉ်မှ ချန်လှပ်ထားခြင်းကို တွေ့ရကြောင်း ဆိုသည်။
ယခုလဆန်း ၂ ရက်နေ့အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ နှစ်သိန်းခွဲခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုးသိန်းကျော်ရှိကြောင်း ရန်ကုန်ရှိ UNOCHA ရုံးက ထုတ်ပြန်ထားသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်အစီအစဉ်ကို အကြောင်းပြပြီး ၎င်းတို့ပိတ်ဆို့ထားသည့် စစ်တပ်၏ ရိက္ခာပို့လမ်းကြောင်းများကို ပြန်ဖွင့်ခိုင်းမည်ကိုလည်း KNU ဘက်က စိုးရိမ်နေသည်။
“ဘယ်လိုမှ သည်းမခံနိုင်ဘူးဗျ၊ နေရင်းထိုင်ရင်းနဲ့ စစ်ကောင်စီ လမ်းကြောင်းပိတ်နေတာကို ဖွင့်ပေးရမလို ဖြစ်နေတယ်။ အဲဒီဟာကို ကျွန်တော်တို့က ဘယ်လိုမှ လက်မခံနိုင်ဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
အဆိုပါဒေသများအား အကူအညီများပေးမည့်အစီအစဉ်မှ ချန်လှပ်ထားခြင်းကို စိတ်မကောင်းကြီးစွာဖြင့် တွေ့ရကြောင်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသုံးခု၏ ကြေညာချက်တွင် ပါရှိသည်။
“တကယ်လိုအပ်တဲ့နေရာကို မရောက်မှာစိုးလို့ ကျွန်တော်တို့ ဒါကို ပြောနေတာ ဖြစ်ပါတယ်။ ဘာဖြစ်လဲဆို တကယ်တမ်းလိုအပ်တဲ့နေရာက စစ်ကောင်စီ နေ့တိုင်းကို ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်တာကြောင့် သေကျေပျက်စီးပြီးတော့ ထွက်ပြေးနေရတဲ့လူထုတွေက ကျွန်တော်တို့လက်အောက်မှာ ရှိတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)