ဆောင်းပါး

ကျန်းမာရေး ချို့ယွင်းသော်လည်း ရှေ့တန်းပို့ခံရသည့် စစ်ကောင်စီ၏ တပ်ကြပ်အိုကြီး 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မဟာမိတ်တပ်ခွဲ ကော်ဘရာစစ်ကြောင်းတို့ ပေါင်း၍ မေ ၁၉ ရက်က သိမ်းပိုက်စဉ် ဖမ်းခံရသူ စစ်သား ၆ ဦးတွင် အသက် ၅၇ နှစ်အရွယ် တပ်ကြပ်ကြီးတင်စိုး ပါဝင်သည်။

၎င်းသည် တပ်သားဘဝရောက်ပြီး နှစ်နှစ်အကြာ ၁၉၉၇ ခုနှစ်တွင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၅၅၉ ခြေမြန်တပ်ရင်းအတွင်း သန့်ရှင်းရေးလုပ်စဉ် ပိတောက်ပင်ပိ၍ အကြီးအကျယ် ဒဏ်ရာရခဲ့သည်။ သစ်ပင်ပိသည့်ဒဏ်ကြောင့် ခန္ဓာကိုယ်တွင်းရှိ သရက်ရွက်ထုတ်လိုက်ရသော်လည်း စစ်တပ်မှ ထွက်ခွာခွင့် မရခဲ့ပေ။ 

၂၅ နှစ်လုံးလုံး တပ်မှ ထွက်ခွင့်မရသူဖြစ်သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်နေရသော စစ်ကောင်စီက အသက်ကြီးငယ်မရွေး စစ်သားမှန်သမျှ ရှေ့တန်းပို့နေရာ တပ်ကြပ်ကြီးတင်စိုးလည်း အပါအဝင်ဖြစ်သည်။

လက်ရှိတွင် ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် သုံ့ပန်းဘဝရောက်နေသူ တပ်ကြပ်ကြီးတင်စိုးအပါအဝင် စစ်သားများကို မေ ၂၆ ရက်တွင် အွန်လိုင်းမှတစ်ဆင့် Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည်။

လစာပုံမှန်ရနေခြင်းနှင့် ဆေးလက်မှတ် ပျက်စီးသွားသောကြောင့် တပ်မှထွက်မည့်အစီအစဉ် ရှေ့ဆက်မတိုးဖြစ်ခဲ့ကြောင်း ထိုသို့တွေ့ဆုံမေးမြန်းစဉ် ​​နက်လွန်းသည့် မျက်တွင်းထဲမှ မှိန်ဖျော့နေသော မျက်လုံးတစ်စုံဖြင့် ကြည့်၍ တပ်ကြပ်ကြီးက ပြောသည်။ 

“ဆေးလက်မှတ်က မိုးစိုသွားတော့ မိတ္တူမကူးထားတဲ့အခါကျတော့ ထွက်မရဘူးဖြစ်နေတယ်။ အဲဒါမရှိလို့ ထွက်လို့မရဘူး” 

အခြေခံပညာမူလတန်းအဆင့်ပင် မပြီးမြောက်ခဲ့သော ထိုတပ်ကြပ်ကြီးမှာ ဗိုက်ခွဲ၍ သရက်ရွက်ထုတ်ကာ ပြန်ချုပ်ထားရသည်ဟုသာ ပြောနိုင်ပြီး ၎င်း၏ကျန်းမာရေးအခြေအနေကိုပင် ပြည့်ပြည့်စုံစုံ ရှင်းမပြတတ်ပေ။

“သိပ်တော့ နေလို့ထိုင်လို့ မကောင်းဘူး။ နုံးတာတို့၊ ရင်တုန်တာတို့ ဖြစ်ပါတယ်” ဟု သုံ့ပန်းဘဝရောက်နေပြီး အရိုးပေါ်အရေတင်ဖြစ်နေသည့် တပ်ကြပ်ကြီးက လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြသည်။

ကျန်းမာရေးမကောင်းလှသော်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ရှေ့တန်းထွက်ရန်အမိန့် ရောက်လာသည်။ စစ်တပ်က အာဏာသိမ်းပြီး ခြောက်လအကြာတွင်ဖြစ်သည်။ မိမိတပ်ရင်းမှ မိုင် ၆၀၀ ခန့် ဝေးကွာသော ကရင်ပြည်နယ်အတွင်း နယ်စပ်တစ်နေရာရှိ ရှေ့တန်းစခန်းသို့ ပို့ဆောင်ခြင်းခံရသည်။ မြဝတီမြို့နယ်ရှိ ဥကရာစ်ထအမည်ရ ရှေ့တန်းစခန်းဖြစ်သည်။

နောက်တန်းတွင် ခြောက်နှစ်အရွယ် သမီးငယ်ကျန်ခဲ့သည်။ ဇနီးသည်တိုက်တွန်းသဖြင့် ရှေ့တန်းမလိုက်လိုကြောင်း သက်ဆိုင်ရာအရာရှိထံ​ မေတ္တာရပ်ခံသော်လည်း မအောင်မြင်ခဲ့ဟု တပ်ကြပ်ကြီးတင်စိုးက ပြောသည်။ 

“(အမိန့်ကို) လက်မခံလို့ မရဘူးခင်ဗျ။ ပြောလည်းပြောတယ်။ ပြောမရလို့ လိုက်လာရတာပါခင်ဗျ။ … လူအင်အားမရှိလို့ ကျွန်တော့်ကို ဖြည့်လိုက်တာခင်ဗျ”

မေလဆန်းပိုင်းတွင်း တာဝန်ကျရာစခန်းမှ မြဝတီမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ သေ့ဘောဘိုးစခန်းသို့ ထပ်မံစေလွှတ်ခံရသည်။ KNU နှင့် အပေါင်းအပါ အင်အားစုများက မသိမ်းပိုက်မီ တစ်ပတ်ဝန်းကျင်အလိုခန့်ဖြစ်သည်ဟု ဆိုသည်။ သေ့ဘောဘိုးစခန်းရောက် ရက်အတိအကျကိုမူ အသက် ၆၀ ပြည့်ခါနီး တပ်ကြပ်ကြီး မမှတ်မိတော့ပေ။ 

“ကျွန်တော့်ကို လူမရှိလို့ ခေါ်တာတဲ့။ ပစ္စည်းစောင့်လောက်ပဲဆိုပြီး ခေါ်လာတာ။ ကင်းတွေဘာတွေ စောင့်ပေါ့နော်”

တောင်ကုန်းပေါ်ရှိ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးအင်အားစုများက မေ ၁၈ ရက် ညသန်းခေါင်ယံတွင် လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီး နောက်နေ့မွန်းလွဲပိုင်းတွင် တက်သိမ်းသည်ဟု သုံ့ပန်းများက ဆိုသည်။ 

စခန်းကို တိုက်ခိုက်ခံရစဉ် ထွက်ပြေးရင်း အဖမ်းခံလိုက်ရသည့် စစ်သားခြောက်ဦးလုံးက တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ထုတ်မပြောကြပေ။ 

ထို့အတူ စစ်သားများ၏ မိသားစုဝင်များကို စစ်ကောင်စီက ဖိအားမပေးစေလိုသဖြင့် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူများ မေတ္တာရပ်ခံသဖြင့် တချို့သော အချက်အလက်များကို ဤဆောင်းပါးတွင် ဖော်ပြနိုင်ခြင်းမရှိပါ။​

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်စခန်းကို တော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်တွင် သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် သုံ့ပန်းနှင့် စစ်လက်နက်ပစ္စည်းများ။ ဓာတ်ပုံ- Cobra Column

သုံ့ပန်းများပြောသည့် သူတို့အကြောင်း 

သုံ့ပန်းအဖြစ် အဖမ်းခံထားရသော်လည်း နှိပ်စက်ခံရခြင်းမရှိဟု စစ်ကောင်စီတပ်သား ခြောက်ဦးလုံးက ဆိုသည်။ ခြောက်ဦးအနက် ၂၃ နှစ်နှင့် ၃၂ နှစ်အရွယ် လူငယ်နှစ်ဦးသာပါပြီး ကျန်သူများမှာ ၄၅ နှစ်၊ ၅၀ ၊ ၅၃ နှင့် ၅၇ နှစ်အရွယ်များဖြစ်ကြသည်။

သေ့ဘောဘိုးစခန်းတွင် မူလကတည်းက တာဝန်ကျနေသူတစ်ဦးသာ ပါသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးနိုင်အေးဖြစ်သည်။ ယခုနှစ် ဇန်နဝါရီတွင် သေ့ဘောဘိုးသို့ ရောက်လာည့် တပ်ကြပ်ကြီးမှာ အသက် ၅၀ အရွယ်ဖြစ်သည်။

သုံ့ပန်းအားလုံးတွင် အမြင့်ဆုံးပညာသင်ကြားဖူးသူလည်းဖြစ်သည်။ အခြေခံပညာ လေးတန်းအောင် တပ်ကြပ်ကြီးဖြစ်သည်။ 

တပ်ကြပ်ကြီးကျော်ထွန်းမှာ အသက် ၅၃ နှစ်၊ ဒုတပ်ကြပ်မျိုးလင်းဇော်မှာ ၄၅ နှစ်၊ မောင်ထိုက်နှင့် နိုင်လင်းအောင်တို့မှာ ၂၃ နှစ်နှင့် ၃၂ အရွယ် တပ်သားများဖြစ်သည်။ 

ထိုင်း – မြန်မာနယ်စပ် တောတွင်းတစ်နေရာရှိ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးအင်အားစုများ လာရောက်ပစ်ခတ်နိုင်ကြောင်း အထက်အရာရှိများက အသိပေးထားသည်ဟု သုံ့ပန်းစစ်သားများက ပြောသည်။​

“လာပစ်မယ်ပဲ ပြောပါတယ်။ ကိုယ့်ပစ်ရင်တော့ ပြန်ပစ်လို့ပြောလို့ ကျွန်တော်တို့လည်း ပစ်ပါတယ်။ နောက်ဆုံး ဝိုင်းတက်လာတော့ ကျွန်တော်တို့လည်း ပြန်မပစ်ဘဲ ဆင်းပြေးပါတယ်” ဟု ဒုတပ်ကြပ် မျိုးလင်းဇော်က ဆိုသည်။

စခန်းထိုင်တပ်ဖွဲ့မှ မဟုတ်၍ သေနတ်ကျည်ဆန် ၂၄၀ သာပါသဖြင့် တိုက်ပွဲအတွင်း အခက်အခဲရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“(ကျည်) မပေးပါဘူးခင်ဗျ။ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ဖြစ်နေတယ်။ ကိုယ့်လည်း သူမခေါ်နိုင် သူ့လည်း ကိုယ်မခေါ်နိုင်ဘူးခင်ဗျ” ဟု ဒုတပ်ကြပ်မျိုးလင်းဇော်က ထပ်လောင်းပြောသည်။

စခန်းတိုက်ခိုက်ခံရစဉ် ထွက်ပြေးရင်း ကျဆုံးခဲ့သူ သေ့ဘောဘိုးစခန်းမှူးဖြစ်သူ ဗိုလ်မှူးအောင်ငြိမ်းချမ်းကလည်း စစ်ကူမရသည့်အကြောင်း ဘဝတူ စစ်တပ်အရာရှိတစ်ဦးထံ ညည်းတွားခဲ့သည်။ တော်လှန်ရေးအဖွဲ့များ သိမ်းဆည်းရမိသည်ဆိုသော ဗိုလ်မှူးအောင်ငြိမ်းချမ်း၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ထိုသို့ သိရခြင်းဖြစ်သည်။ အမှန်တကယ် ထိုဗိုလ်မှူးကိုင်ဆောင်သော ဖုန်းဟုတ်မဟုတ် အတည်မပြုနိုင်ပေ။ 

စခန်းတိုက်ခိုက်ခြင်း မခံရမီ ဒုတပ်ရင်းမှူးတစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးက အခြားစခန်းရှိ အရာရှိတစ်ဦးနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားခြင်းဖြစ်သည်။ “စစ်ကူမရှိ၊ ပစ်ကူမရှိ၊ ခဲယမ်းဆက်မပို့နိုင်နဲ့။ ဘယ်အချိန်ထိ ဒီတိုင်းထားကြမလဲ မသိ” ဟု ၎င်းက ညည်းတွားထားသည်။ 

သေ့ဘောဘိုးစခန်းတွင် အဝေးပစ်စိန်ပြောင်း၊ ဗုံးသီး၊ စက်သေနတ်များရှိသော်လည်း လက်နက်ခဲယမ်း မပြည့်မစုံဖြစ်သည်ကို စခန်းထိုင် တပ်ကြပ်ကြီးနိုင်အေးကလည်း ငြင်းဆိုခြင်း မရှိပေ။ 

“ခဲယမ်းမထောက်ပံ့နိုင်ဘူးဆိုတာ လမ်းမှာ (တော်လှန်ရေးအင်အားစုတွေက) ပိတ်ဆို့ထားလို့ မလာနိုင်တာခင်ဗျ။ ရိက္ခာကတော့ စခန်းမှာရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် စခန်းတွင် ဗိုလ်မှူးအဆင့် စခန်းမှူးအပါအဝင် အင်အား ၂၅ ဦးသာရှိသည်ဟု တပ်ကြပ်ကြီးနိုင်အေးထံမှ သိရသည်။

“စက်ထဲမှာတော့ (စစ်ကူ) လာမယ်၊ လာမယ်လို့ပဲ ပြောတယ်ခင်ဗျ၊ လက်တွေ့တော့ ရောက်မလာဘူး” ဟု တပ်ကြပ်ကြီးနိုင်အေးက ပြောသည်။

ထိုလူအင်အားမှာ ပုံမှန်ဖြစ်သည်ဟု အာဏာသိမ်းပြီးနောက် တပ်ကို စွန့်ခွာလာသည့် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၅၄ ဆင်း၊ အသက် ၃၀ အရွယ် CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

သို့သော် အရေးကြုံပါက ပူးပေါင်းနိုင်မည့် တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ပါ မြေပြင်လှုပ်ရှားတပ်စခန်းအနီးတစ်ဝိုက်တွင် မဖြစ်မနေရှိနေရမည့် ရှေ့တန်စခန်းစာရင်းတွင် သေ့ဘောဘိုးပါသည်ဟု ထိုနေရာ၌ ၂၀၁၅ ခုနှစ်အတွင်း လေးလကြာ တာဝန်ထမ်းဆောင်ဖူးသည့် ၎င်းက ထောက်ပြသည်။

တော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်စခန်းနှင့် ဒေသန္တရ အခြေပြမြေပုံ။ 

သေ့ဘောဘိုးစခန်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ အင်အားမည်မျှ သုံးခဲ့ရသည်ကို မသိသော်လည်း စစ်ကောင်စီက လေကြောင်းပစ်ကူ ၃၅ ကြိမ်ပေးသည့်တိုင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သော ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူက ပြောထားသည်။

သုံ့ပန်းတို့ကမူ ၎င်းတို့တပ်မှ လေကြောင်းပစ်ကူပေးသည့် အကြိမ်ရေနှင့် သက်ရောက်မှုကို ကွဲလွဲစွာ ပြောသည်။ ဗုံးနှစ်ကြိမ်ကြဲသည်ဟု ပြောသူများရှိသလို ထို့ထက်ပိုမည် သို့သော် မမှတ်မိဟု ဆိုသူများလည်းရှိသည်။

လေကြောင်းတိုက်ခိုက်မှု ထိရောက်မှုရှိမရှိအပေါ် “ထိရောက်လား၊ မရောက်လားတော့ မသိဘူး။ (၎င်းတို့ရှိရာ) ကုန်းပေါ်တော့ တစ်ခါမှ မကျဘူး။ (တော်လှန်ရေးတပ်များ ဝိုင်းထားသည့်) ဘေးမှာချည်းပဲ ကျတာခင်ဗျ” ဟု တပ်ကြပ်ကြီးနိုင်အေးက ပြောသည်။

တပ်ကြပ်ကြီးကျော်ထွန်းကမူ လေယာဉ်ပေါ်မှာ ကြဲသည့်ဗုံး ကုန်းပေါ်သို့ ကျသည်ဟု ပြောသည်။

“လေကြောင်းပစ်ကူကတော့ ကုန်းပေါ် အကုန်ပစ်ချတာပဲခင်ဗျ၊ သူ့မှန်ကိုယ့်မှန်ဆိုပြီးတော့ အကုန်ပစ်ချတာပဲ။ .. ဆင်းပြေးလို့ပေါ့။ ဆင်းမပြေးရင် သေတယ်။ ၆ လုံး၊ ၇ လုံးလောက်ရှိတယ် ကျတာ”

ဒုတပ်ကြပ်မျိုးလင်းဇော်ကမူ သေ့ဘောဘိုးစခန်းကုန်းပေါ်သို့ ဗုံးကြဲချချိန်မှာ တိုက်ပွဲနေ့တစ်ဝက်ကျိုးချိန် မွန်းလွဲ ၂ နာရီခန့်တွင် စခန်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းက ဆုတ်ခွာရန် အမိန့်ပေးပြီးမှဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း၊ ဗိုလ်ဟန်လင်းထွန်းနှင့် အခြားအဆင့် ၃ ဦး အပါအဝင် ပေါင်းငါးဦးသေ၍ ၎င်းတို့ဘက်မှ ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရသည်ဟု ကော်ဘရာစစ်ကြောင်းပြန်ကြားရေးတာဝန်ခံက အတည်ပြုထားသည်။

သုံ့ပန်းများကမူ အသက်လုပြေးရသည်ဖြစ်၍ တိုက်ပွဲအတွင်းသေဆုံးမှုကို အသေးစိတ်မသိဟု ပြောသည်။

အတူပြေးရင်း စခန်းကုန်းအနီးတစ်နေရာတွင် ကျန်ခဲ့သည့် ဗိုလ်မှူးအောင်ငြိမ်းချမ်း သေသွားသည်ကိုပင် တော်လှန်ရေးအင်အားစုများပြောမှ သိသည်ဟု တပ်ကြပ်ကြီးနိုင်အေးက ဆိုသည်။

ထို့အတူ တိုက်ပွဲဖြစ်ချိန်တွင် ထိုင်းဘက်သို့ ထွက်ပြေးသွားပြီး နောက်တစ်ရက်၌ မြဝတီမြို့မှတစ်ဆင့် မြန်မာဘက်သို့ ပြန်ရောက်သွားသည့် စစ်ကောင်စီဘက်မှ ၁၄ ဦးနှင့် ပတ်သက်၍ သုံ့ပန်းများထံမှ မေး၍ မရခဲ့ပါ။ ထိုသူများထဲတွင် ပေါ်တာ (ခိုင်းစေရန် အဓမ္မခေါ်ယူလာသည့် အရပ်သား) အချို့ပါဝင်သည်ဆိုသောအချက်ကိုမူ သုံ့ပန်းများအားလုံးက ငြင်းဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်စခန်းကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်စဉ် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

သေ့ဘောဘိုးစခန်းဖြစ်စဉ်နှင့် တပ်တွင်းအခြေအနေ

သေ့ဘောဘိုးစခန်း တိုက်ခိုက်ခံရစဉ် ဖမ်းဆီးခံရသည့် စစ်ကောင်စီသုံ့ပန်းများက စစ်ကောင်စီ၏ လက်ရှိတပ်တွင်းအခြေအနေကို ပြဆိုနေသည်။ အသက်ကြီးရင့်သူများဖြစ်နေသည့်အပြင် အရိုးပေါ်အရေတင် ပုံပန်းသဏ္ဌာန်က အထင်အရှားဖြစ်သည်။​

သေ့ဘောဘိုးဖြစ်စဉ်အရ တပ်အင်အားချည့်နဲ့နေမှုမှာ အမှန်တစ်ကယ်ပင်ဖြစ်ကြောင်း စစ်သက် ၁၀ နှစ်ရှိ CDM ဗိုလ်ကြီးရဲမင်းက ပြောသည်။ ၎င်းမှာ ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ကျနေရင်း ပြီးခဲ့သည့် ဧပြီလအတွင်း စစ်တပ်ကို စွန့်ခွာလာသူဖြစ်သည်။​

၎င်းနောက်ဆုံးတာဝန်ယူခဲ့သည့် ရှေ့တန်းတပ်တွင် ငါးနှစ်အတွင်း ကိုယ့်အစီအစဉ်ဖြင့်ကိုယ် တပ်သားသစ်နှစ်ဦး ဖြည့်နိုင်ခဲ့သည်မှအပ စစ်တပ်၏ပံ့ပိုးမှုမှာ နတ္ထိဟု ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။

“ငါးနှစ်အတွင်းမှာ တပ်တစ်တပ်ကို လူအင်အားဖြည့်မပေးနိုင်ဘူးဆိုကတည်းက တပ်ရဲ့ အင်အားကို စဉ်းစားကြည့်၊ ရှေ့တန်းထွက်နိုင်တဲ့ အင်အား၊ စစ်တိုက်နိုင်တဲ့ အင်အား မကျန်တော့ဘူး”

ထို့အတူ လူငယ်လူရွယ်များ မကြာခဏ ပြေးနေသဖြင့် မြေပြင်တိုက်ပွဲဝင်ရသည့် အောက်ခြေအဆင့်တွင် အသက်အရွယ်ကြီးရင့်နေသည့် ဒုတပ်ကြပ်၊ တပ်ကြပ်၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ်အဆင့်သာ အများစု ကျန်သည်ဟု ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။

“အသက်ကြီးသွားတဲ့ စစ်သည်မှန်သမျှ အရက်စွဲရောဂါနဲ့ တိုင်ပတ်နေတာ၊ ဒုက္ခရောက်နေတာ။ ကျွန်တော်တို့ ရှေ့တန်းမှာ ကြုံရတာက အဲဒါတွေပဲ။ စစ်တိုက်ဖို့က စစ်ဗိုလ်တွေရဲ့ အဓိကအလုပ်မဟုတ်ဘူး။ အရက်သမားတွေ ထိန်းရတာက အလုပ်တစ်ခု”။

စစ်ခေါင်းဆောင်များကလည်း ထိုအခြေအနေများကို လျစ်လျူရှုကာ အတန်းပညာမတတ်သည့် အောက်ခြေစစ်သည်များကို လစာ၊ ရိက္ခာ၊ တပ်ပိုင်မြဝတီဘဏ်တွင် ထားရသည့် စုဆောင်းငွေ၊ နေအိမ်လိုင်းခန်း၊ ပင်စင်နှောင်ကြိုးများဖြင့် ချည်နှောင်၍ ကျားကန်ထားကြသည်ဟု ၎င်းက ပြောသည်။

ထိုသို့ စိတ်ပိုင်း၊ ရုပ်ပိုင်းကျဆင်းနေသည့် အခြေအနေတွင် တပ်ဖွဲ့စည်းပုံပျက်ကာ စွမ်းဆောင်ရည်မရှိဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်ဟု ဗိုလ်ကြီးရဲမင်းဦးက ဆိုသည်။

“လူအင်အား မမှန်တော့ ဖွဲ့စည်းပုံမမှန်၊ ဖွဲ့စည်းပုံမမှန်တော့ တာဝန်တွေက မမှန်၊ တာဝန်တွေက မမှန်တော့ လုပ်ဆောင်ချက်တွေ မမှန်၊ လုပ်ဆောင်ချက်တွေ မမှန်တော့ မြေပြင်မှာ တကယ် နင်လားငါလားချတဲ့အခါကျရင် တိုက်စွမ်းရည်လဲ မရှိတော့ဘူး”

တော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်စခန်း။ ဓာတ်ပုံ – Cobra Column

သေ့ဘောဘိုးဖြစ်စဉ်အရလည်း ဗိုလ်ကြီးရဲမင်းဦး ထောက်ပြသည့်အချက်များက မြင်သာလှသည်။ ၂၅ ဦးရှိ သေ့ဘောဘိုးစခန်းနှင့် အနီးတစ်ဝိုက်တွင် ခုခံရင်း သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသာ ရှိသည်။ 

ထိုင်းနယ်စပ်ကို ဖြတ်ပြေးသူ ၁၄ ဦး၊ စခန်းကို စွန့်ပြေးစဉ် တော်လှန်ရေးအင်အားစုက ဖမ်းမိသူ အထက်ပါ သုံ့ပန်း ၆ ဦးရှိသည်။ ထွက်ပြေးသည့် စစ်သည်ဦးရေမှာ စခန်းရှိ အင်အားစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည်။

ဖမ်းခံထားရသည့် သုံ့ပန်းများကို ပြန်လွတ်လာလျှင် တပ်ထဲ ပြန်ဝင်မဝင် Myanmar Now က မေးမြန်းရာတွင် ဇာတ်လမ်းပြတ်ပြီဟု ခြောက်ဦးစလုံးက ယတိပြတ်ပြောသည်။ ထောင်ကျခံနိုင်မှ ပြန်ဝင်၍ရမည်ဖြစ်ကြောင်းလည်း တပ်ကြပ်ကြီးနိုင်အေးက ထောက်ပြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ထံ ပါးလိုသည့် သတင်းစကားရှိမရှိ မေးရာတွင် လှီးလွှဲစကားသာ ဆိုကြသည်။ 

စစ်ခေါင်းဆောင်များကို မဝေဖန်ရဲသော်လည်း ဘဝတူ အောက်ခြေစစ်သည်များအတွက် တပ်ကြပ်ကြီးနိုင်အေးက အောက်ပါအတိုင်း ဆုတောင်းပေးလိုက်သည်။

“တိုက်ပွဲဖြစ်လို့ ပြေးလို့ရှိရင် ကျွန်တော်တို့လို ကောင်းတဲ့သူတွေနဲ့ တွေ့ပါစေ” ဟူ၍။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာ စစ်ကောင်စီတပ်စခန်း တည်နေရာနှင့် တိုက်ပွဲဖြစ်စဉ် အနှစ်ချုပ်။ ဒီဇိုင်း- ဉာဏ်လှိုင်လင်း/Myanmar Now

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

 

Show More

Related Articles

Back to top button