စစ်ရေးတင်းမာနေသည့် ရခိုင်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်၊ ရိက္ခာနှင့် တပ်အင်အားတိုးချခြင်းများ ပြုလုပ်နေသလို ဘာသာရေး အဆောက်အအုံများတွင် တပ်စခန်းချနေထိုင်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များ၌ စစ်တပ်က သာသနိကအဆောင်အအုံများနှင့် ဘုရားပုထိုးစေတီများသာမက ဗလီများတွင်ပါ ထပ်မံ တပ်စွဲနေထိုင်လာသည်ဟု ဆိုသည်။
ဘူးသီးတောင်မြို့နယ်အတွင်း နွားရုံတောင်၊ စံဂိုးထောင်၊ သျှသျှားတောင်၊ ကြာညိုပင် စသည့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် ၃၁ ဘုံဘုရား၌ စစ်တပ်တပ်စွဲထားသည့်နည်းတူ ဝရကျွန်း၊ ဒိုးတန်းစသော မွတ်ဆလင်ကျေးရွာများရှိ ဗလီကျောင်းတွင်လည်း တပ်စွဲထားသည်ဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။
ယင်းသို့ ဘာသာရေးအဆောက်အအုံများတွင် တပ်စွဲခြင်းမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဂျနီဗာသဘောတူညီချက်ကို ဖောက်ဖျက်ရာရောက်သည်ဟုလည်း ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်းက ထောက်ပြသည်။
“ဂျနီဗာကွန်ဗန်းရှင်းကိုလည်း နားမလည်။ သူတို့လုပ်ချင်သလို လုပ်နေကြတယ်။ ဒီဟာက မလုပ်သင့်မလုပ်ထိုက်တဲ့နေရာ၊ အများနဲ့ပတ်သက်တဲ့နေရာတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။
”အခုက ပြည်သူလူထုတွေ၊ အများနဲ့ပတ်သက်တဲ့နေရာတွေ၊ သာသနိကအဆောက်အအုံတွေ မွတ်စလင်ဘာသာ၊ ရခိုင်ဗုဒ္ဓဘာသာနေရာတွေမှာ ဒီလိုတပ်စွဲတာက တမင်တကာ လူထုကို ခြိမ်းခြောက်တာလို့ပဲ မြင်တယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ မြင်တယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်ရွာသားတစ်ဦးကလည်း ကျေးရွာအတွင်း စစ်တပ်က သွားလာလှုပ်ရှားနေခြင်းနှင့် ဗလီများတွင် တပ်စွဲနေခြင်းကို သဘောမကျကြောင်း ဆိုသည်။
“ကြိမ်းချောင်းကျေးရွာက ဗလီကျောင်းမှာ သူတို့ရှိနေတယ်။ သူတို့ ကြိမ်းချောင်းကို ရောက်နေတာက ၁၅ ရက်လောက် ရှိနေပြီ။ ဝတ်ပြုဖို့သွားရင်တော့ သွားလို့ရတယ်။ အနှောင့်အယှက်မပေးဘူး။ ဗလီအတွင်းထဲမှာ နေတာမဟုတ်ဘူး။ ဗလီရဲ့ ခြံစည်းရိုးအတွင်းမှာ Cover (အကာအကွယ်) ယူပြီးတော့ နေတာပါ” ဟု ထိုအမျိုးသားက ပြောသည်။
ဘူးသီးတောင်မြို့နှင့် ငါးမိုင်ခန့်သာ ကွာဝေးသည့် ကြိမ်ချောင်းကျေးရွာမှာ အိမ်ခြေတစ်ထောင်ခန့်ရှိကာ လက်ရှိတွင် စစ်တပ်ကသွားလာလှုပ်ရှားနေသောကြောင့် စိုးရိမ်နေရသည်ဟုလည်း ဆိုသည်။
“သူတို့က ဗလီအဝိုင်းထဲမှာ နေတာကိုလည်း ကျွန်တော်တို့က ကြောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုက တော်လှန်ရေးလုပ်နေတာက သုံးဖွဲ့ရှိပါတယ်။ သုံးဖွဲ့မှာ တစ်ဖွဲ့မဟုတ်တစ်ဖွဲ့နဲ့ တိုက်နေရင် ရွာသားတွေနစ်နာမယ်၊ ဗလီဆုံးရှုံးသွားမယ်။ ပြီးတော့ နေအိမ်တွေဆုံးရှုံးသွားမယ် အဲဒါတွေကြောင့် ကျွန်တော်တို့ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်မြောက်ပိုင်းမှ ထိုမွတ်စလင်အမျိုးသား ရည်ညွှန်းသည့် တော်လှန်ရေးအဖွဲ့သုံးဖွဲ့ဆိုသည်မှာ ရက္ခိုင့်တပ်တော် (AA)၊ စစ်ကောင်စီတပ်နှင့် ARSA ဖြစ်သည်။
မြောက်ဦးမြို့နယ်ရှိ ရွှေတောင်ဘုရားနှင့် ပေါက်တောပြင်ကျေးရွာ အရှေ့ဘက်တောင်ကုန်းပေါ်ရှိ သင်းကျိတ်တောင်ဘုရားတွင် စစ်တပ်က တပ်စွဲနေထိုင်လျက်ရှိရာ အခါကြီးရက်ကြီးများတွင် ဘုရားသွားရောက်လိုသော်လည်း လုံခြုံရေးအရ သွားမရဖြစ်နေကြောင်း မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်က မိန့်သည်။
“ဂုဏ်သိက္ခာရှိတဲ့စစ်တပ်၊ ဂုဏ်သိက္ခာရှိတဲ့ တိုက်ခိုက်နည်းနဲ့ပဲ တိုက်စေချင်တယ်။ ဘာသာရေးအဆောက်အအုံတွေကို အကာအကွယ်ယူတာမျိုး၊ ရွာတွေကို အကာကွယ်ယူတာမျိုး မလုပ်စေချင်ပါ” ဟု ဆရာတော်က မိန့်သည်။
စစ်တွေ – မြောက်ဦးသွား လမ်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားရင်ပြင်ပေါ်တွင် စခန်းချနေထိုင်သည့် စစ်တပ်က ညအချိန်တွင် သေနတ်ပစ်ဖောက်ခြင်း ပြုလုပ်နေသဖြင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု သိရသည်။
“ဘုရားပရိဝုဏ်အတွင်းထဲမှာလည်း နေတယ်။ သေနတ်လည်း ပစ်တယ်။ ဒီလိုလုပ်တာက လုံးဝမသင့်တော်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လုံးဝရှုတ်ချတယ်။ ကန့်ကွက်ပါတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားတောင်တွင် စစ်တပ်က သင်္ကြန်မတိုင်မီကတည်းက တပ်စွဲထားကြောင်း၊ ခွင့်ပြုချက်ရမှ တောင်ပေါ်တက်ပြီး ဘုရားရေသပ္ပာယ်ခွင့်ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်ဘာသာအဆောက်အအုံဖြစ်ဖြစ် တပ်စွဲနေတာတွေ၊ ယာယီနေတာတွေကို လုံးဝသဘောမကျချင်ပါ” ဟု မင်းပြားမြို့ခံက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးအခြေအနေ တင်းမာနေပြီး နှစ်ဖက်အပြန်အလှန် သတိပေးမှုများနှင့်အတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်တပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)