
စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံနေသည့် နိုင်ငံအနှံ့အပြားမှ ဒေသခံကာကွယ်ရေးအဖွဲ့များကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အခြေခံပညာအလယ်တန်းအောင် အမျိုးသမီးများကို စစ်သည်အဖြစ် ခေါ်ယူနေသည်။
၈ တန်းအောင် အမျိုးသမီးများကို အခြားအဆင့်စစ်မှုထမ်းအဖြစ် ခေါ်ယူနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ ကြေးမုံသတင်းစာတွင် မေ ၂၃ က ကြည်း/ရေ/လေ လက်ရုံးတပ်နှင့် ဝန်ထမ်းတပ်များတွင် တာဝန်ထမ်းဆောင်ရန် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အမျိုးသမီးများကို ဖိတ်ခေါ်သည့် ကြော်ငြာထည့်သွင်းထားခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်တပ်အရာရှိများက ဆိုသည်။
ခေါ်ယူသည့် အပတ်စဉ်တစ်ခုလျင် အင်အား ၂၀၀ ခန့်ရှိတတ်ကြောင်း၊ အပတ်စဉ် ၇ အထိ ခေါ်ယူပြီးဖြစ်ကြောင်း CDM စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောသည်။
၈ တန်းအောင် အမျိုးသမီးများကို စစ်တပ်က ခေါ်ယူနေသည်မှာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးညီသုတက ပြောသည်။
“ပုံမှန်ဆိုရင်တော့ လက်ရုံးတပ်တွေမှာ သုံးတာများတာပေါ့လေ၊ အုပ်ချုပ်မှုလုပ်ငန်းတွေမှာ သုံးတယ်။ အခုအခြေအနေက ရှေ့တန်းစစ်သည်အင်အား ဆုံးရှုံးမှုက များနေတော့ ဘယ်လိုသုံးမလဲကတော့ မသေချာဘူးပေါ့လေ၊ အရန်အင်အားအနေနဲ့ သုံးတာတော့ များပါတယ်”ဟု ဗိုလ်ကြီးညီသုတက မှတ်ချက်ပြုသည်။
“ကြည့်ရတာတော့ ခြေလျင်/ခြေမြန်မှာပါ သုံးချင်တဲ့သဘောရှိပါတယ်”
စစ်သည်အရေအတွက် နည်းပါးလာသည့် စစ်တပ်က အုပ်ချုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေး/ထောက်လုပ်ငန်းများ၊ ခြေလျင်ခြေမြန်တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်း အထိုင်တပ်များတွင် အုပ်ချုပ်မှုလုပ်ငန်းများ၊ ဆေးတပ်ဖွဲ့အကူများအဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်သားများကို ပြောင်းရွှေ့ပြီး လစ်လပ်သွားမည့် ထိုနေရာတွင်လည်း အမျိုးသမီးစစ်သည်များနှင့် အစားထိုးနိုင်ခြေရှိသည်ဟု သူက သုံးသပ်သည်။
တပ်ထဲတွင် စစ်သားတို့၏ဇနီးများကို အရန်အင်အားအဖြစ် အသုံးပြုနိုင်ရန်အတွက် တပ်ဝင်းအတွင်း နေထိုင်သူများကို စစ်ပညာသင်တန်းများတက်ရောက်စေကာ ယခင်ကတည်းက အသုံးပြုနေသည်။ ၎င်းတို့ကို ရဲမေဟုလည်း ခေါ်ကြသည်။
စစ်သားများ၏ ဇနီးများသည် စစ်တန်းလျားတွင် လိုက်ပါနေထိုင်ပါက အခြေခံစစ်ပညာမှအစပြုပြီး လက်နက်ငယ်၊ လက်နက်ကြီး အသုံးပြုခြင်းသင်တန်းများ သင်ကြားကြရသည်ဟု CDM ဗိုလ်ကြီး ရဲမင်းဦးက ပြောသည်။
“သင်တန်းတွေကများတယ်၊ လေးလပတ်တစ်ခါကို သင်တန်း ၂ ခု၊ ၃ ခုလောက် ဖွင့်တယ်။ လက်နက်ကြီးငယ်၊ အကုန်ပဲ” ဟု ဗိုလ်ကြီးရဲမင်းဦးက ပြောသည်။
“အရင်တုန်းကတော့ စာရွက်ပေါ်မှာပဲ သင်တန်းတွေပေးတာပဲ၊ ပြီးရင် စစ်တပ်ရဲ့ အရန်အင်အားစာရင်းထဲမှာ ထည့်ထားတယ်၊ လိုအပ်ရင် တပ်ဖွဲ့လုံခြုံရေးယူတာမျိုး လုပ်ပေးရတယ်၊ ခြေလျင်ခြေမြန်မှာ ပိုဆိုးတယ်၊ လူမရှိတော့ သူတို့ ကင်းဝင်ရတာပဲ”
ဇနီးသည်တို့မှာ စစ်ပညာသင်ကြား၊ စစ်ရေးတာဝန်များ ထမ်းဆောင်ကြရသော်လည်း စစ်သည်စာရင်းမဝင်သည့်အတွက် လစာခံစားခွင့်မရှိကြကြောင်း သိရသည်။
ယမန်နှစ် အောက်တိုဘာ ၂၂ ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅ ဦးအနက် လက်နက်ကိုင် ရဲမေ ၃ ဦး ပါဝင်နေသည်။
၂၀၁၈ မတ် ၁၈ တွင် စစ်တပ်ခေါင်းဆောင်က KIA ကို တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများကို တွေ့ဆုံခဲ့ပြီး တရားသောစစ် ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ မှီခိုသူတို့ကို စစ်ပညာသင်ကြားပေးထားသဖြင့် အရေးကြုံပါက ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့နောက် ၎င်း၏ ဇနီးက စစ်သည်များ၊ ရဲမေများကို ဂုဏ်ပြုငွေနှင့် ပစ္စည်းများ ပေးခဲ့သည်။
စစ်ကိုင်းတိုင်းသို့ စစ်ကြောင်းထိုးသော စစ်တပ်တွင်လည်း အမျိုးသမီးစစ်သည်အချို့ လိုက်ပါလာသည်ကို တွေ့ ရကြောင်း ဒေသခံများက မေလအစောပိုင်းက Myanmar Now ကို ပြောထားသည်။

နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သေဆုံးထိခိုက်မှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူ အရာရှိ၊ အခြားအဆင့်၊ အောက်ခြေတပ်သားများ များပြားလာခြင်း၊ စသည့် အကြောင်းပြချက်များကြောင့် စစ်သည်အင်အား လျော့နည်းလာနေသည့် စစ်ကောင်စီတပ်က စစ်သားစုဆောင်းရေးကို နည်းမျိုးစုံသုံးနေသည်။
တပ်သားစုဆောင်းရေးကို နည်းမျိုးစုံလုပ်နေသော်လည်း ယခင်က နှစ်စဉ် လူ ၃၀၀၀၊ ၄၀၀၀ ခန့် တက်ရောက်လေ့ရှိသည့် တက္ကသိုလ်အဆင့် အရာရှိသင်တန်းကျောင်းဖြစ်သည့် စစ်တက္ကသိုလ်မှာပင် လူ ၁၀၀ ခန့်သာ လျှောက်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
အလယ်တန်းအောင်မြင်ပြီးသည့် အမျိုးသမီးများကို စစ်မှုထမ်းရန် ဖိတ်ခေါ်ချက်သည် ပြည်သူအများအပြား စစ်တပ်ကို အထင်သေး ရွံရှာလာချိန်နှင့်လည်း တိုက်ဆိုင်နေပြီး လျှောက်လွှာတင်သူ မည်မျှရှိကြောင်း မသိရသေးပေ။
နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးများ စတင်ခဲ့ချိန် ၂၀၂၁၊ ဇွန်လမှ ၂၀၂၂ ခုနှစ် မေလလယ်ခန့်အထိ သေဆုံးစစ်သည် ၁၅၀၀၀ နီးပါး ရှိနေပြီး ဒဏ်ရာရရှိသူ ၅၀၀၀ နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်တပ်က အရပ်သားတချို့ကို လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့ပေးပြီး အသုံးပြုသည့်နည်းနှင့် အင်အားအခက်အခဲကို ဖြေရှင်းနေသည်ဟု စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် PDF ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။
“စကစအနေနဲ့က သူတို့အင်အားတွေကို ရတဲ့နည်းမှန်သမျှနဲ့ စည်းရုံးနေတာမျိုး တွေ့နေရတာပါပဲ၊ ပျူတွေဖွဲ့ပေးတာ၊ အဘိုးကြီးတွေ ပြန်ခေါ်ပြီး ကင်းစောင့်ခိုင်းတာမျိုးတွေ လုပ်နေတာလေ၊ သူတို့ သေသွားတဲ့ကောင်တွေနေရာမှာ ပြန်ထည့်နိုင်ဖို့ လုပ်တာပါ” ဟု သူက ပြောသည်။

စစ်ကောင်စီသည် ပြုန်းတီးအင်အားများတွင် အစားထိုးနိုင်ရေးအတွက် ထိုသို့ ဖြေရှင်းနေသော်လည်း မြေပြင်တွင် ရဲ၊ ပျူစောထီးနှင့် စစ်သားတို့ကြား ပြဿနာတက်မှုများ များစွာရှိနေသည်ဟု ဆိုသည်။
“သူတို့က အင်အားရမလားလို့လည်း အသုံးချချင်တယ်၊ မထိန်းနိုင်မှာလည်းစိုးတော့ ကောင်းကောင်းကန်းကန်း လက်နက်လည်း မပေးရဲဘူး၊ ကာဘိုင်အစုတ်တွေ ပေးထားတယ်၊ သေစရာရှိ ရှေ့က ပို့လိုက်တယ်” ဟု PDF ပြောဆိုခွင့်ရှိသူက ပြောသည်။
“အခုဖြစ်နေတာက နယ်မြေထဲက သတင်းလေးရဖို့လောက်ပဲ အသုံးချနိုင်တော့တယ်၊ ပြီးတော့ ပျူတွေကို ဖွဲ့ပေးလိုက်တာက အကြမ်းဖက်၊ မုဒိမ်းကျင့်၊ လုယက်တာတွေ လုပ်နိုင်အောင် လုပ်ပေးလိုက်သလောက်ပဲ ဖြစ်သွားတယ်”
လက်ရှိတွင် ပျူစောထီးစုဆောင်းနိုင်ရေးမှာလည်း ခက်ခဲနေကြရာ သာမန်အရပ်သား၊ ရွာသားများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး မပေးနိုင်သည့် ငွေတောင်းကာ ပျူစောထီးအဖွဲ့ထဲသို့ အတင်းဝင်ခိုင်းနေသည်ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသည် ငါးသိန်းအထိရှိကြောင်း စစ်တပ်တာဝန်ရှိသူများက ပြောဆိုသော်လည်း အမှန်တတကယ်တွင် သုံးသိန်းခွဲခန့်သာရှိနိုင်ကြောင်း စစ်ရေးပညာရှင်များက သုံးသပ်ကြသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီသည် အရွယ်ရောက်ပြီး ပြည်သူလူထုကို စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းပြီး တာဝန်ထမ်းဆောင်ခိုင်းမည့် သဘောသက်ရောက်သည့်စကားများကို စစ်ကောင်စီ၏ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်လင်းပွဲများတွင် ပြောကြားခဲ့ဖူးသည်။
ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့တွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနရှိ ရဲတပ်ဖွဲ့ကို မူလတာဝန်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးတာဝန်များအပြင် စစ်တိုက်ခိုင်းနိုင်ရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည် ဆိုသည့်အချက်ကို ထည့်သွင်းပြင်ဆင်ခဲ့သေးသည်။
အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရတော့မည့် စစ်သားများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်မှုထမ်းသက်ကို အသက် ၆၀ မှ ၆၂ နှစ်အထိ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်ထားသည်ဟု ဗိုလ်ကြီးညီသုတက ထောက်ပြသည်။
“ဒီလိုလုပ်တာတွေက သူတို့အင်အား လျော့နည်းလာတာနဲ့ ဆိုင်ပါတယ်ခင်ဗျ။ အထူးသဖြင့် စစ်မှုထမ်း သက်တမ်းတိုးတာဆိုရင် သိသာတာပေါ့ဗျာ၊ ၆၀ ကနေ ၆၂ တိုးလိုက်တာက လုံးဝမဖြစ်သင့်တာမျိုးပေါ့၊ ရုတ်တရက်ကြီး တိုးချလိုက်တာက ဒီနှစ်နှစ်အတွင်းမှာ သူတို့ လုံးဝအင်အားလျော့လို့ မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးဗျ” ဟု ဗိုလ်ကြီးညီသုတက မှတ်ချက်ပြုသည်။
“ပျူစောထီးတွေဖွဲ့လိုက်တာကကျတော့ နိုင်ငံရေးအရလည်း ပါတယ်ဗျ။ နဂိုကတည်းက ဒီမိုကရေစီဘက်တော်သားတွေနဲ့ တခြားကွန်ဆာဗေးတစ်ဖြစ်တဲ့အဖွဲ့တွေနဲ့က သဘောထားမတိုက်ဆိုင်တာတွေ ရှိတယ်၊ အဲဒီအဖွဲ့တွေက ပျူစောထီးဖြစ်လာတာပေါ့၊ ပြည်သူ့စစ်တွေကတော့ နဂိုကတည်းက ရှိထားပြီးသား၊ အဲဒီအဖွဲ့တွေ အားကောင်းလာအောင်၊ သူတို့အဖွဲ့ (စစ်သားတွေ) လျော့မသွားအောင် သူတို့အတွက် အသေခံခိုင်းနေတာပေါ့ဗျ” ဟု သူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)