သတင်း

TNLAက ၂လ နီးပါး ဖမ်းထားသည့် နန်းမိုဟွမ် အိမ်ပြန်ရောက်ပြီ

တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့ TNLA က နှစ် လနီးပါးကြာ ဖမ်းဆီးထားသည့် နန်းမိုဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သူ၏နေအိမ်သို့ ယနေ့တွင် ပြန်ရောက်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ကလေး သုံးယောက်မိခင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေး ကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့ကြောင်း စွပ်စွဲပြီး ဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

TNLA က သူ့အား နေရာမသိရသည့် စခန်းတစ်ခုတွင် နှစ်လ နီးပါးကြာ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃အရ ဟုဆိုကာ ထောင်သုံးနှစ် ချခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေး ရန်ဆုံးဖြစ်ခဲ့သည်။

နန်းမိုဟွမ်လွတ်မြောက်မှုကို သူ၏အမက အတည်ပြုပြီး ပြန်လည်လွတ်မြောက်ရေး ကူညီသူအားလုံးကို ကျေးဇူးတင်စကား ပြောခဲ့သည်။

“လွတ်မြောက်ပေးဖို့ ကြိုးစားပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ကျွန်မ ပျော်တာထက် ခု သူ့သားသမီးတွေ ပိုပျော်နေတယ်” ဟု နန်းမိုခမ်း ကပြောသည်။

Show More

Related Articles

Back to top button