မြန်မာနိုင်ငံအောက်ပိုင်းရှိ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် မေ ၁၈ မှ ၂၁ အထိ လေးရက်ကြာ စစ်ကောင်စီတပ်၏ ထိုးစစ်အတွင်း ဒေသခံ PDF အဖွဲ့ဝင်နှစ်ဦးနှင့် ရွာသားနှစ်ဦး ခေါင်းဖြတ်အသတ်ခံရကာ နောက်ထပ်သေဆုံးသူနှစ်ဦးလည်း ရှိသည်ဟု သိရသည်။
တနင်္သာရီမြို့နယ် တကူတိုက်နယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မေ ၁၈ တွင် ဒေသခံ PDF အဖွဲ့များက သိန္ဓောကျေးရွာအုပ်စု၊ ဘန်းပြည့်ကျေးရွာအနီး စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် အနီးအနားရှိ ရွှေဒူးကျေးရွာနှင့် နတ်ဖွတ်တောင်၌ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း ‘ဘက်မလိုက်’ အမည်ရ ဒေသခံပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောသည်။
“စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစုအဖွဲ့ (SWDF) က PDF နှစ်ဦးနဲ့ ရွာသားနှစ်ဦးကို (စစ်တပ်က) အရှင်မိပြီး ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ တခြားရွာသားနှစ်ဦးကိုလည်း ပစ်သတ်ထားခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ထိုစစ်ကြောင်းကပင် မေ ၁၉ ညနေ ၆ နာရီခန့်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင်လည်း တကူကျေးရွာနှင့် သာရဘွန်ကျေးရွာများကို လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သည်ဟု သိရသည်။
ထို့နောက် အင်အားအလုံးအရင်းဖြင့် တကူရွာကို ဝင်ရောက်စီးနင်းခဲ့ရာ PDF အဖွဲ့ဝင်များ၏ ယာယီစခန်းတစ်ခု ဆုတ်ခွာပေးခဲ့ရကြောင်း အထက်ပါ ပြောက်ကျားအဖွဲ့တာဝန်ခံက ဆက်ပြောသည်။
“စစ်တပ်က တကူရွာကို လက်နက်ကြီး အဆက်မပြတ်ထုနေတာကြောင့် ရွာသားတွေ ပြောင်းပြေးကြရတယ်။ စစ်ကောင်စီဘက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ထုရိုက်တာတွေလုပ်နေပြီး တွေ့သမျှ လူတွေကို ပစ်သတ်မယ်လို့ခြိမ်းခြောက်တာတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
အရှင်ဖမ်းမိပြီး စစ်တပ်၏ ခေါင်းဖြတ်သတ်ခံရသူများအနက် SWDF အဖွဲ့မှ ရဲဘော်ဆေးတံ၊ အမည်မသိ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် ဘန်းပြည့်ကျေးရွာမှ ရွာသားနှစ်ဦးတို့ဖြစ်သည်ဟု သိရသည်။
တကူကျေးရွာမှ အသက် ၁၀ နှစ်ဝန်းကျင် စိတ်ကျန်းမာရေးမကောင်းသူ ကလေးတစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
တကူတိုက်နယ်ရှိ ကျေးရွာများကို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ အားကောင်းသည်ဟု ယူဆချက်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ထောက်ပံ့မှုရရန် PDF အဖွဲ့များက မျှော်လင့်နေကြသည်။
စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တကူရွာနှင့် သာရဘွန်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သာရဘွန်ကျေးရွာတွင် နေထိုင်သူ CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။
၎င်း၏ နေအိမ်ပါ မီးရှို့ဖျက်ဆီးခံခဲ့ရသော ထိုဆရာမက “တိုက်ပွဲမဖြစ်ခင်အထိက ကျွန်မ ရွာမှာရှိနေတုန်းပဲ။ လက်နက်ကြီးအချက်ရေက တော်တော်ကို များတာ။ အချက်ပေါင်း ၃၀ ကျော်လောက် ရှိမလားပဲ။ တကူရွာမရောက်ခင်မှာ လမ်းကြောတောင်ပေါ်ကနေပြီးတော့ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ” ဟု တွေ့ကြုံခဲ့ရသည်များကို ပြန်ပြောသည်။
မေ ၂၀ မှာပင် ထိုစစ်ကြောင်းသည် သာရဘွန်ကျေးရွာသို့ ရောက်ရှိလာပြီးနောက် ၎င်း၏ နေအိမ်နှင့် ဝမ်းကွဲအစ်ကို၏ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းမှ တန်ဖိုးရှိပစ္စည်းများကို သယ်ယူသွားကြောင်း၊ ၎င်းအပါအဝင် စစ်ဘေးရှောင်များ နီးစပ်ရာကျေးရွာများ၌ ခိုလှုံနေကြရကြောင်း CDM ဆရာမက ဆက်ပြောသည်။
တကူတိုက်နယ်အတွင်းရှိ တကူကျေးရွာအုပ်စု၊ သိန္ဓောကျေးရွာအုပ်စု၊ သာရဘွန်ကျေးရွာအုပ်စုများမှ ကျေးရွာ ၂၀ ကျော်မှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
“စစ်ဘေးရှောင်တွေက နီးစပ်ရာရွာတွေမှာပေါ့။ သူတိုလက်နက်ကြီး မရောက်နိုင်တဲ့ ရွာတွေမှာ၊ တိုက်ပွဲမဖြစ်နိုင်တဲ့ ရွာတွေမှာ ခိုကပ်ပြီးတော့ နေရတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ လေးရက်ကြာတိုက်ပွဲကာလအတွင်း မိုးပြင်းပြင်းထန်ထန်ရွာသွန်းနေမှုကြောင့် တကူတိုက်နယ်အတွင်းရှိ သံတိုက်၊ ရွာမ၊ အင်းရှည်ကုန်း၊ ပြည်အေး ၊တကူငယ်၊ အလယ်ပိုင်း၊ လမိုင်းကော့၊ သာရဘွန်၊ အရှေ့ကမ်း၊ ကျောက်တောင်၊ စံပယ်ကုန်း၊ သာယာကုန်း မယ်ငေါ့၊ တလိုင်းတပ် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်သူများ အခက်အခဲကြုံနေရသည်ဟု ၎င်းက ဆက်ပြောသည်။
“ခုချိန်မှာက စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးက ခက်ခဲနေပါပြီ။ နောက်တစ်ခုက ဖြစ်နိုင်ရင်တော့ PDF တွေက လက်နက်တွေက မကောင်းကြဘူး။ လက်နက်တွေ ဖြည့်ပေးနိုင်ရင်တော့ ဒီဘက်မှာ တောင့်ထားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
လက်တလောစစ်ရေးအခြေအနေများကြောင့် ကော့သောင်းခရိုင်အတွင်း လမ်းအသုံးပြုသူများအနေဖြင့် စစ်ကောင်စီယာဉ်များနှင့် နီးနီးကပ်ကပ်သွားလာမှု မပြုရန် ကော့သောင်းခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေ ၁၈ သိန္ဓောကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) အဖွဲ့မှ ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)