သတင်း

ရခိုင်ဒေသ အမ်းအခြေစိုက် စစ်စခန်းများက လက်နက်ကြီးများ ညဘက်ပစ်ခတ်

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာနေချိန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီး၊ လက်နက်ငယ်များ ညအချိန်မတော် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

အမ်းမြို့နှင့် အနီးဆုံးရှိ မြို့ဟောင်းလေယာဉ်ကွင်း၊ အောက်ရွာ၊ ရွာသာယာနှင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၇၇ တည်ရှိရာနေရာများမှ ယမန်နေ့ (မေ ၂၂) ည ၁၀ နာရီခန့်၌ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“အားလုံး ၄ နေရာက ကြားလိုက်ရတယ်။ လက်နက်ကြီးပစ်တာလည်းပါတယ်။ အတွဲလိုက်ပစ်တာလည်း ပါတယ်။ စက်သေနတ်နဲ့ပစ်တာလည်းပါတယ်” ဟု ပစ်ခတ်သံ ကိုယ်တိုင်ကြားခဲ့ရသည့် ဒေသခံတစ်ဦးက Myanmar Now ကို ယနေ့ (မေလ ၂၃)  နံနက်က ပြောသည်။

“တစ်ခါပစ်ရင် ၁၀ မိနစ်လောက် ကြားတယ်။ မရပ်မနား ဒိုင်းဒိုင်းဒိုင်းနဲ့ တစ်ခါတည်း အတွဲလိုက်ပစ်တာ။ တစ်ခါပစ်ရင် အနည်းဆုံး အချက် ၅၀ လောက်ရှိမယ်။ သူတို့က နာရီဝက်လောက် ပစ်ခဲ့တယ်”

အမ်းမြို့တွင် ယမန်နေ့ညက  ပစ်ခတ်သံများထွက်ပေါ်နေချိန်တွင် ဒရုန်းများ ပျံဝဲနေသည်ကို မြင်တွေ့လိုက်ရကြောင်း၊ အဆိုပါ ပစ်ခတ်မှုမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း ဟုတ်မဟုတ် မသိကြောင်း ထိုဒေသခံက ဆက်ပြောသည်။

“အတွဲလိုက်၊ အတွဲလိုက်ပစ်တော့ အားလုံးက ကြောက်ကြတာကိုး။ မြို့ပြင်မှာရှိတဲ့လူတွေက (ကြောက်လန့်ပြီး) မြို့ထဲကို ဝင်လာတာတွေ၊ မြို့ခံတွေပါ ပစ်တဲ့နေရာနဲ့ အနီးမှာရှိတဲ့လူတွေက ညက အရမ်းကြောက်သွားကြတယ်။ မအိပ်နိုင်ကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ဆိုသည်။

“ရွာပြင်မှာရှိတဲ့လူတွေ ရွာထဲကို ဝင်၊ မြို့ပြင်မှာရှိတဲ့လူတွေ မြို့ထဲကို ဝင်တာတွေ အဲဒီလိုပုံစံ တောက်လျှောက်ဖြစ်သွားတယ်” 

ရခိုင်ဒေသတွင် စစ်ပွဲများ ပြင်းထန်နေစဉ်ကလည်း အမ်းအခြေစိုက်စစ်စခန်းထဲမှ ညအချိန် အင်အားပြ ပစ်ခတ်လေ့ရှိကြောင်း၊ ယခုပစ်ခတ်မှုမှာ စစ်တပ်ဘက်က အဆင်သင့်အနေအထားသဘောမျိုးပြသည်ဟု ယူဆရကြောင်း အထက်ပါ ဒေသခံက သုံးသပ်သည်။

“၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲဖြစ်ခဲ့တုန်းက အမ်းမှာ ၈ နာရီ ၉ နာရီ အဲဒီဝန်းကျင် ညဘက် တပ်ထဲက သေနတ်တွေ ပစ်တယ်၊ တပ်လှန့်တယ်လို့ ဆိုရမှာပေါ့။ အခုဟာက ၁၀ နာရီလောက်ဆိုတော့ ပိုပြီးတော့ ညနက်သွားပြီ” ဟု ထိုသူက ပြောသည်။

“မနေ့က ပစ်တဲ့ပုံစံက အရင်တုန်းက ပစ်ခဲ့တာထက် ထူးခြားမှုရှိတယ်။ ပြီးတော့ တစ်နေရာတည်းမဟုတ်ဘဲ နေရာ သုံးလေးနေရာလောက်က အသံထွက်ပြီးတော့ ဒရုန်းတွေကလည်း မိုးပေါ်မှာ ပျံဝဲတယ်ဆိုတော့ အရင်နဲ့မတူတဲ့ လှုပ်ရှားမှု ဖြစ်တာပေါ့” 

အလားတူ ပြီးခဲ့သည့် (မေ ၁၈) ရက်နေ့ ည ၈ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုက လက်နက်ငယ်ပစ်ခတ်ခဲ့သလို (မေ ၁၉) ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစခန်းမှ လက်နက်ငယ်ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း ထိုနေရာအနီးမှ ဒေသခံများက ဆိုကြသည်။

ညောင်ချောင်းစခန်းမှ ပစ်ခတ်ခဲ့မှုမှာ သေနတ်စမ်းသပ်ခြင်းဖြစ်ပြီး မစိုးရိမ်ကြရန် နီးစပ်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဖုန်းဖြင့် အကြောင်းကြားထားသည်ဟု နောက်ပိုင်းမှ သိခဲ့ရပြီး ဒေသခံများက ထိုအကြောင်းအရာကို ကြိုတင်မသိခဲ့ရကြောင်း ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

စစ်တွေ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) တွင် စစ်ကောင်စီတပ်သားများအား ၂၀၂၀ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

“အဲဒီနေ့က လက်နက်ငယ်နဲ့ ပစ်တာက အချက် ၃၀ နီးပါးလောက် ပစ်တယ်။ သူတို့ပြောတာကို ကြားရတာက သေနတ်စမ်းတယ်လို့ ပြောတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“အနီးပတ်ဝန်းကျင်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖုန်းနဲ့ အကြောင်းကြားထားတယ်လို့ ပြောတယ်။ သေနတ်စမ်းဖို့ရှိတယ်။ မစိုးရိမ်ကြနဲ့ အဲဒီလို”

လက်ရှိတွင် စစ်ကောင်စီတပ်က ရခိုင်မြောက်ပိုင်း၌ ရိက္ခာသယ်ယူခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

၂ နှစ်ကြာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက် အာဏာသိမ်းရန် လပိုင်းအလိုတွင် စစ်တပ်နှင့် AA နားလည်မှုယူပြီး အပစ်ရပ်ခဲ့ကြသည်။ 

ယမန်နှစ်ကတည်းက စစ်တပ်က ဒေသတွင်း စစ်ကြောင်းများ လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

AA ဘက်ကလည်း အာဏာသိမ်းစစ်တပ်ကို ခုခံနေသူများထဲမှ အဖွဲ့တချို့ကို လက်နက်နှင့် စစ်သင်တန်းအကူအညီ ပေးထားသည်။

ထို့နောက် ယမန်နှစ် ဒီဇင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီအတွင်း ထိတွေ့တိုက်ပွဲဖြစ်မှုများရှိခဲ့ပြီး နှစ်ဖက်ကြား အခြေအနေတင်းမာလာချိန် မေ ၆ တွင် AA ဘက်က ပေါ်ပေါ်ထင်ထင် ရခိုင်ဒေသတိုင်းမှူးကို သတိပေးခဲ့သည်။ 

ထို့နောက် မေ ၁၅ တွင် ရခိုင်ပြည်သူများကို စစ်ကောင်စီတပ်များနှင့် အနီးနားတွင် မနေကြရန် AA က သတိပေးခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလည်း မေ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရခိုင်ပြည်သူများအား ဒုက္ခမရောက်စေချင်သောကြောင့် ထိန်းထိန်းသိမ်းသိမ်းနေခြင်းသာဖြစ်ကြောင်း ပြန်ခြိမ်းခြောက်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button