
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ (မေ ၁၉) ညနေက စစ်တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် လူအုပ်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
မူးမြစ်အနောက်ဘက်ကမ်း ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာအနီး ဖြစ်ပွားသော တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသော ဒေသခံများရှိရာ မူးမြစ်အရှေ့ဘက်ကမ်း တာတိုင်ရွာဘက်သို့ စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများ မိုင်းထိသည့်နေရာနှင့် ဒေသခံများ စောင့်ကြည့်နေသည့်နေရာသည် တစ်မိုင်နီးပါးသာ ကွာဝေးကြောင်း၊ လက်နက်ကြီး ပထမတစ်ချက်ပစ်ချိန်တွင် ရွာထဲ ပြန်ဝင်ပြေးကြကြောင်း သိရသည်။
ထပ်မံကျရောက်လာသော လက်နက်ကြီးကျည်သည် ပြေးနေသော လူအုပ်ကြားထဲ ပေါက်ကွဲသဖြင့် ဒေသခံလေးဦး ပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ဦးမှာ ဆေးရုံအသွား လမ်းတွင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဂျိမ်းက မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။
“လူတစ်ရာလောက် ရွာထဲ ဝင်ပြေးတာ၊ နောက်တစ်ချက်က လူအုပ်ထဲ ကျတာ၊ အဲဒီအချိန်မှာ ဒဏ်ရာတွေ အများကြီးရကုန်တာ” ဟု သူက ဆိုသည်။
သေဆုံးသူတို့မှာ အသက် ၅၀ အရွယ် ဦးဝင်းကို၊ ၅၆ နှစ်အရွယ် ဦးနိုင်လင်းမောင်၊ ၄၂ နှစ်အရွယ် ဦးကျော်နိုင်၊ ၂၇ နှစ်အရွယ် ကိုပြေနှင့် အသက် ၅၀ အရွယ် ဦးတင်လင်းတို့ ဖြစ်သည်ဟု သိရသည်။
သေဆုံးသူများသည် စစ်ကောင်စီရန်ကြောက်သဖြင့် တိမ်းရှောင်လာသည့် မူးအနောက်ဘက်ကမ်းမှ ရေဦးမြို့နယ်၊ ပေါက်သာရွာသားများဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က စစ်ဘေးရှာင်ရင်းနဲ့ သူတို့ရွာဘက် လှမ်းကြည့်တော့ (စစ်တပ်) လမ်းကြောင်းမြင်တာပေါ့ဗျာ။ ကိုယ့်ရွာကို မီးရှို့တဲ့အခါကျတော့ သွားကြည့်တာပေါ့ဗျာ။ တချို့ကလည်း မီးငြှိမ်းချင်တာလေ” ဟု တာတိုင်ရွာသားတစ်ဦးက ပြောသည်။
ရေဦးမြို့နယ်အတွင်းရှိ ပေါက်သာရွာသည် တိုက်ပွဲဖြစ်ရာ ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။
ရုပ်အလောင်းများကို ယမန်နေ့က သင်္ဂြိုဟ်ရန် ကြိုးစားခဲ့သော်လည်း ထပ်မံ ပစ်ခတ်ခံခဲ့ရသဖြင့် သင်္ဂြိုဟ်မည့်အစီအစဉ် ပျက်သွားခဲ့သည်ဟု သိရသည်။
“ဘုန်းကြီးတွေ ကမ္မဝါရွတ်နေတဲ့အချိန် လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အကုန်ထွက်ပြေးကြရတာ။ မသင်္ဂြိုဟ်ခဲ့ရဘူး။ ဒီနေ့မနက်မှ သင်္ဂြိုဟ်လိုက်ရတာ” ဟု အထက်ပါ တာတိုင်ရွာသားက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့မှစ၍ ရေဦးမြို့မှ ထွက်ခွာလာသည့် စစ်သား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် မူးမြစ်အနောက်ဘက်ခြမ်း ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာ ၅ ရွာမှ နေအိမ် ၃၆ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။
အရပ်သားပစ်မှတ်များကို ပစ်ခတ်သည်၊ နေအိမ်များကို ဆက်တိုက်မီးရှို့သည်ဟူသော ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ကို မေးမြန်းရန် ယနေ့ ညနေပိုင်းက ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ခင်ဦး၊ ရေဦး၊ ဒီပဲယင်းစသည့် မြို့နယ်အသီးသီးမှ ကာကွယ်ရေးတပ်များ ပူးပေါင်းခုခံနေပြီး တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လူမှုကွန်ရက်စာမျက်နှာတွင် မီးရှို့ဖျက်ဆီးထားသည့် စစ်သားအလောင်း နှစ်ခု တင်ထားသည်ကို တွေ့ရသည်။ စစ်သားများသေဆုံးပါက နေအိမ်များထဲ ထည့်ကာ မီးရှို့ဖျက်ဆီးတတ်သဖြင့် အလောင်းများကို ရှာဖွေနေဆဲဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)