သတင်း

တနင်္သာရီမြို့အနီး တိုက်ပွဲတွင် စစ်တပ်က ရွာကို လက်နက်ကြီးနှင့်ပစ်

ယမန်နေ့ (မေ ၁၉) ညနေက တနင်္သာရီတိုင်း၊  တနင်္သာရီမြို့၊ တကူတိုက်နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသတွင်းကျေးရွာ ၁၀ ရွာတွင် နေထိုင်သူ ရာထောင်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက ပြောသည်။ 

ယမန်နေ့ (မေ ၁၉) ညနေ ၆ နာရီခန့်တွင် တကူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လူနေအိမ်များဘက်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဘက်မလိုက်အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

“တကူရွာကို လက်နက်ကြီးတွေကျလို့  ရွာသား ၂၀၀၀ ကျော်လောက် ပြောင်းရွှေ့နေကြရတယ်။ ဖြစ်တာက ဘက်မလိုက်ပြောက်ကျားအဖွဲ့နဲ့ မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပြီး PDF ဘက်က ထိခိုက်မှု မရှိပါဘူး”  ဟု ၎င်းက ပြောသည်။ 

တကူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲသို့ ရောက်ရှိလာပြီး ကလေးနှင့်လူကြီးပါမချန် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကြောင်း မြိတ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Meik Now ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

ယမန်နေ့က  စစ်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ညတွင်းချင်း ထွက်ပြေးရသူများမှာ တကူကျေးရွာအုပ်စုအတွင်းရှိ တကူ၊ ကိုးမိုင်၊ သမီးလှ၊ တံခွန်၊ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊လမိုင်းကော့၊ သာရဘွင် ကျေးရွာများမှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်နက်ကြီးကျည်ကျသည့် တကူကျေးရွာတွင် လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိမရှိ စုံစမ်း၍ မရသေးပေ။

တကူတိုက်နယ်ရှိ ကျေးရွာများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည်ဟု ယူဆချက်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံ PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

တကူတိုက်နယ်သို့ စစ်ကြောင်းထိုးသည့်တပ်မှာ ဇဝတ်ကျေးရွာ၌ တပ်စွဲထားသည့် ခြေမြန်တပ်ရင်း ခမရ ၅၅၆ တပ် ဖြစ်ပြီး လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ထောက်ပံ့မှုကို မျှော်လင့်နေသည်ဟု  တနင်္သာရီ PDF အဖွဲ့ ခေါင်းဆောင်က ပြောသည်။ 

“(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့အလုပ်သူတို့လုပ်နေတာပဲ။ ကြန့်ကြာမှုတွေကတော့ ရှိနေတာပဲ။ သူတို့ကိုလည်း အပြစ်မမြင်ပါဘူး။ သူတို့လည်း တတ်နိုင်သလောက်လုပ်နေတာပါပဲ” ဟု ၎င်းက ဆိုသည်။ 

မေ ၁၈ နံနက်ကလည်း တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ၊ ဘန်းပြည့်အနောက်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုးလာ သည့် စစ်ကြောင်းကို တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေး အင်အားစု (SWDF) အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထိုအဖွဲ့က ထုတ်ပြန်ထားသည်။ 

ထိုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပေ။

မြိတ်အခြေစိုက် ခြေလျင်တပ်ရင်း ၁၀၁၊ ၁၇ တို့ အဓိကလှုပ်ရှားနေသည့် တနင်္သာရီကမ်းရိုးတန်းဒေသတွင် စစ်ကောင်စီတပ်က  စစ်သည်အင်အား၊ လက်နက်၊ ရိက္ခာဖြည့်တင်းနေပြီး ကြည်းရေလေ အင်အားအပြည့်အစုံသုံးပြီး  တိုက်ခိုက်ကာ ရွာများကို မီးရှို့လာနိုင်ချေရှိကြောင်း T 3 ဇုန် ပြည်သူ့ကာကွယ်ရေးတပ် (မြိတ်ခရိုင်) တပ်ဖွဲ့ဝင် တစ်ဦးက Myanmar Now ကို ပြောထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button