
အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတိပေးခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်သူများ ဒုက္ခမရောက်စေရန် ၎င်းတို့ဘက်မှ ထိန်းသိမ်းနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်သည်။
ယနေ့ (မေ ၁၉) ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီအချိန်မှာ ကျွန်တော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်၊ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လုပ်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
“အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်”
AA အနေဖြင့် ဒေသအတွင်း ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများအတွင်း ဝင်ရောက်နှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း၊ သည်းခံခဲ့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ ယနေ့ပြောဆိုချက်နှင့် ပတ်သက်ပြီး AA က တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ ယနေ့ပြောဆိုချက်များသည် ခြိမ်းခြောက်သည့်သဘောဆောင်ကြောင်း မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“ဒီနေ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အပြောအဆိုက ရခိုင်မှာ စစ်ပွဲတွေမဖြစ်အောင် သူတို့ ထိန်းထိန်းသိမ်းသိမ်းနေတယ်ပေါ့။ ပြီးတော့ တကယ်လို့ ဖြစ်လာရင် လူထုနစ်နာမယ်ဆိုတဲ့သဘော ဖြစ်လာရင် ငါတို့ကို အဆိုးမဆိုနဲ့ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ပါနေတာပေါ့”
“ဆိုတော့ အဲဒီစကားကို ကြည့်လိုက်ရင် လူကို နစ်နာမယ်ဆိုတဲ့ သဘောမျိုးပေါ့ တိုက်ပွဲဖြစ်လာရင်။ ဒါက အရင်ကလည်းပဲ သူတို့အနေနဲ့ တိုက်ပွဲဖြစ်လာရင် ရွာကို လှမ်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတို့၊ ရွာတွေမှာ မီးရှို့တာတို့ အဲဒီလိုဖြစ်စဉ်တွေကို ရည်ညွှန်းတယ် ထင်ပါတယ်။ ဒါက မကျေနပ်မှုဖြစ်နေတဲ့အတွက်နဲ့ သူတို့ဘက်က လူထုကို ခြိမ်းခြောက်ပြီးတော့ သတိပေးလိုက်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။
AA က မေ ၁၅ တွင် ထုတ်ပြန်သည့် ရခိုင်ပြည်သူများသို့ အသိပေးစာတွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောကြောင့် စစ်ကောင်စီတပ်ရှိသည့် နေရာများအနီး သွားလာခြင်းကို ရှောင်ရှားကြရန် တိုက်တွန်းထားသည်။
ထိုစာထဲတွင် စစ်တပ်က စစ်အင်အား ထပ်မံတိုးချဲ့နေခြင်း၊ AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ တာဝန်ထမ်းဆောင်နေသော တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန် ကြိုးစားနေ၊ ခြိမ်းခြောက်နေသည်ဟု ပါရှိသည်။
ရခိုင်ပြည်နယ်တွင် နှစ်နှစ်တာ ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် အာဏာသိမ်းရန် လပိုင်းအလိုတွင် စစ်တပ်က AA နှင့် အပစ်ရပ်ခဲ့သည်။ ထိုသို့ ရပ်ထားချိန်တွင် AA ဘက်မှ ဒေသအတွင်း ဩဇာ ပိုမိုကြီးမားလာသလို ယမန်နှစ် နှစ်လယ်ခန့်မှစ၍ စစ်တပ်ဘက်က ရိက္ခာနှင့် အင်အားများ တိုးချဲ့ခဲ့သည်။
ထို့နောက် ဒီဇင်ဘာနှင့် ယခုနှစ် ဖေဖော်ဝါရီအတွင်း ထိတွေ့ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပြီး AA ဘက်မှ ကင်းသမားတစ်ဦး သေဆုံးခဲ့ကာ ဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာနေခဲ့သည်။
ထို့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA က လျစ်လျူရှုခဲ့သည်။
ဤအတောအတွင်း AA က စစ်ကောင်စီကို ဆန့်ကျင်သူများနှင့် နီးစပ်မှုရှိလာပုံကို ပြသသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) မင်းတပ်နှင့် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့က AA က ၎င်းတို့ကို ကူညီခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
မေ ၁၆ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် AA စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)