အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖယ်ခုံ – ညောင်ရွှေကားလမ်းကို ပိတ်ကာ စစ်တပ်က နှစ်ဖက်ညှပ်ထိုးစစ်ဆင် 

ကယားပြည်နယ်အစပ်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းတဝိုက်တွင် စစ်တပ်က နှစ်ဖက်ညှပ်စစ် ကြောင်းထိုးနေသည့်အပြင် ဖယ်ခုံ – ညောင်ရွှေကားလမ်းကို ပိတ်ထားသည်ဟုလည်း နယ်မြေခံ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

၁၄ မိုင်ခန့် ရှည်လျားသော ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းတလျှောက်ကို စစ်တပ်က နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိသည်ဆိုသော်လည်း အတိအကျ မသိရသေးပေ။​

ဖယ်ခုံအင်းတောင်ဘက် ဆီးမီလော့ကျေးရွာတွင် လွန်ခဲ့သည့်နှစ်ရက်မှစ၍ နယ်မြေခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်နေပြီး၊ အင်းအရှေ့မြောက်ဘက်ရှိ ဆောင်နန်းခဲရွာသို့ မေ ၁၃ ရက်က ရောက်လာသော စစ်ကြောင်းသည်လည်း ငါးမိုင်ခန့်အကွာရှိ လွယ်ပေါရွာသို့ ယနေ့ (မေ ၁၉) ရောက်ရှိလာသည်ဟု သိရသည်။

“ဒီနေ့လည်းဖြစ်နေတယ် နေ့တိုင်းဖြစ်နေတယ်။ အခုလည်းပစ်နေတယ်။ လွယ်ပေါဘက်မှာ တစ်ဖက်ဖြစ်တယ်၊ ဆီးမီလော့ဘက်မှာ တစ်ဖက်ဖြစ်တယ်။ သူက နှစ်ဖက်ညှပ်ပြီး ခွထိုးလာတာ။ တောင်နဲ့မြောက် ညှပ်ပြီးထိုးလာတာ” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လွယ်ပေါရွာသို့ ရောက်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသော်လည်း အသေးစိတ်အခြေအနေ မသိရသေးကြောင်း ၎င်းက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဖယ်ခုံ PDF မှာ ကရင်နီဒေသ ကာကွယ်ရေးတပ်များနှင့်အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်စ ခန်းကို မေ ၁၂ ရက်တွင် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် ၁၅ ဦးသေဆုံးကာ ငါးဦးအရှင်အဖမ်းခံရပြီးနောက် စစ်ကောင်စီက ထိုသို့ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။​

ဒေသခံကာကွယ်ရေးတပ်များ ရှိသည်အထင်ဖြင့် ဖယ်ခုံအင်းအရှေ့ဘက်တကြောကို ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ်က မေ ၁၆ တွင် ထီရိရွာနှင့် ရှစ်မိုင်အကွာရှိ ဆောင်နန်းခဲရွာကို မီးရှို့ခဲ့သည်။​

ဖယ်ခုံအင်းတောင်ဘက်တွင် ယမန်နေ့က တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် KNDF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတာဝန်ရှိသူများထံမှ သိရသည်။​

“ဟိုးအရင် ရက်တွေကတည်းက ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေပဲ။ ကြားထဲမှာ ပစ်လိုက်နားလိုက် ပစ်လိုက်နားလိုက်နဲ့ မနေ့က လက်နက်ကြီးကျတော့ ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကျသွားတယ်။ သူတို့ဘက်လည်း ဆီးမီလော့စာသင်ကျောင်းထဲမှာ အလောင်းမကောက်နိုင်တဲ့ဟာတွေတောင် ရှိတယ်” ဟု ဖယ်ခုံ PDF တာဝန်ရှိသူက ဆိုသည်။

ဖယ်ခုံအင်းတောင်ဘက် ဆီးမီလော့ရွာအနီး တိုက်ပွဲတွင် သေဆုံးခဲ့သော KNDF တပ်ဖွဲ့ဝင်မှာ ရဲဘော်အောင် ရွှေဖြစ်ကြောင်း၊ လက်နက်ကြီးထိ၍ သေဆုံးခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။​

“ထီရိတိုက်ပွဲရဲ့ နောက်ဆက်တွဲလို့ ပြောရမယ်ပေါ့နော်။ သူတို့ အထိခိုက်များထားတော့ အလုံးအရင်း ဝင်တိုက်တာပါ။ အဓိကတော့ လက်နက်ကြီးတွေကို လွိုင်ကော်အမြောက်တပ်ကရော၊ ၄၂၂ (မိုးဗြဲရှိ ခမရ ၄၂၂ တပ်ရင်း) ထဲကနေရော ကူပစ်တာကြောင့် ကျွန်တော်တို့ အင်အားမမျှပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဖယ်ခုံအင်း အရှေ့ဘက်တကြောကို ထိုးစစ်ဆင်နေသောကြောင့် ဒေသခံရွာသူရွာသား နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာမီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။​

ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့ကို ဆက်သွယ်သော ဖယ်ခုံ – ညောင်ရွှေ ကားလမ်းပေါ်ရှိ မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီက ယမန်နေ့မှစ၍ ပိတ်လိုက်ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသွားသည်ဟု ဆိုသည်။​

ဖယ်ခုံအင်းတဝိုက် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မေ ၁၇ ညပိုင်းက ဆောင်နန်းခဲရွာကို PDF များ မီးရှို့သည်ဟု စွပ်စွဲထားသည်။

ဖယ်ခုံအင်း အလယ်ရှိ ဒေသခံများ ခိုလှုံနေရာ လွယ်ပန်းစုံရွာတွင် မေ ၁၇ က လက်နက်ကြီးကျသဖြင့် ဒေသခံများ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရသည်။ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပျက်စီးခဲ့သည်။​

ရွာထဲပြန်ဝင်၍ရသူများက ပစ္စည်းများ လာရောက်သယ်ယူနေသောကြောင့် ယနေ့နံနက်တွင် ဖယ်ခုံအင်းတလျှောက် စက်လှေအဝင်အထွက်များလျက်ရှိကြောင်း လွယ်ပန်းစုံရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။

“တချို့က လူပဲပြေးတယ် ပစ္စည်းက အနည်းအကျဉ်းပဲပါတယ်။ အခုက ရှိတဲ့ဟာတွေ အကုန်လုံးသယ်တာ ပေါ့နော်။ စစ်တပ်တွေက ဝင်ရောက်လာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ မီးရှို့ပြီးသား ပေါ့နော်။ အဲလိုယူဆတဲ့သဘောနဲ့ ရရာပစ္စည်းကို ယူသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles