နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် ရန်ကုန် တာမွေမြို့နယ် အတွင်းရှိ မဲရုံကို နေ့လယ် ၁နာရီ မိနစ် ၄၀ ခန့်တွင် ရောက်ရှိခဲ့သည်။
အဆိုပါ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။
ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ ဖြစ်လာပြီးနောက် အဆိုပါမဲဆန္ဒနယ်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရပါတီဖြစ်သော NLD နှင့် အင်အားကြီး ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ရှစ် ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။



