
စစ်ကောင်စီတပ် စခန်းချထားသည့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာတွင် ယမန်နေ့ (မေ ၁၆) ညနေက နေအိမ်များ မီးရှို့ခံရကြောင်း မျက်မြင်တွေ့ရှိသူနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တို့ထံမှ သိရသည်။
ညနေ ၅ နာရီခန့်တွင် တစ်ရွာလုံး မီးလောင်ကျွမ်းနေသည်ကို ရွာနှင့် သုံးမိုင်ခန့်အကွာ ဖယ်ခုံအင်း ရေလယ်ကျွန်းပေါ်မှ မြင်တွေ့ခဲ့ရသည်ဟု အသက် ၂၅နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းမှာ ထိုရွာနှင့် ၆ မိုင်ခန့်အကွာ နန်းဆွတ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။
ဆောင်နန်းခဲရွာနှင့် ၈ မိုင်အကွာ ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်စခန်းကို မေ ၁၂ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သိမ်း၍ ၁၅ ဦးသေ၊ ၅ ဦး ဖမ်းခံရပြီးနောက် ဖယ်ခုံအင်းတစ်ဝိုက် စစ်ကောင်စီက နယ်မြေရှင်းလင်း ရေးလုပ်နေဖြင့် အိုးအိမ်စွန့်ခွာတိမ်းရှောင် နေရသူများအနက် တစ်ဦးဖြစ်သည်။
“တစ်ရွာလုံး မီးခိုးတွေနဲ့ အကုန်လုံးလောင်သွားတာ၊ ညအချိန်ထိ မီးတောက်တွေက မြင်နေရတာပေါ့နော်။ ပြီးတော့ မနက်ပိုင်းက မီးတောက်တော့ မတွေ့ရတော့ဘူး၊ မီးခိုးနည်းနည်းပဲ ကျန်တော့တာပေါ့”ဟု ၎င်းက ပြောသည်။
ဆောင်နန်းခဲရွာအတွင်း စစ်တပ်ရှိနေဆဲဖြစ်၍ ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
Facebook တွင် ပျံ့နှံ့နေသည့် ကောင်းကင်ဓာတ်ပုံများအရ ဖယ်ခုံအင်း အရှေ့မြောက်ဘက်ကမ်းရှိ အိမ်ခြေ ၅၅ လုံး၊ လူဦးရေ ၃၄၅ ယောက်နေထိုင်သည့် ဆောင်နန်းခဲရွာအနှံ့ မီးလောင်ကျွမ်းနေသည်ကို တွေ့ရသည်။

မေ ၁၂ ရက် ထီရိကျေးရွာ စခန်း PDF သိမ်းခံရချိန်ကတည်းက စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခံရသည့် ဆောင်နန်းခဲရွာခံများ တိမ်းရှောင်နေကြသည်၊ ယခု မီးရှို့ခံရသည့် ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိဟု ဒေသခံအချို့က ပြောသည်။
ရွာမီးရှို့မခံရမီ တစ်ရက်အလို မေလ ၁၅ ရက်တွင် ဆောင်နန်းခဲရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်လေယာဉ်လာရောက် ဗုံးကြဲအပြီး ထိုနေ့ညတွင်ပင် ဒေသခံကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
ထိုတိုက်ပွဲအပြီး ရွာအရှေ့ဘက်တောင်ကုန်းပေါ်တွင် စစ်ကောင်စီ တပ်စွဲနေသဖြင့် ရွာနီးချုပ်စပ်ဖြစ်သည့် လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်ရွာများမှ ဒေသခံတို့ပါ ထွက်ပြေးနေရကြောင်း ၎င်းထံမှ သိရသည်။
“ဆောင်နန်းခဲရွာမှာက စစ်တပ်ပဲ ကျန်တာဗျ။ သူတို့ လေယာဉ်လာကတည်းက ဘယ်သူမှမရှိတော့ဘူး။ သူတို့ပဲ ကျန်ခဲ့တာ။ သေချာတာတော့ သူတို့ရှို့တာပဲ။ ကိုယ်တိုင်မမြင်ပေမယ့် ဒီမှာ ဘယ်သူမှ မရှိတော့တာ” ဟု ၎င်းက ပြောသည်။
ရွာ အရှေ့ဘက်တောင်ကုန်းတွင် စစ်တပ်ရောက်ရှိနေကြောင်း၊ ယနေ့ (မေ ၁၇)ရက် နံနက်အထိ တပ်စွဲထားကြောင်း ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသ၍ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“ရွာနဲ့ကပ်လျက်တောင်ပေါ်မှာပဲရောက်နေတာ စစ်တပ်က။ အဲဒီနားမှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ကျွန်တော်တို့ လူတွေက နောက်တစ်ဆင့်ဆုတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။
“ဗုံးကြဲပြီးတော့ အဲနားမှာ နေလိုက်တော့တာ။ (စစ်တပ်က) နေနေတော့ ကျွန်တော်တို့ ရဲဘော်ရဲ့အလောင်းတောင် ခုချိန်ထိ မကောက်နိုင်သေးဘူးလေ” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆက်ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ယနေ့(မေ ၁၇)ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ ဖယ်ခုံအင်း အနောက်ဘက်ရှိ ဟိုတိန်းတောင်မှ လှေများဖြင့် ရောက်ရှိလာသည့် PDF (ဒေသခံကာကွယ်ရေးအဖွဲ့)များက ဆောင်နန်းခဲကျေးရွာကို မီးရှို့သည်ဟု ဖော်ပြထားသည်။
မီးရှို့မှုမှာ စစ်ကောင်စီတပ်၏လက်ချက်သာဖြစ်သည်ဟု အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။
“ဒီရွာမှ မီးရှို့တာမဟုတ်ဘူးလေ၊ သူတို့ လုပ်ရိုးလုပ်စဉ်ပဲ။ ဟိုမှာ စစ်ကိုင်းဘက်မှာလည်း မီးရှို့တယ်။ ဒီးမော့ဆိုဘက်မှာလည်း မီးရှို့သွားတယ်၊ မိုးဗြဲမှာ ဖြစ်တုန်းကလည်း သူတို့မီးရှို့တယ်”ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက မှတ်ချက်ပြုသည်။
“နေရာတိုင်း သူတို့ရှို့နေတယ်လေ။ ဒီတစ်ခုကိုမှ ကွက်ပြီးတော့ PDF တွေက ရှို့တယ်ဆိုတော့ လူရယ်စရာ ဖြစ်နေတာပေါ့”
စစ်တပ်က ထိုသို့ ရန်ရှာသဖြင့် တောင်ယာစပါး စိုက်ပျိုးရန် မြေထွန်ယက်ပြီးချိန်တွင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် လွိုင်ကော်မြို့သို့ မိသားစုလိုက် ထွက်ပြေးခဲ့ရသည့်အတွက် ဘဝရပ်တည်ရေး ဒုက္ခတွေ့ နေကြောင်း အသက် ၆၂ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
“နောက်ဆုံးကျတော့ ထွက်ပြေးရုံတင်မကဘူး၊ အိမ်လည်း မီးလောင်သွားပြီဆိုရင် အရမ်းပူပန်နေရတယ် ပေါ့နော်။ လာမယ့်နှစ်ကျရင် ဘာစားမလဲ၊ နေရေးထိုင်ရေး ဘယ်လိုနေမလဲ တချိန်လုံးငိုနေတယ်၊ ကလေးတွေ။ တစ်ခါမှလည်း အတွေ့အကြုံမရှိတဲ့အခါကျတော့ ဘယ်လိုမှ မပြောတတ်တော့ဘူး”
ဆောင်နန်းခဲရွာတွင် ၂၀၂၀ ကမှ ဆောက်လုပ်ပြီးစီးသည့် နှစ်ထပ်တိုက်တွင် ပရိဘောဂ အစုံအလင်ရှိကာ ဝမ်းစာအတွက် သိုလှောင်ထားသည့် စပါးကျီပါ ချန်ထားခဲ့ရကြောင်း အထက်ပါ ဒေသခံက ဆက်ပြော သည်။
လက်တလောတွင် စစ်ရေးတင်းမာနေသည်ဖြစ်၍ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသ ခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသခံတို့က ဆိုသည်။
“သူတို့ (စစ်တပ်) ဝင်လာရင်တော့ လွယ်ပေါ (မီး) လောင်ရင် နန်းပေါ်လုံ(ရွာ) လည်း လောင်မှာပဲ။ နန်းဆွတ် လည်း လောင်မှာပဲ။ သုံးရွာက ဆက်နေတော့လေ”ဟု အထက်ပါ အသက် ၂၅နှစ်အရွယ် နန်းဆွတ်ရွာခံက ပြောသည်။
“မိုးဗြဲဘက်မှာလည်း အများကြီးလောင်ပြီးပြီလေ သူများအိမ်တွေ။ ဒီဘက်မှာ လောင်ရင်လည်း မတတ်နိုင်တော့ဘူးလေ။ တတ်နိုင်သလောက်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကတော့ အကုန်လုံး သယ်ပြီးသလောက်တော့ ရှိပါပြီ”

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကယား (ကရင်နီ) ဒေသ၌ စစ်တပ်လက်ချက်ဖြင့် ပျက်စီးခဲ့သည့် နေအိမ်၊ အဆောက်အဦ ၆၀၀ ကျော်ရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က ယခုလ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ၎င်းတို့ကို ခုခံသည့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် ရွာလုံးကျွတ်မီးရှို့မှုများရှိနေရာ စစ်ကောင်စီက ယင်းကဲ့သို့ပင် အစဉ်ငြင်းဆိုလေ့ရှိသည်။
သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ သီးသန့်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)