သတင်း

နေပြည်တော်တွင် စစ်တပ်ထောက်ခံသူများ ဗုံးခွဲတိုက်ခိုက်ခံရ 

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ယနေ့ (မေ ၁၆) နံနက်ပိုင်းက စစ်တပ်ထောက်ခံပွဲသွားရန် ကား ဖြင့်တန်းစီစောင့်ဆိုင်းနေစဉ် ဗုံးနှစ်လုံးပေါက်ကွဲသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လယ်ဝေးမြို့အဝင်ရှိ စုရပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အပါအဝင် တပ်ထောက်ခံသူများ Light Truck ကား ၁၀ စီးခန့်ဖြင့် စောင့်ဆိုင်းနေစဉ် နံနက် ၇ နာရီကျော်ခန့်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံးရှေ့ စုရပ်တွင် ပေါက်ကွဲမှုကြောင့် ကားနှစ်စီးထိခိုက်သည့်အပြင် လူ ၆ ဦး ခန့် ထိခိုက်ဒဏ်ရာရသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။​

“ကားတန်းရပ်နေတဲ့အနား ကွဲသွားတာ။ ဗုံးက နှစ်လုံးဗျ။ အသံက တုန်ခါသွားတာပဲ။ အကုန်ထိတ်လန့် ကုန်တာပေါ့။​ပြေးတဲ့သူကပြေးနဲ့ စစ်သားတွေကော၊ ရဲတွေကော အကုန်ပျာယာတွေခတ်နေတာပေါ့။

ကုတင် ၁၀၀ ကိုမောင်း၊ ကုတင် ၁၀၀ ကိုမောင်းလို့ အော်ပြီး တန်းမောင်းပြေးသွားတာပဲ။ ကားပေါ်က လေးငါးခြောက်ယောက်လောက်တော့ ထိသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားက ပြောသည်။​

အခြားဒေသခံတစ်ဦးကလည်း ကျယ်လောင်သော ဗုံးပေါက်ကွဲသံကို ကြားရကြောင်း အတည်ပြုသည်။ 

တပ်ထောက်ခံသူများ စုရုံးရာနေတွင် ဗုံးဖောက်ခွဲခြင်းကို ၎င်းတို့နှင့် ပူးပေါင်း၍ မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော် PDF) ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ်ငွေစိုးက ပြောသည်။ 

“သူတို့ တပ်ထောက်ခံပွဲလုပ်ဖို့ လူစုတဲ့ဟာကို ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေဘက်ကနေ သတင်း ကြို ရပြီးတော့ ချိန်ကိုက်မိုင်းနှစ်လုံး ချိန်ထားပြီး သူတို့လူစု လာတဲ့အချိန်ကျမှ ခွဲလိုက်တာ။ အဲ့မှာစုရပ်ဆို တော့ လူတွေကို ကားမထွက်သေးခင် အပေါ်တက် အောက်ဆင်း လုပ်နေကြတဲ့အချိန်ပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူများက ဗုံးခွဲတိုက်ခိုက်သော်လည်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် အချို့ ဦးဆောင်သော စစ်တပ်ထောက်ခံပွဲကို ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် ၁၀ မိုင်ကျော် အကွာအဝေးရှိ ဥပ္ပါတသန္တိစေတီအနီးတွင်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောက်ယှက်မှုများကို ဆန့်ကျင် ရှုတ်ချပွဲဟု ခေါင်းစဉ်တပ်ထားသော ထိုထောက်ခံပွဲကို နံနက် ၈ နာရီမှစ၍ တစ်နာရီကြာ ပြုလုပ်သည်ဟု ပွဲသွားရောက်ခဲ့သူတစ်ဦးထံမှ သိရသည်။

ထိုတပ်ထောက်ခံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဦးသက်နိုင်ဝင်း၊ ဦးမြင့်လှိုင်၊ ဦးသောင်းအေးနှင့် ဘူးလက်လှဆွေတို့ပြင် ပါတီပြောရေးဆိုခွင့်ရှိသူများဖြစ်သော ဦးသိန်းထွန်းဦးနှင့် ဒေါ်ယဉ်မင်းမြင့်ဆွေတို့ ဦးဆောင်တက်ရောက်သည်ကို တွေ့ရသည်။

ထို့ပြင် စစ်သားအချို့ လုံခြုံရေးရယူထားသည်ကိုလည်း ရုပ်သံမှတ်တမ်းအချို့တွင် တွေ့ရသည်။ ​

စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားသော်လည်း နေပြည်တော်တွင် စစ်ဆင်ရေးများ ဆောင် ရွက်နိုင်ရန် စောင့်ကြည့်နေသည်ဟု နေပြည်တော် PDF ခေါင်းဆောင် ဗိုလ်ငွေစိုးက ဆိုပြီး စစ်တပ်ကို ထောက်ခံသူများအနေဖြင့် အလားတူအကျိုးဆက်များ ခံစားရမည်ဟု ယနေ့နံနက်ပိုင်း နေပြည်တော်က ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူကလည်း ဆိုသည်။ 

“အဓိကတော့ဗျာ။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်တပ်ကို ထောက်ခံနေတဲ့သူတွေအနေနဲ့ ပြည်သူကို ဒီလောက် အကြမ်းဖက် ယုတ်မာရက်စက်နေတဲ့ကောင်တွေကို ဆက်ပြီးထေက်ခံနေမယ်ဆိုရင် ဒီလိုအကျိုးဆက်တွေရလိမ့်မယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button