ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၈၂ တပ်ရင်းကို ယနေ့ ( မေ ၁၄) နံနက်တွင် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Yangon Federal Army-(YFA) က ပြောသည်။
ထိုအဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်လေးက တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိသည်ဟု ဖရဲသီး ခေါ် ဌာနတွင်းသတင်းပေးပို့သူထံမှ သိရကြောင်း ပြောသည်။
“ခုမနက် ၅ နာရီဝန်းကျင်မှာ ၄၀ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်သား ၂ ယောက် သေပြီး ၄ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ အတွင်းဖရဲသီးဆီက စောစောကတင် သိရပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Civil Guerrilla Force- YGN (CGF – YGN) နှင့် ပူးပေါင်းစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
CGF-YGN ကလည်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ထိုကြေညာချက်တွင် “လက်နက်မဲ့ ပြည်သူများအား ဘယ်ကောင်သေရဲလဲဟု မိုက်ရိုင်းစော်ကားနေသော အကြမ်းဖက် စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ မီးများပိတ်ပြီး ကြောက်ဒူးတုန် တိတ်ဆိတ်သောကြောင့် အထိအခိုက်များမည်ဟု ယူဆကြောင်း” ဖော်ပြထားသည်။
မြို့ပြပြောက်ကျားအဖွဲ့များက စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများကို အကာအကွယ်ပေးနိုင်ရန် ကြိုးစားရပ်တည်နေကြောင်း ထိုကြေညာချက်တွင် ပါဝင်သည်။
ထိုပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် မေ ၅ ကလည်း ရန်ကုန် တောင်ဥက္ကလာမြို့နယ်ရှိ အမှတ် ၃၃၄/၄၃၅ ထောက်ပို့တပ်ကို ၄၀ မမ ဗုံးသီးလောင်ချာဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
နန်းထိုက်အောင်စစ်ဆင်ရေးသည် ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဧပြီ ၈ မှ ၁၀ အထိ ၃ ရက်အတွင်း တပ်စခန်း ၁၀ ခုကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဧပြီ ၉ တွင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကမာရွတ်မြို့နယ် အင်းလျားလမ်းပေါ်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ နေထိုင်ရာ အိမ်ရာဝင်းရှိ ကင်းစခန်းကို ပစ်ခတ်ခဲ့ကြောင်း ဧပြီ ၁၁ တွင် ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့အပြား အရပ်သားများကို အကြမ်းဖက်နေသော စစ်ကောင်စီက လက်နက်ကိုင်ခုခံသူများမှာ အကြမ်းဖက်သမားများဖြစ်သည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။
နန်းထိုက်အောင်စစ်ဆင်ရေး၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဤအတောအတွင်း စစ်ကောင်စီတပ်က ရန်ကုန်မြို့ လမ်းဘေးနေရာတချို့တွင် နှစ်ထပ်တိုက်အငယ်စား ဘန်ကာများ တည်ဆောက်အသုံးပြုနေသည်ကို တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)