သံဃာအပါး ၁၀,၀၀၀ ကျော်ကို ဆွမ်းဆန်စိမ်းလောင်းမည့် အလှူပွဲ ဦးဆောင်မည့်သူမှာ လူသတ်၊ အိမ်မီးရှို့မှု ကျူးလွန်နေသည့် စစ်ကောင်စီ ဖြစ်နေသောကြောင့် သပိတ်မှောက်ကြရန် သံဃသမဂ္ဂက မန္တလေးသံဃာထုကို တိုက်တွန်းလိုက်သည်။
မေ ၁၄ တွင် သံဃာအပါး ၁၀,၂၆၄ ပါးကို ဆွမ်းဆန်လောင်းလှူမည့် မန္တလေးကျုံးပတ်လည်ကို ပြည်သူတို့၏မျက်နှာကိုငဲ့ပြီး ကြွရောက်ခြင်း မပြုသင့်ဟု မန္တလေးသံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက မိန့်သည်။
“အကြမ်းဖက်စစ်ကောင်စီကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေကြရတယ်။ နေအိမ်တွေမီးရှို့ခံရတယ်။ အဲဒီအပေါ်မှာ ငဲ့ညှာသောအားဖြင့် ဒီအလှူကို လက်မခံဖို့ တိုက်တွန်းနှိုးဆော်တာပါ”ဟု လုံခြုံရေးအရ ဘွဲ့အမည် မဖော်ပြလိုသည့် ဆရာတော်က မိန့်သည်။
အိမ်မီးရှို့မှုမှာ စစ်သားတို့၏လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးခဲ့ပြီး မကြာမီတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန် တိုင်းရင်းသားခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။
ထိုဖြစ်ရပ်ကို ရည်ညွှန်းလျက် ယခု အလှူပွဲသည်လည်း သံဃာတော်များကို နိုင်ငံရေးတွင် အသုံးချရန် စစ်ကောင်စီက ကြိုးပမ်းခြင်းဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
“နိုင်ငံရေးကစားကွက်ပေါ့ နိုင်ငံကပုံမှန်ဖြစ်နေပါပြီဆိုတဲ့ အကြောင်းပြချက်တွေနဲ့လုပ်လာမှာ” ဟု ဆရာတော်က မိန့်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သင်္ကြန်အချိန်ကလည်း သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခဲ့သော်လည်း ပြည်သူအများစုက ဝင်ရောက်ဆင်နွှဲခြင်းမပြုခဲ့ကြပေ။
ပြည်သူအများပျော်ရွှင်နေကြောင်း ပုံမှားရိုက်သည့်နည်းဖြင့် နိုင်ငံကိုထိန်းချုပ်နိုင်ကြောင်းပြရန် ကြိုးစားခဲ့ခြင်းဖြစ်နိုင်သည်ဟု လေ့လာသူတို့က ဆိုသည်။
အလားတူ သရုပ်ဆောင်တချို့ကို ထောင်မှ ပြန်လွှတ်ပေးကာ ၎င်းတို့ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ပြသခွင့်ပြုနိုင်ရေးအတွက် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်စေခဲ့သော်လည်း ကြည့်သူမရှိဘဲ ဖြစ်နေသည်။
ယခု ဆွမ်းဆန်စိမ်းအလှူပွဲကို သံဃာများ သပိတ်မှောက်ခဲ့ပါက ဌာနဆိုင်ရာဝန်ထမ်းများ ဝင်ရောက်အားဖြည့်ကြရန် စစ်ကောင်စီက စီစဉ်ထားပုံရသည်ဟု အထက်ပါ ဆရာတော်က မိန့်သည်။
“ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ယာဉ်ထိန်းရဲတွေကို ခုရက်ပိုင်းအတွင်း ရဟန်းခံခိုင်းတာတွေရှိတယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲမေ တချို့ကိုလည်း သီလရှင်တွေ ဝတ်ခိုင်းတယ်” ဟု ဆရာတော်က မိန့်သည်။
စစ်ကောင်စီက အာဏာသိမ်းအပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ တစ်နှစ်ခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာသည့် မန္တလေးမြို့မှ မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာဘိဝံသကလည်း သံဃာများအနေဖြင့် စစ်ကောင်စီ၏အလှူကိုလက်ခံပါက ကျင့်ဝတ်ဖောက်ဖျက်ရာရောက်ကြောင်း မေ ၁၂ တွင် Myanmar Nowကို မိန့်ကြားသည်။
“သံဃာတွေကိုလည်းသတ်တယ်၊ သံဃာများရဲ့ကျေးဇူးရှင် ပြည်သူတွေကိုလည်းသတ်နေတဲ့ သူတို့ရဲ့အလှူကိုလက်ခံရင် ကျင့်ဝတ်ဖောက်ဖျက်ရာကျတယ်။ သာသနာပျက်စီးဖို့ အားပေးရာရောက်တယ်။ သံဃာတွေက အသိတရားနဲ့ကို သပိတ်မှောက်ကြရမှာ” ဟု မိန့်သည်။
“ကမ္ဘာကိုလှည့်စားဖို့ ဒီအလှူကိုလုပ်တာ”
ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မည်ဟု စစ်ကောင်စီက သတင်းလွှင့်နေကြောင်း၊ ဘာသာရေး အဆောက်အဦး၊ ဘာသာရေးပွဲတော်များကို တိုက်ခိုက်မည်မဟုတ်ကြောင်း မန္တလေးပြောက်ကျားအဖွဲ့များက မေ ၁၂ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အာဏာသိမ်းအပြီးတစ်နှစ်ကျော်အကြာတွင် မန္တလေးမြို့ရှိ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်သော ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်တို့တွင် သီတင်းသုံးစာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်ကျော်မက လျော့ကျသွားသည်။
ယခင်က ရဟန်း ၁,၀၀၀ နီးပါး သီတင်းသုံးသည့် ဘုရားကြီးတိုက်တွင် ၄၈၀ ပါး၊ သံဃာ ၃,၀၀၀ နီးပါးရှိ မစိုးရိမ်တိုက်သစ်တွင် ၄၀၀ ကျော်၊ သံဃာ ၈၀၀ ဝန်းကျင်ရှိသည့် မြတောင်ကျောင်းတိုက်တွင် ၂၁၆ ပါးသာ ရှိတော့ကြောင်း သက်ဆိုင်ရာဆရာတော်များက ပြီးခဲ့သည့်နှစ် ဩဂုတ်လက Myanmar Now ကို မိန့်ကြားထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပရိယတ္တိစာသင်တိုက်ကြီးများ အများဆုံးတည်ရှိရာ မန္တလေးမြို့တွင် စာသင်စာချ ရဟန်းအရေအတွက် ထက်ဝက်မက လျော့နည်းသွားခြင်းမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ဟု မန္တလေးမြို့ခံ သံဃာများက ဆိုကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာဝင်များ စိတ်အားညှိုးငယ်ခဲ့ရသည်ဟု အာဏာသိမ်း ၆လပြည့် ဩဂုတ်(၁) တွင် ပြောခဲ့သည်။ မန္တလေးမြတောင်ကျောင်းမှ ရဟန်းတစ်ပါးကမူ “သူ့လက်ထက်၊ သူတို့အုပ်ချုပ်မှသာခုလို သံဃာတွေ လျော့ပါးလာ၊ သာသနာညှိုးနွမ်းနေရတာ” ဟု တုံ့ပြန်မိန့်ကြားသည်။
စစ်ကောင်စီသည် ပြည်သူတို့၏ အိုးအိမ်ပေါင်း ၁၁,၅၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အရပ်ဘက် လေ့လာရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ အလားတူ ပြည်သူပေါင်း ၁,၈၅၀ ဦးကို သတ်ဖြတ်ကာ ၁၀,၆၀၀ ကျော်ကို ဖမ်းဆီးထားသည်။ ဖမ်းဆီးခံထားရသူများထဲတွင် သံဃာအပါး ၄၀ ကျော် ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP လက်လှမ်းမီသမျှကောက်ယူထားသော စာရင်းတွင် ဖေါ်ပြသည်။
အဆိုပါ အခြေအနေတွင် သွေးစွန်းလက်ဖြင့် ပေးကမ်းမည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သံဃာများ လက်မခံဘဲ သပိတ်မှောက်ခြင်းဖြင့် ညီညွတ်ကြရန် သံဃသမဂ္ဂမှ ဆရာတော်က တိုက်တွန်းသည်။
မြန်မာ့နိုင်ငံရေး သမိုင်းတွင် သံဃာတော်များ၏ လှုပ်ရှားမှုအဖြစ် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ထင်ရှားသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အဆိုပါ ညီညွတ်မှုမျိုးပြန်ဖြစ်ရန် သံဃသမဂ္ဂမှ ဆရာတော်က တောင့်တလျက်ရှိသည်။
“မန္တလေးသံဃာတွေ ညီညွတ်ဖို့ အချိန်ရောက်ပြီ။ သံဃာတွေ မန္တလေးပြည်သူတွေနဲ့အတူ ဘယ်လောက်ညီညွတ်တယ်ဆိုတာ ပြဖို့အတွက် ဆန့်ကျင်သပိတ်မှောက်ဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဆရာတော်က မိန့်သည်။
မန္တလေးနှင့် အနီးဝန်းကျင်ဒေသတွင် စစ်ဗိုလ်ချုပ်များနှင့် သင့်မြတ်သော၊ စစ်တပ်ပါဝင်သည့် အမျိုးဘာသာသာသနာလှုပ်ရှားမှုနှင့် ဆက်စပ်သော သံဃာများလည်း ရှိနေသည်။
မတ်လ ၂၇ ရက်က မန္တလေးမြို့ ကျုံးဘေးတွင် စစ်ကောင်စီတပ်သားများ စစ်ရေးပြချီတက်စဉ် သင်္ကန်းဝတ်တချို့က သပြေခက်နှင့် ပက်ဖျန်းကြိုဆိုခဲ့သည်။
မနက်ဖြန် နံနက် ၆ နာရီတွင် ပြုလုပ်မည့် ဆွမ်းလောင်းပွဲတွင် ကျုံးတစ်ဘက်လျှင် သံဃာ ၂၅၆၆ ပါးစီ ဆွမ်းလောင်းရန် စီစဉ်ထားသည်ဟု ယနေ့ထုတ် စစ်ကောင်စီသတင်းစာများ၏ နောက်ကျောဖုံးတွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)