သတင်း

အာဏာသိမ်းခေါင်းဆောင်ကို တွေ့ရန် လက်နက်ကိုင်အဖွဲ့ကြီးများ ငြင်းဆန်

“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့” ဟု ခြိမ်းခြောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရိုးသားမှုမရှိကြောင်း ပုတ်ခတ်ပြောဆိုခဲ့သူမှာ ယခုအချိန်တွင် ထိုအဖွဲ့များကို ကိုယ်တိုင်တွေ့လိုသည်ဟု ဖိတ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀၊  ဩဂုတ် ၁၉ တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံ (စတုတ္ထအကြိမ်) အစည်းအဝေးတွင် သူက အထက်ပါအတိုင်း ရန်လိုစကား ဆိုခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်” ဟုလည်း သူက ထိုအစည်းအဝေးတွင် ပြောသည်။ 

ထိုသို့ ပုတ်ခတ်ပြောဆိုခဲ့သူက အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ နိုင်ငံအနှံ့ ခုခံမှုများ ရင်ဆိုင်နေရချိန် ဧပြီ ၂၂ တွင် လေသံပြောင်းသွားသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းချက်သည် လက်နက်အပြည့်အစုံနှင့် စစ်သားများက ဆန္ဒပြသူများ၊ လက်နက်ကိုင်ခုခံသူများကို နားရက်မရှိ လိုက်လံတိုက်ခိုက်မှု ၁၅ လ ပြည့်လာပြီး စစ်ပန်းနေချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီက တာဝန်ပေးသော စစ်ဗိုလ်ချုပ်များက အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် စစ်ခေါင်းဆောင်ကိုယ်တိုင် လူလုံးထွက်ပြပြီး ဖိတ်ခေါ်ခြင်း ဖြစ်သည်။

တက်ရောက်မည့်သူများ မေလ ၉ ရက်တွင် နောက်ဆုံးထားပြီး စာရင်းပေးကြရန်လည်း စစ်ခေါင်းဆောင်က ပြောထားသည်။

သတ်မှတ်ရက် ရောက်လာချိန်တွင် ဆွေးနွေးပွဲ မတက်နိုင်သေးကြောင်း တရားဝင်ငြင်းဆန်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၅ ဖွဲ့ ရှိလာသည်။

ကရင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသားဒေသများနှင့် စစ်ကိုင်းတိုင်းကဲ့သို့ ပြည်မအထိပါ ထိုးစစ်ဆင်နေသည့် စစ်တပ်၏ ‘ငြိမ်းချမ်းရေး’ ဖိတ်ခေါ်ချက်သည် “ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား” ကဲ့သို့ ဖြစ်နေသည်ဟု ဝါရင့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က တုံ့ပြန်သည်။

“သူ့ရဲ့ စကားနဲ့ ပြန်ငှားပြောရရင်တော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်ဆိုတာ သူ (မင်းအောင်လှိုင်) ကိုယ်တိုင် လုပ်နေတဲ့ကိစ္စပါ” ဟု KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က  ဆွေးနွေးပွဲတက်မည်မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ကြေညာထားကြသည်။

အသက် ၆၅ နှစ်ပြည့်သဖြင့် တပ်မှ မဖြစ်မနေအနားယူရတော့မည့်အချိန်တွင် ရာထူးကို သက်တမ်းထပ်တိုးကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်သည့် အထက်ပါ ၅ ဖွဲ့စလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်း၍သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း စစ်ကောင်စီကို ခုခံတော်လှန်နေသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုတွင် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကို တွေ့ရကြောင်း၊ ပါဝင်သင့်သူများပါဝင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီက မေလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နိုင်ငံရေးပြဿနာ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ ကျွန်တော်တို့ကတော့ မယူဆပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးတာ၊ လက်နက်ဖြုတ်သိမ်းရေးအတွက် ဆွေးနွေးတာ၊ နောက် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းကို ဆွေးနွေးပြီးမှ ကျန်တဲ့အဖွဲ့တွေကို ပြန်တိုက်ဖို့စီစဉ်တဲ့ စစ်ရေးသဘောလည်း ဆောင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် စစ်တပ်သည် တိုင်းရင်းသားများလိုလားသည့် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အသိအမှတ်မပြုရုံသာမက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရေးကိုသာ အစဉ်တစိုက် ဦးတည်ဆွေးနွေးလေ့ရှိသည်။

ပြီးခဲ့သည့် NLD အစိုးရသက်တမ်း ၅ နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူ ဦးမိုးဇော်ဦးက စစ်တပ်သည် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဦးမိုးဇော်ဦးသည် လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည်။

စစ်ကောင်စီ၏ ‘ငြိမ်းချမ်းရေး’ ဖိတ်ခေါ်မှုကို ငြင်းဆန်သူတို့က NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအားလုံး မပါဝင်မှုနှင့် ပတ်သက်၍လည်း ထောက်ပြနေကြသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးကမူ စစ်ကောင်စီနှင့် အပေးအယူလုပ်မည်မဟုတ်ဟု ဆိုသည်။

“ဒီကနေ့အချိန်မှာ ပြည်သူတွေရဲ့ အင်မတန်သေချာတဲ့ သန္နိဋ္ဌာန်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ။ ဒီလိုသန္နိဋ္ဌာန်ချထားတဲ့အချိန်မှာ NUG အနေနဲ့ဖြစ်ဖြစ် PDF အနေနဲ့ဖြစ်ဖြစ် စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်အတွေးအခေါ်ရှိသူတွေနဲ့ ဘယ်လိုအပေးအယူမျိုးမှ ကျွန်တော်တို့ ဆောင်ရွက်လို့မရဘူး၊ ဆောင်ရွက်မှာလည်း မဟုတ်ဘူး” ဟု ဦးရည်မွန်က မေလ ၄ ရက်တွင် Myanmar Now ကို ပြောထားသည်။

လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီ၏ နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင်မူ တပ်ချုပ်၏ ဖိတ်ခေါ်ချက်ကို လက်ခံပြီး ဆွေးနွေးပွဲတက်မည့် အဖွဲ့အစည်း အများအပြားရှိမည်ဟု သိရကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲတက်ရန် သေချာသည်ဟု သတင်းထွက်လာသည့် အဖွဲ့များတွင် အပစ်ရပ်စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့အနက် ၅ ဖွဲ့ ပါဝင်ပြီး ကျန်တစ်ဖွဲ့မှာ မိုင်းလား NDAA အဖွဲ့ဖြစ်သည်။

NCA ၅ ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်သည်။

မိုင်းလားအဖွဲ့ NDAA မှာ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်သည်။

သို့သော် FPNCC ကို ကိုယ်စားပြုတက်ရောက်ခြင်းမဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့်သာ တက်ရောက်ခြင်းဖြစ်သည်ဟု NDAA ဘက်က တုံ့ပြန်ထားသည်။

FPNCC တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေဖြင့် ဆွေးနွေးပွဲ တက်၊ မတက် သဲသဲကွဲကွဲမသိရသေးသလို တရားဝင်ထုတ်ပြန်ခြင်းလည်း မရှိသေးပေ။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို ဆွေးနွေးပွဲတက်၊ မတက်နှင့် ပတ်သက်ပြီး မေလ ၉ ရက်တွင် Myanmar Now က ဆက်သွယ်ရာတွင်လည်း “ဌာနချုပ်ဘက်က ဘာမှ ပြောသံမကြားရသေး” ကြောင်းသာ တုံ့ပြန်သည်။

FPNCC ၏ နောက်ထပ်အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ဆွေးနွေးပွဲတက်၊ မတက်ကိုလည်း မသိရသေးပေ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ စစ်ကောင်စီဖိတ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အောင်မြင်မည်မဟုတ်ဟု မှတ်ချက်ပြုသည်။

“ထိရောက်တဲ့၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချပေးမဲ့ အစည်းအဝေးမျိုး မဖြစ်နိုင်ဘူးဆိုတာ ဖော်ပြလိုက်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ PPST ရဲ့ ၁၀ ဖွဲ့က ၅ ဖွဲ့ပဲ တက်မယ်ဗျာ။ အဲဒီ ၅ ဖွဲ့ကလည်း ဘာမှ အင်အားမရှိတဲ့ အဖွဲ့တွေ” ဟု ၎င်းက ပြောသည်။

“သူတို့နဲ့ စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခ ဘာမှမှ မရှိဘဲ။ ဘယ်ကိစ္စကို ငြိမ်းချမ်းကြမှာလဲ။ အခုလည်း သူတို့က ငြိမ်းချမ်းရေးရထားပြီးသားအဖွဲ့အစည်းတွေလေ။ နောက်ပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ သူတို့အကျိုးစီးပွားတွေ တစ်စုံတစ်ရာတည်ဆောက်ထားနိုင်တဲ့ အခွင့်အလမ်းတွေရထားတဲ့ အဖွဲ့အစည်းငယ်လေးတွေပဲ ဖြစ်ပါတယ်”။

“ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ထွက်ဆွေးနွေးမယ်လို့ ပြောလည်း ဖြစ်လာနိုင်မဲ့ အစည်းအဝေးအခြေအနေက မကောင်းဘူး။ မထိရောက်ဘူး။ ဗမာပြည်ငြိမ်းချမ်းရေးအတွက် ဘာပြဿနာမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button