ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော နိရဥ္စရာသတင်းဌာန၏ ရုံးခန်းဟု ယူဆရသည့် နေအိမ်တစ်ခုကို ယနေ့ (မေ ၇) နံနက်က ရဲများ၊ ထောက်လှမ်းရေးများက အင်အားသုံး ရှာဖွေခဲ့သောကြောင့် ထိုသတင်းဌာနမှ သတင်းသမားများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ ယခင်ရုံးအဟောင်းကို ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း နိရဥ္စရာ၏ လက်ထောက်အယ်ဒီတာက Myanmar Now ကို ပြောသည်။
“အဲဒီပတ်ဝန်းကျင်ကလူတွေပြောလို့ ကျွန်တော်တို့သိရတာက စခန်းမှူးပါတယ်။ ရဲတပ်ဖွဲ့ယူနီဖောင်းတွေနဲ့လည်း ပါတယ်။ အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ ပြီးတော့ ရဲမေတွေလည်း ပါတယ်လို့ ပြောကြတယ်။ ဘာကြောင့်လာရှာတယ်၊ ဘယ်သူ့ကို လာရှာတယ်ဆိုတာကိုတော့ အခုထိ တိတိကျကျမသိရသေးဘူး” ဟု သူက ဆိုသည်။
ထိုအိမ်တွင် ခေါင်မိုးပြင်နေသည့် အလုပ်သမားများ ရှိနေစဉ် ရဲများ ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့က အဲဒီအိမ်ကို ပိုင်ရှင်ဆီ ပြန်အပ်ထားတာ ကြာပါပြီ။ နောက်တစ်နေရာကို ရောက်သွားပြီ။ အဲဒီရုံးဟောင်းမှာ သွပ်ခေါင်မိုးအပေါက်ကို ဖာနေတဲ့ အလုပ်သမားတွေရှိတယ်လို့ ပြောပါတယ်။ သူတို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ကြတယ်” ဟု သူက ဆိုသည်။
“အလုပ်သမားတွေက အိမ်ပိုင်ရှင်ကို ဖုန်းဆက်အကြောင်းကြားတယ်လို့ ပြောပါတယ်။ အဲဒီပတ်ဝန်းကျင်က လူတွေကိုလည်း (စစ်ကောင်စီတပ်ဖွဲ့ဝင်များက) မေးတယ်လို့ ပြောကြတယ်။ သူတို့ဘယ်မှာလဲ သူတို့လိပ်စာ သိလား၊ ဘယ်ကိုပြောင်းသွားတာလဲ မေးခဲ့ကြတယ်လို့ ပြောကြတယ်”
ဤဖြစ်ရပ်ကြောင့် နိရဥ္စရာသတင်းဌာန၏ သတင်းတင်ဆက်မှုအစီစဉ်များကိုလည်း ယာယီရပ်နားထားရပြီး သတင်းထောက်နှင့် ဝန်ထမ်းများအားလုံး လုံခြုံစိတ်ချရသည့်နေရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
“အတွင်းစကား ကြားရတာက စစ်တွေဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) က တရားစွဲထားတယ်လို့ ကြားသိရတယ်။ ဘာကြောင့်ဆိုတာကိုလည်း မသိရဘူး။ သတင်းဌာနကို စွဲတာလား။ ဘယ်သူ့ကို စွဲတာလဲဆိုတာကိုလည်း မသိရဘူး” ဟု နိရဥ္စရာသတင်းဌာနနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
နိရဥ္စရာသတင်းဌာနရုံးဟောင်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေမှုနှင့် ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း စစ်ရေးဆိုင်ရာသတင်းရေးသားမှုများ၊ သတင်းရေးသားရာတွင် စစ်ကောင်စီဟု သုံးနှုန်းထားသောကြောင့် ထိုသို့ ဝင်ရောက်ရှာဖွေခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်းသတင်းသမားတစ်ဦးက မှတ်ချက်ပြုသည်။
“နိရဥ္စရာသတင်းဌာနက အခုရက်ပိုင်း စစ်ရေးဆိုင်ရာသတင်းတွေ အများကြီးတက်တာ တွေ့ရတယ်။ အဲဒါကြောင့် လိုက်ရှာတာဖြစ်မယ်” ဟု ရခိုင်သတင်းဌာနတစ်ခု၏ အယ်ဒီတာချုပ်က ပြောသည်။
ရခိုင်ရှိ သတင်းဌာနနှင့် သတင်းသမားများ၏ လက်ရှိကြုံနေရသည့် အခြေအနေမှာ သတင်းကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာသတင်းရေးသားဖော်ပြခွင့် မရှိသည့်ပြင် စစ်ကောင်စီ၏ ခြိမ်းခြောက် တရားစွဲဆိုမှုများကို ရင်ဆိုင်နေကြရပြီး အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု အမည်မဖော်လိုသည့် ရခိုင်သတင်းထောက်တစ်ဦးက ပြောသည်။
“ရခိုင်ပြည်ဟာ ဒေသတည်ငြိမ်မှုတွေရှိနေပေမဲ့ သတင်းသမားတွေအတွက် မငြိမ်းချမ်းပါဘူး။ အမျိုးမျိုး နှိပ်ကွပ်မှုတွေကို ခံစားနေရပါတယ်။ လွတ်လပ်စွာသတင်းရေးသားပိုင်ခွင့် မရှိဘူး။ စစ်ကောင်စီကို စစ်ကောင်စီလို့ ရေးတာတောင် သူတို့စစ်ကောင်စီက မကြိုက်ကြဘူး” ဟု အဆိုပါ ရခိုင်သတင်းထောက်က ဆိုသည်။
“သတိပေးခြိမ်းခြောက်တာတွေ ရှိနေတယ်။ နောက်ပြီးတော့ သူတို့စစ်တပ်နဲ့ ပတ်သက်လို့ ဝေဖန်ရေးသားတာလည်း မကြိုက်ဘူး။ ထစ်ခနဲဆို သူတို့ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ဖမ်းမယ်ဆိုတာချည်းပဲ လုပ်နေတော့ သတင်းသမားတွေဟာ ကိုယ့်အလုပ်ကို ကိုယ်လွတ်လွတ်လပ်လပ်ရေးသားပိုင်ခွင့်မရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုအခြေအနေမျိုးတွင် တရားစွဲဆိုခံထားရသည့် ရခိုင်သတင်းဌာနတချို့လည်း ရှိနေသလို ထွက်ပြေး ပုန်းရှောင်နေရသည့် သတင်းသမားအချို့လည်း ရှိနေသည်။ ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ရခိုင်ဒေသ တချို့သတင်းသမားများမှာ ကလောင်ဝှက်ဖြင့် သတင်းရေးသားနေကြရသည်ဟု အထက်ပါ သတင်းထောက်က ဆက်ပြောသည်။
“ဒီကာလမှာ သတင်းသမားတွေလည်း တကယ့်ငရဲခန်းကို ဖြတ်ကျော်နေရသလိုပဲ။ သတင်းမီဒီယာဟာ တိုင်းပြည်ရဲ့ နားမျက်စိပါပဲ။ ဒါပေမဲ့ စစ်ကောင်စီဟာ အဲဒီနားမျက်စိကို ပိတ်ပင်နေတယ်။ ပြည်သူလူထုကို သတင်းအမှောင်ချဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် (မတ် ၃၁) နေ့၊ ညနေ ၅ နာရီခန့်တွင် ထောက်လှမ်းရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သော လူ ၁၀ ဦးခန့်က စစ်တွေမြို့ ရွှေဘမ်းလမ်းရှိ နိရဥ္စရာရုံးကို မိနစ် ၃၀ ခန့် ဝင်ရောက်ရှာဖွေကာ သတင်းထောက်သုံးဦးကို အမှတ် (၁) မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။
ရခိုင်အခြေစိုက် သတင်းဌာန ၅ ခုရှိပြီး ထိုအထဲတွင် Western News သတင်းဌာနကိုလည်း ပလက်ဝ ခလရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည်ဆိုသော သတင်းကို ရေးသားမှုကြောင့် တရားစွဲဆိုခံထားရသလို DMG (Development Media Group) အား တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ၂၀၁၉ မေလအတွင်းက သတင်းတပ်ဖွဲ့ (SB) မှ တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။
ထို့ကြောင့် ဦးအောင်မင်းဦးမှာ တိမ်းရှောင်နေရဆဲဖြစ်သလို ၎င်းသတင်းဌာနက အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ၂၀၂၁လဇန်နဝါရီ ၂၃ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ -၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားခြင်းကြောင့် တိမ်းရှောင်နေရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် Myanmar Now အပါအဝင် သတင်းဌာနတချို့ကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းသည်ဟု ကြေညာခဲ့သလို ဒေသအသီးသီးမှ သတင်းထောက်များကိုလည်း ဖမ်းဆီးတရားစွဲဆို ထောင်ချနေသည်။
ပြန်လွတ်လာသူတချို့ရှိသော်လည်း သတင်းသမား ၅၀ ထက်မနည်း ဖမ်းဆီးခံထားရသည်။
ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်နေသည့် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကောင်စီတပ်သည် စစ်မျက်နှာအများအပြားဖွင့်ထားရသောကြောင့် အင်အားကြီးလက်နက်ကိုင် ရက္ခိုင့်တပ်တော် (AA) နယ်မြေစိုးမိုးထားသည့် ရခိုင်ဒေသအတွင်း စစ်မျက်နှာမဖွင့်ခြင်းဖြစ်မည်ဟု တော်လှန်ရေးသမားများက ယူဆထားကြသည်။
သို့သော် AA အနေဖြင့် တော်လှန်ရေးအဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းများ ပြုလုပ်နေသလို ဒေသအတွင်း ဩဇာကြီးမားလာစေရန် ကြိုးပမ်းနေသည့်အတွက် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)