
လက်နက်ကိုင်ခုခံမှုပြင်းထန်နေသည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း နှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
မြောက်ပိုင်းတွင်ရှိသည့် မြို့တော် ဟားခါးမှ ဖလမ်းသို့ ဦးတည်သည့် ယာဉ်တန်းတွင် သံချပ်ကာအပါအဝင် အစီးရေ ၃၀ နီးပါး ပါဝင်ပြီး မေ ၄ ရက်မှစ၍ လမ်းတစ်လျှောက် တိုက်ခိုက်နေရာ နှစ်ဖက် ထိခိုက်မှုများနေသည်ဟု ချင်းအမျိုးသားတပ်ဦး CNA/ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံမှ သိရသည်။
မေ ၄ ၊ ၅ နှစ်ရက်တာ ချင်းပြည်မြောက်ပိုင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော်၊ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ ၉ ဦး သေဆုံးသည်ဟု ၎င်းက ပြောသည်။
ချင်းဒေသကာကွယ်ရေးဘက်မှ CNA/ CNF ၅ ဦး၊ CDF (ထန်တလန်) ၄ လေးဦး သေဆုံးသည်ဟု ဆလိုင်းထက်နီက ပြောသည်။
ထိုယာဉ်တန်းတွင် ဟားခါးမြို့မှ အချုပ်သား ၁၅ ဦးကို ကလေးအကျဉ်းထောင်သို့ ပို့ရန် စစ်ကောင်စီက ခေါ်ဆောင်လာ၍ တိုက်ခိုက်ရခက်ခဲသည်ဟု ၎င်းက ဆက်ပြောသည်။ ထိုသူများထဲတွင် CDF ဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းထားသူအချို့ပါသည်ဟု သတင်းရထားကြောင်း ဆလိုင်းထက်နီက ဆိုသည်။
“…ကိုယ့်ပြည်သူဆိုပြီးတော့ မပစ်အောင် လူသားဒိုင်းသဖွယ် အသုံးချတာ။ ပစ်တဲ့အချိန်မှာလည်း မနည်းရှောင်ရတာတွေရှိတယ်ပေါ့။ သူတို့ကို မထိအောင် ရှောင်ရတာပေါ့” ဟု ၎င်းက ပြောသည်။
“သူတို့က ကားထဲမှာ လက်ထိတ်နဲ့၊ ပြီးတော့ ခြေချင်းခတ်ပြီးတော့ ရဲတွေကို အစောင့်ထားပြီးတော့၊ အလုံးအရင်း အဲဒီလိုခေါ်သွားတာတွေ တခါမှ မကြုံဖူးဘူးဗျ။ ဒီတစ်ခါကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်”
ထိုအခြေအနေအပြင် လက်နက်ကြီးနှင့် တရစပ်ပစ်ခံရခြင်း၊ မိုးရွာနေသဖြင့် မိုင်းဆွဲရ ခက်ခဲခြင်း၊ ပူးပေါင်းအဖွဲ့ဝင်အချို့ နယ်မြေကျွမ်းကျင်မှု အားနည်းခြင်းတို့ကြောင့် မြောက်ပိုင်းတိုက်ပွဲများတွင် ဒေသကာကွယ်ရေးဘက်မှ ထိခိုက်သူများရသည်ဟု ဆလိုင်းထက်နီက သုံးသပ်သည်။
ထိုယာဉ်တန်းသည် ဟားခါး-ဖလမ်းပေါ်ရှိ ရမ်ထလိုရွာနှင့် တလန်ဇာရ်ရွာတို့ကို မီးရှို့ခဲ့ရာ နေအိမ် ၂၀ ကျော် ပျက်စီးကြောင်း၊ ယနေ့ (မေ ၆) ရက်တွင် ဖလမ်းဘက်သို့ ဆက်လက်ထွက်ခွာလာသဖြင့် တိုက်ပွဲဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။
စစ်ရေးတင်းမာနေသည့် မိုင် ၄၀ ကျော်ရှိ ဖလမ်း – ဟားခါး လမ်းတစ်လျှောက် တိုက်ပွဲ အချိန်မရွေးရှိနိုင်၍ သွားလာခြင်းမပြုရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြည်သူများကို ယနေ့ (မေ ၆) နံနက်ပိုင်းက ပန်ကြားထားသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း သံချပ်ကာယာဉ်နှစ်စီးနှင့် ထရပ်ကား ၇၀ ကျော်ပါဝင်သည့် ယာဉ်တန်း မတူပီမှ မင်းတပ်သို့ ဦးတည်နေရာ ဧပြီ ၂၇ ရက်မှစ၍ မိုင် ၁၀၀ နီးပါးရှိ ထိုလမ်းပေါ်တွင် တိုက်ပွဲဖြစ်နေကြောင်း CDF (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ထံမှ သိရသည်။
မင်းတပ် – မတူပီ လမ်းမိုင် ၂၀ မှ ၇၀ ဝန်းကျင်အထိသည် ပေ ၆၀၀၀ မြင့်သည့် တောင်ပေါ်လမ်းဖြစ်ကာ ရာသီဥတုလည်း ဆိုးရွားနေသဖြင့် စစ်ယာဉ်တန်း ယနေ့ ခရီးမဆက်ပဲ ရပ်တန့်နေကြောင်း ၎င်းက မွန်းလွဲပိုင်းတွင် ပြောသည်။
သို့သော် ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီက အနီးဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်နေကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ထိုယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်ချုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း CDF (မင်းတပ်) ထံမှ သိရသည်။
ဧပြီလကုန်ပိုင်းမှစသည့် ထိုဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၁ ဦးသေဆုံးပြီး CDF (မင်းတပ်) အဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။
“မိုင်းတွေလည်း နေ့တိုင်းလိုလို ဆွဲတယ်။ မိုင်းထဲမှာလည်း အကျအရှုံးများနိုင်တယ်။ ဒါပေမဲ့ dead body (အလောင်း) ကို မမြင်ရလို့ မဖော်ပြ (စာရင်းမထည့်) တာ”။
“အနီးကပ်တိုက်ပြီးမှ ရှေ့တန်းက တပ်ရင်းမှူးသော်လည်းကောင်း၊ ဗျူဟာမှူးသော်လည်းကောင်းပြောတဲ့ အားလုံးပေါင်းခြုံကြည့်လိုက်မယ်ဆိုရင် ၉ ယောက်ရယ်၊ ၁၂ ရယ်ပေါ့။ ဒါက dead body (အလောင်း) မြင်ရတဲ့ အနေအထားကို ပြောတာ” ဟု ဆလိုင်းဟာအွမ်က ပြောသည်။
မင်းတပ် – မတူပီ တောင်ပေါ်လမ်းပိုင်းသည် ကားဖြင့် ပုံမှန်ခရီး ၈ နာရီ ဝန်းကျင်သာရှိသော်လည်း စစ်ကောင်စီယာဉ်တန်းမှာ မတူပီမှ စထွက်လာချိန် ၁၀ ရက်ရှိပြီဖြစ်သော်လည်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ခုခံမှုကြောင့် တစ်ရက်လျှင် မိုင်အနည်းငယ်မျှသာ ခရီးဆက်နိုင်သည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ခုခံစစ်အရှိန်မြင့်သည့် ချင်းပြည်နယ်အတွင်း စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းသည့် စစ်ယာဉ်တန်းများ မကြာခဏဝင်ထွက်သွားလာနေရာ ထိုသို့သော တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသည်။
သို့သော် ထိုယာဉ်တန်းများတွင် စစ်အင်အားမည်မျှပါ၍ မည်သည့်ပစ္စည်းများ တင်ဆောင်လာသည်၊ ထိခိုက်သေဆုံးမှု မည်မျှရှိသည်တို့ကို တစ်ကြိမ်မျှ အသေးစိတ် သီးခြားအတည်မပြုနိုင်သေးပါ။ စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုလေ့မရှိပေ။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဧပြီ ၂၅ အထိ စစ်ပွဲများကြောင့် ပြည်သူ ၅၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရကာ ထိုစာရင်းတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ၃၂၀,၀၀၀ ပါဝင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က ယနေ့ (မေ ၆ ရက်) ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)