အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး ဗထူးတိုက်တန်းမှ ဖယ်ပေးကြရန် စစ်ကောင်စီ ထပ်မံဖိအားပေး

စစ်ကောင်စီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများတွင် နေထိုင်သူတို့ကို ဧပြီလကုန် နောက်ဆုံးထားပြောင်းရွှေ့ရန် ထပ်မံဖိအားပေးနေကြောင်း အခန်းပိုင်ရှင်များထံမှ သိရှိရသည်။

ဗထူးကွင်းမှ တစ်ခန်းလျှင် ကျပ်သိန်းတစ်ထောင်ခန့် ကာလပေါက်ဈေးရှိသည့် လူနေအိမ်ခန်းများနှင့် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ကို မတ်လဆန်းကတည်းက ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၆ ညနေတွင် တိုက်တန်း၌ အကြောင်းကြားစာ လာရောက်ကပ်ထားခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

“၄ လပိုင်းအတွက်ဆိုပြီး စာကြီးကပ်သွားတယ်။ သော့ခတ်ထားတဲ့အိမ်တွေကို စာကပ်သွားတယ်။ (လူ) နေနေတဲ့ အိမ်တွေကို စာဝေသွားတယ်။ လာကပ်တာတော့ ဌာနဆိုင်ရာကလူတွေ တစ်ယောက်မှ မပါဘူး။ ကလေးလေးတွေ လာကပ်ခိုင်းတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဆိုင်ခန်းပိုင်ရှင်များထံ လာရောက်အကြောင်းကြားသော ယင်းစာတွင် “ဗထူးအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း ၉၅ ခန်းကို ညွှန်ကြားချက်အရ မတ်လ ၃၁ ရက် နောက်ဆုံးထား၍ အကြောင်းကြားခဲ့ကြောင်း၊ အချို့ဆိုင်ခန်းရှင်များမှာ ယနေ့အချိန်ထိ ဖယ်ရှားပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ဧပြီ ၃၀ နောက်ဆုံးထားဖယ်ရှားရန် ထပ်မံ၍ အကြောင်းကြားသည်” ဟု ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗထူးကွင်းတိုက်တန်းနေရာကို အစားထိုးနေရာ တစ်စုံတစ်ရာမပေးဘဲ ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး နေထိုင်သူ ထက်ဝက်ကျော်ခန့် ထွက်ခွာသွားပြီဖြစ်သည်ဟု သိရသည်။ 

ဗထူးကွင်းတိုက်တန်းနေထိုင်သူများ စုပေါင်း၍ မတ် ၁၈ တွင် စစ်ကောင်စီထံ လိပ်မူကာ စာတိုက်မှတစ်ဆင့် အသနားခံစာတင်ခဲ့ကြသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိကြောင်း၊ ထပ်မံ၍ ကြိုးစားဦးမည်ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“အန်တီတို့ကတော့ မဖယ်ဘူးလေ။ အသနားခံစာတင်ဦးမယ်။ မနက်ဖြန်သန်ဘက်ခါ စောင့်ကြည့်အုံးမယ်” ဟု ဆိုသည်။

ဗထူးကွင်းတိုက်တန်း၌ ထပ်မံကပ်သွားသည့် သတိပေးစာအား ဧပြီ ၂၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ) 

အမည်မဖော်လိုသော အခြားဆိုင်ခန်းရှင်တစ်ဦးကလည်း အသနားခံစာထူးခြားမှုမရှိ၍ ထိုနေရာမှ ထွက်ခွာခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ ရွှေ့ပြီးပြီ။ မသွားသေးတဲ့ဆိုင်ခန်းတွေကို စာကပ်တာပေါ့။ အပြီးရှင်းတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဆိုင်ခန်းများကို အင်အားသုံးရှင်းလင်းခြင်း မရှိသေးသော်လည်း နေထိုင်ရ ခက်ခဲစေရန် မတ်လကုန်က ပြုလုပ်ခဲ့ဖူးသည်။

“မီးနဲ့ ရေ (ဖြတ်တာက) တော့ ယခုလက်ရှိနေနေတဲ့ လူတွေကိုတော့ ဆက်လုပ်ဆောင်ခြင်း မရှိတော့ဘူး။ အရင်တုန်းက ရေဖြတ်မီးဖြတ်လုပ်ထားတဲ့ (အခန်း) တွေကတော့ ဒီအတိုင်းပဲ” ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့်မတ်လဆန်း၌ နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုကာ မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာအားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနှင့် ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို ဖယ်ရှားပေးရန် စာတိုက်မှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ဖယ်ရှားပေးရသည့် အားကစားဌာနလက်အောက်ရှိ ယင်းဆိုင်ခန်းများသည် နေထိုင်ခွင့်စာချုပ် ၈ နှစ်နှင့်အထက် ကျန်ရှိနေပြီး စာချုပ်ပါသဘောတူညီချက်အပိုဒ် (၁၆) အရ နိုင်ငံတော်က လိုအပ်၍ တောင်းဆိုလာလျှင် ဖယ်ရှားပေးရမည်ဖြစ်ပြီး မြေနေရာအစားထိုးပေးမည်ဟု ဖော်ပြထားသောကြောင့် ကာယကံရှင်တို့က လျော်ကြေးရရှိရန် မျှော်လင့်နေကြသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာ၌ စစ်ကောင်စီခေါင်းဆောင်က ဗထူးကွင်းကို လာရောက်ခဲ့ပြီး ကွင်း၏လျှောက်လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရန် ညွှန်ကြားခဲ့သဖြင့် ၎င်းအလိုကျ ဖယ်ရှားရှင်းလင်းရန် အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟု ဗထူးတိုက်တန်းနေထိုင်သူများ ကယူဆကြသည်။

မြို့ခံအချို့ကမူ အိမ်ခြံမြေစျေးမြင့်မားသော မန္တလေးမြို့၏ အချက်အချာကျသည့်နေရာတွင် တည်ရှိသော ယင်းနေရာကို စစ်ကောင်စီက မျက်စိကျသဖြင့် ဖယ်ရှားခိုင်းခြင်းသာဖြစ်ကြောင်း ပြောဆိုနေကြသည်။

အားကစားတိုက်တန်းရှိ ဆိုင်ခန်းအိမ်ခန်းများတွင် နေထိုင်သူတို့ကို ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ အားကစားဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button