သတင်း

မန္တလေး ဗထူးကွင်းတိုက်ခန်းမှ ဖယ်ပေးရန် ပိုင်ရှင်များကို စစ်ကောင်စီ တောင်းဆို

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း ဘေးပတ်လည်ရှိ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများ မတ်လကုန် နောက်ဆုံးထားဖယ်ရှားရန် စစ်ကောင်စီ၏ အားကစားဌာနက တောင်းဆိုလာသဖြင့် ကာယကံရှင်များ မကျေမနပ်ဖြစ်နေကြသည်။

ကွင်းပတ်ချာလည်၌ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော် ရှိပြီး တစ်ခန်းလျှင် ကာလပေါက်ဈေး သိန်းတစ်ထောင်ခန့် ရှိနေသည်။ 

နေထိုင်ခွင့်သက်တမ်းမပြည့်သေးမီပင် ဖယ်ရှားခိုင်းခြင်းသည် နည်းလမ်းမမှန်ကြောင်း ၁၉၉၆ ခုနှစ်မှ စတင်ဝယ်ယူကာ နေထိုင်လာသည့် ဗထူးကွင်းတိုက်တန်းနေ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ရိုက်လာပြောခြင်းမျိုး မရှိဘူး။ စာတိုက်ကတစ်ဆင့် အကြောင်းကြားစာပို့တယ်။ ကျွန်တော်တို့က သက်တမ်း ၈ နှစ် ကျန်သေးတယ်။ ဒါကို အခုဖယ်ရှားခိုင်းတာ လုပ်ထုံးလုပ်နည်းလည်းမညီဘူး။ ဥပဒေမဲ့လွန်းတယ်ဗျာ” ဟု ၎င်းက ဆိုသည်။

ဖယ်ရှားရန် အကြောင်းကြားရာတွင် မြေနေရာအစားထိုးပေးခြင်းမျိုးလည်း မရှိကြောင်း ဆိုသည်။

“ကျွန်တော်တို့ စာချုပ်ချုပ်တုန်းက သူတို့ညွှန်မှူးတွေနဲ့ တိုက်ရိုက်ချုပ်ရတယ်။ ခုကျတော့ စာတိုက်ကို အကြောင်းကြားစာ သွားယူရတယ်။ ဘာနစ်နာကြေးမှလည်း မရဘူး။ လက်လွတ်စပယ်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃ ၌ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗထူးကွင်းကို လာရောက်ခဲ့ပြီး ကွင်း၏လျှောက်လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရန် ညွှန်ကြားခဲ့သဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပေါ်ကနေ တဲကို ဆင်းပေးရတော့မယ်။ အခုကာလ အိမ်ငှားဖို့လည်း မတတ်နိုင်ဘူး။ တစ်သက်လုံး စိတ်ဆင်းရဲနေရတော့မှာ။ အများကြီးစိတ်ဒုက္ခရောက်နေရတယ်ဗျာ” ဟု သူက ဆိုသည်။

အသက် ၃၀ ကျော်အရွယ် တိုက်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးကလည်း အလားတူ ပြောသည်။

“ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။ သက်တမ်းကုန်လို့ ဖယ်ခိုင်းရင်ထားပါတော့။ ခုမှ ဝရုန်းသုန်းကား ဖယ်ခိုင်းတယ်။ ကြိုတင်အကြောင်းကြားခြင်းလည်း မရှိခဲ့ဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။

မန္တလေးမြို့တွင် အကွက်အကွင်းကျသော ယင်းနေရာကို စစ်ကောင်စီက မျက်စိကျ၍ ဖယ်ရှားခိုင်းခြင်းသာ ဖြစ်နိုင်ကြောင်း ၎င်းက ယူဆနေသည်။ 

“စစ်ကောင်စီက လူတွေကို ဆူပူအောင် တမင်လုပ်နေတာလား။ အေးချမ်းချင်တယ်ဆိုရင် အဆင်ပြေအောင် ထားရမှာပေါ့” ဟု သူက ပြောသည်။

အကြောင်းကြားစာတွင် နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုကာ ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာအားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနှင့် ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို မတ် ၃၁ နောက်ဆုံးထားဖယ်ရှားရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

“ကျွန်မတို့မှာ မိသားစုတစ်ပြုံကြီးနဲ့ သွားစရာနေစရာလည်း မရှိပါဘူး။ တကယ်လို့ မဖြစ်မနေ ဖယ်ရရင်တောင် တခြားနေစရာတစ်ခုကို အစားထိုးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဗထူးတိုက်ခန်းနေ ဈေးသည်တစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးတစ်နှစ်ကျော်လာပြီးနောက် မန္တလေးမြို့တွင် နေထိုင်သူအချို့နှင့် မြို့ခံများကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မဖယ်ရှားခိုင်းနေခြင်းကြောင့် မြို့နေလူထုအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်။

ကျူးကျော်ဟု စွပ်စွဲခံရသူများထဲတွင် ဂရန်အမည်ပေါက် ဝယ်ယူနေထိုင်ကြသူများလည်း ပါဝင်နေပြီး စစ်ကောင်စီက အာဏာဖြင့် အဓမ္မဖယ်ရှားခဲ့ကြောင်း မြို့ခံအချို့က ဝေဖန်ကြသည်။

စစ်ကောင်စီက ၎င်းတို့သတ်မှတ်သည့်ရက်အတွင်း မဖယ်ရှားသည့်အဆောက်အအုံများကိုလည်း ဘူဒိုဇာဖြင့် ထိုးခြင်း၊ ရဲနှင့် စစ်တပ် အင်အားအလုံးအရင်းဖြင့် စောင့်ကြပ်၍ နေအိမ်များကို ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပါက ဖမ်းဆီးခြင်းတို့ဖြင့် တုံ့ပြန်နေသည်။

ယမန်နေ့ (မတ် ၈ ) ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် မီးရထားဝန်ထမ်းအိမ်ရာများကို ကျူးကျော်ဟုဆိုကာ မြေကော်စက်များဖြင့် ထိုးကော်ဖျက်ဆီးခဲ့သဖြင့် CDM ဝန်ထမ်းများမှာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရသည်။

“သူတို့ခေတ်ပေါ့၊ လုပ်ကြပေါ့။ ပြည်သူ့မျက်ရည်တွေနဲ့ ကျိန်စာတွေ လုပ်ရက်ကြရင်လုပ်ကြပေါ့။ စားကြပေါ့။ အကုသိုလ်တွေ အကျိုးပေးလာတဲ့နေ့လည်း ခံကြပေါ့။ ကျွန်တော်တို့က လက်နက်မဲ့ ပြည်သူတွေပါ” ဟု မြို့ခံတစ်ဦးက ဆိုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button