သတင်း

မန္တလေး ဗထူးကွင်းတိုက်တန်း အခန်းပိုင်ရှင်များ ပြောင်းရွှေ့ပေးရ

စစ်ကောင်စီ၏ အားကစားဌာနက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများတွင် နေထိုင်သူတို့ကို မတ်လအကုန် အပြီးသတ် ထွက်ခွာခိုင်းထားသောကြောင့် စတင်ရွှေ့ပြောင်းနေရကြောင်း ကာယကံရှင်များထံမှ သိရသည်။ 

ကာလပေါက်ဈေး တစ်ခန်းလျှင် ကျပ်သိန်းတစ်ထောင်ခန့် ရှိသည့် ဗထူးကွင်းရှိ လူနေအိမ်ခန်းနှင့် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ကို မတ်လဆန်းကတည်းက ဖယ်ရှားရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“(မတ်လကုန်) မတိုင်ခင်ကတည်းက ပစ္စည်းတွေ ရွှေ့တဲ့သူကရွှေ့ပေါ့။ (မဖယ်ရသေးတာ) ၄၊ ၅၊ ၆ ခန်းပဲ ကျန်တော့တယ်။ ကြောက်ပြီးဖယ်တာလည်း ပါတာပေါ့” ဟု ဗထူးကွင်းတိုက်တန်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ယမန်နေ့ (ဧပြီ ၅) တွင် ပြောသည်။

ဗထူးကွင်းတိုက်တန်းမှာ နေထိုင်သူများက မတ် ၁၈ ၌ စုပေါင်း၍ စစ်ကောင်စီထံ လိပ်မူကာ စာတိုက်မှတစ်ဆင့် အသနားခံစာတင်ခဲ့ကြသော်လည်း တစ်စုံတစ်ရာအကြောင်းမထူးခဲ့ကြောင်း၊ လက်ရှိတွင် နေထိုင်စရာ အခက်အခဲဖြစ်နေသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

“တချို့ဆို နေစရာအိမ်မရှိဘဲ နယ်မှာသွားပြီး အိုးမဲ့အိမ်မဲ့သွားနေရမဲ့လူတွေရှိတယ်။ အိမ်ငှားခမတတ်နိုင်လို့ ဘုန်းကြီးကျောင်းသွားနေရမဲ့သူလည်းရှိတယ်။ ဒီခေတ်ကာလကြီး စီးပွားရေးကလည်း မကောင်းတဲ့အတွက် ခက်ခဲသွားတဲ့အခြေအနေပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ပြောင်းရွှေ့ပြီးသည့်ဆိုင်ခန်းများကို မီတာဘောက်များကို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက လာရောက်ဖြုတ်သိမ်းခြင်း ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးသည့် ဆိုင်ခန်းများကိုလည်း အင်အားသုံးရှင်းလင်းခြင်းမရှိသော်လည်း ရေဖြတ်ခြင်း၊ မီးဖြတ်ခြင်းများ လုပ်ဆောင်ကြောင်း ယင်းအမျိုးသမီးက ဆိုသည်။

နေထိုင်ခွင့်သက်တမ်း ၈ နှစ်ကျော် ကျန်သေးပြီး ဆိုင်ခန်းဖွင့်လှစ်ထားသည့်အတွက် ၎င်းအနေဖြင့် ပြောင်းရွှေ့ခြင်း မပြုသေးဘဲ ဆက်လက်စောင့်ကြည့်နေသေးကြောင်း ဆက်ပြောသည်။ 

ပြီးခဲ့သည့် မတ်လဆန်း၌ နိုင်ငံတော်လိုအပ်ချက်ကြောင့်ဆိုကာ မန္တလေးတိုင်းအတွင်း ဗထူးအားကစားကွင်းရှိ ဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေမန္တလာအားကစားကွင်းရှိ ဆိုင်ခန်း ၉၅ ခန်းနှင့် ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ခန်းတို့ကို ဖယ်ရှားပေးရန် စာတိုက်မှတစ်ဆင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဖယ်ရှားပေးနေရသည့် အားကစားဌာနလက်အောက်ရှိ ယင်းဆိုင်ခန်းများသည် နေထိုင်ခွင့်စာချုပ်သက်တမ်း ၈ နှစ်နှင့်အထက် ကျန်ရှိနေပြီး စာချုပ်ပါသဘောတူချက် အပိုဒ် (၁၆) အရ နိုင်ငံတော်က လိုအပ်၍ တောင်းဆိုလာလျှင် ဖယ်ရှားပေးရမည်ဖြစ်ပြီး မြေနေရာအစားထိုးပေးမည်ဟု ဖော်ပြထားသောကြောင့် ကာယကံရှင်များက လျော်ကြေးရရှိရန် မျှော်လင့်နေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ၌ စစ်ကောင်စီခေါင်းဆောင်က ဗထူးကွင်းကို လာရောက်ခဲ့ပြီး ကွင်း၏လျှောက်လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရန် ညွှန်ကြားခဲ့သဖြင့် ၎င်းအလိုကျ ဖယ်ရှားရှင်းလင်းရန် အကောင်အထည်ဖော်ခြင်းဖြစ်နိုင်သည်ဟု ဗထူးတိုက်တန်းနေထိုင်သူများက ယူဆကြသည်။

မြို့ခံအချို့ကမူ မန္တလေးမြို့တွင် အကွက်အကွင်းကျသော ယင်းနေရာကို စစ်ကောင်စီက မျက်စိကျ၍ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။

နေထိုင်သူများ ပြောင်းရွှေ့သွားပြီးနောက် ဗထူးကွင်းတိုက်တန်းများအား ဧပြီလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါအစိုးရပိုင်မြေနေရာများ ဖယ်ရှားပေးရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူလပါစာချုပ်အတိုင်း ပြန်လည်စိစစ်ပေးမည်ဟု မတ်လ ၃၀ က ပြောဆိုထားသော်လည်း အောက်ခြေနှင့် ကွာဟနေကြောင်း ဖယ်ရှားပေးရသည့် ဗထူးကွင်းတိုက်တန်းနေ ဆိုင်ခန်းရှင်နောက်တစ်ဦးက ပြောသည်။

“စာချုပ် ၈ နှစ်ကျန်တာကို ဖွက်ထားတယ်။ ယဉ်ယဉ်ကျေးကျေးပြောရရင် လူကြီးက ခိုင်းတာတစ်မျိုး အောက်ခြေမှာ လုပ်နေတာ ပုံစံမကျမှုတွေက အရမ်းကွာဟနေတယ်။ ပြည်သူကို ဒုက္ခပေးချင်ရုံသက်သက်ပဲ လုပ်နေလား၊ တိုးတက်ချင်တာလား” ဟု ၎င်းက ဆိုသည်။

ဆိုင်ခန်း အိမ်ခန်းများတွင် နေထိုင်သူတို့ကို ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ အားကစားဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်လာပြီးနောက် မန္တလေးမြို့တွင် နေထိုင်သူအချို့နှင့် မြို့ခံများကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မဖယ်ရှားခိုင်းနေခြင်းကြောင့် မြို့နေလူထုအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်။

ကျူးကျော်ဟု စွပ်စွဲခံရသူများထဲတွင် ဂရန်အမည်ပေါက်ဝယ်ယူနေထိုင်သူများလည်း ပါဝင်နေပြီး စစ်ကောင်စီက အာဏာဖြင့် အဓမ္မဖယ်ရှားခဲ့ကြောင်း မြို့ခံအချို့က ဝေဖန်ကြသည်။

စစ်ကောင်စီက ၎င်းတို့သတ်မှတ်သည့်ရက်အတွင်း မဖယ်ရှားသည့်အဆောက်အအုံများကိုလည်း မြေကော်စက်ဖြင့် ထိုးခြင်း၊ ရဲနှင့် စစ်တပ် အင်အားအလုံးအရင်းဖြင့် စောင့်ကြပ်၍ နေအိမ်များကို ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပါက ဖမ်းဆီးခြင်းတို့ဖြင့် တုံ့ပြန်နေသည်။

ဖယ်ရှားရန် ထိုအမိန့်ညွှန်ကြားချက်တွင် ပါဝင်သော ပြင်ဦးလွင်ခရိုင်/မြို့နယ်အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း ၁၆၂ ခန်းကိုလည်း စစ်ကောင်စီက ဧပြီလဆန်း ၁ ရက်နေ့အထိ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button