အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတူပီမှ ဆင်းလာသည့် စစ်ယာဉ်တန်းကို CDF ကြားဖြတ်တိုက်ခိုက်

ချင်းပြည်နယ်၊ မတူပီမြို့မှတဆင့် မင်းတပ်မြို့သို့ ပြန်ဆင်းလာသည့် သံချပ်ကာနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို နေ့စဉ်ကြားဖြတ် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။

ဧပြီ ၂၇ ရက် ညနေတွင် မင်းတပ် – မတူပီလမ်းအတိုင်း ထွက်လာသည့် စစ်ကားအစီး ၇၀ ကျော်ပါ စစ်ယာဉ်တန်းကို CDF (မတူပီ) မှ နှစ်ရက်ဆက် ကြားဖြတ်တိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ယမန်နေ့ (ဧပြီ ၂၈) တွင် သတင်းထုတ် ပြန်သည်။

ဧပြီ ၂၇ တွင် တိုက်ပွဲမှာ မတူပီမြို့မှ ၈ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ တိုက်ပွဲမှာ ၁၆ မိုင်တွင် ဖြစ်ခဲ့သည်ဟု CDF (မတူပီ) ဘက်က ဆိုသည်။ 

“ပြောက်ကျားနည်းနဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် ကျွန်တော်တို့ဘက်က ထိခိုက်တာတော့မရှိဘူး။ စကစ ဘက်ကတော့ ၁၅ ဦးလောက်သေတယ်။ အများအပြား ဒဏ်ရာရတာမျိုးရှိတယ်” ဟု CDF မတူပီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ပြောသည်။

မင်းတပ်တွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် မတ် ၂၆ ရက်တွင် ထွက်ခွာလာပြီး မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့သို့  ဧပြီ ၇ တွင် ရောက်ခဲ့သည်။

၈ နာရီခန့်သာ မောင်းရသည့်ခရီး ဖြစ်သော်လည်း လမ်းတလျှောက် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ ယာဉ်တန်း၏ခရီးက နှစ်ပတ်နီးပါးကြာမြင့်ခဲ့သည်။

ထို့နောက် ဧပြီ ၂၇ တွင် မတူပီမြို့မှ ပြန်လည်ထွက်ခွာလာရာ CDF (မတူပီ) နှင့် အပြန်လမ်းတစ်လျှောက် တိုက်ပွဲများ ဆက်ဖြစ်နေခြင်း ဖြစ်သည်။ 

ထိုစစ်ယာဉ်တန်း ယမန်နေ့ (ဧပြီ ၂၉ )တွင် မိုင်တိုင် ၈၀ အနီး ရောက်ရှိနေပြီး တိုက်ပွဲထပ်မဖြစ်သေးကြောင်း CDF (မတူပီ) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိုင်တိုင် ၇၀ ကျော်ပါက မတူပီနယ်နမိတ်မှ မင်းတပ်မြို့နယ် နယ်နမိတ်အတွင်း ရောက်ရှိမည်ဖြစ်ရာ CDF (မင်းတပ်) ကလည်း ထိုစစ်ယာဉ်တန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာ။ အရင်ကလည်း တုံ့ပြန်တယ်။ အကြိမ်တိုင်းမှာ ဘယ်တုန်းကမှ သာသာယာယာသွားတဲ့ဟာမျိုး မရှိဘူး။ မင်းတပ် CDF ကတော့ လုပ်နိုင်သလောက် အကြမ်းဖက် စစ်ကောင်စီတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာ” ဟု ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယမန်နေ့ ညနေတွင် Myanmar Now ကို ပြောသည်။ 

အသွားတွင် စစ်ကားအစီးရေ ၈၀ ဝန်းကျင်ပါဝင်သော်လည်း ယခု ပြန်လည်ထွက်ခွာလာချိန်တွင် ကားအစီးရေ ၇၀ ကျော်သာ ပါဝင်ကြောင်း၊ အင်အားတချို့ ချန်ခဲ့ပုံရကြောင်း CDF မတူပီထံမှ သိရသည်။ 

“ချန်ခဲ့တဲ့တပ်တွေရော၊ ဆင်းသွားတဲ့တပ်တွေရော ပူးပေါင်းပြီးတော့မှ တချို့ နေရာတွေမှာ အာရုံလွှဲတဲ့ ပုံစံနဲ့ စစ်ဆင်ရေးလုပ်တာရှိတယ်” ဟု ကိုနွေဦးလင်းက ပြောသည်။ 

ယာဉ်တန်းသည် မကွေးတိုင်း၊ ကျောက်ထုမြို့မှ ခရီး စတင်ခဲ့သည်။

ခြေလျင်တပ်ရင်း ၁၄၀၊ ခြေမြန်တပ်ရင်း ၃၀၄ နှင့် စစ်ဗျူဟာ တစ်ခုအခြေစိုက်ထားသည့် မတူပီမြို့သို့ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်ကြိမ် သွားရောက်ခဲ့ရာ လက်နက်ခဲယမ်းနှင့် ရိက္ခာ သယ်ဆောင်လာသည်ဟု CDF က ယူဆသည်။

နယ်မြေကျွမ်းကျင်ပြီး စိတ်ဓာတ်အင်အားသာလွန်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ကောင်စီက တိုက်ခိုက်ခံရသည့်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button