သတင်း

ဝက်လက်နှင့် စဉ့်ကူးကို လေကြောင်းမှတိုက်ရန် စစ်တပ် ခြိမ်းခြောက်သည်ဟုဆို

ပြီးခဲ့သည့်ရက်များအတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေဘိုခရိုင်၊ ဝက်လက်အရှေ့ခြမ်းနှင့် စဉ့်ကူးအနောက်ခြမ်းရွာများကို လေကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ယနေ့ (ဧပြီ ၂၈) တွင် ဒေသခံအများအပြား ထွက်ပြေးနေရသည်။

ယမန်နေ့ (ဧပြီ ၂၇) တွင် စဉ့်ကူးမြို့နယ်၊ ကျောက်မြောင်းမြို့ဘက်မှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခု ဧရာဝတီမြစ်တစ်လျှောက် စစ်ကြောင်းထိုးလာခဲ့ရာ မခေါက်ရွာအနီး တပ်စွဲထားစဉ် နောက်တစ်နေ့ (ဧပြီ ၂၈) နံနက်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မည်ဖြစ်သည့်အတွက် ရှောင်တိမ်းကြရန် သတင်းဖြန့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် မခေါက်၊ ဟင်္သာကြီး၊ ကုလားမ၊ လက်ကောက်ကျ၊ နွယ်ညိမ်းစသည့် ရွာများမှ ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးခဲ့ကြရသည်။

ယမန်နေ့ ညနေပိုင်းတွင်မူ ထိုစစ်ကြောင်းနှင့် ဒေသခံပြောက်ကျားအဖွဲ့ဖြစ်သော နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ လက်နက်ကြီးထိမှန်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြောက်ကျားအဖွဲ့ဖြစ်သော Generation Z Special Attack Force က ပြောသည်။

“ညနေပိုင်းကျတော့ သူတို့ သွားတဲ့ မခေါက်ရွာဘက်ကို ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေ လိုက်တယ်။ ရွာထဲ ကျွန်တော်တို့ ဝိုင်းတော့ ဒီကောင်တွေ ထွက်ပြေးတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြပြီးတော့ ဒီကောင်တွေက တောင်ကုန်းပေါ်ကနေပစ်တဲ့ လက်နက်ကြီးတွေ ရွာထဲကျတော့ အိမ်ငါးလုံးလောက် မီးလောင်သွားတယ်” ဟု ထိုအဖွဲ့ခေါင်းဆောင် ကိုနဂါးက ဆိုသည်။

“ရွာထဲမှာ တိုက်ပွဲဖော်ရတာ ရွာနာမှာမို့ ကျွန်တော်တို့ ဆုတ်လိုက်ရသလို ဒီကောင်တွေလည်း ဆုတ်သွားတယ်” 

ယင်းတိုက်ပွဲတွင် စစ်သား နှစ်ဦး၊ ရဲ တစ်ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။ 

လေကြောင်းတိုက်ခိုက်မှုလာမည်ဟု ခြိမ်းခြောက်ခံရသဖြင့် စိုးရိမ်မိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီက PDF တွေနဲ့ မခေါက်ရွာမှာ တိုက်ပွဲဖြစ်တော့ စစ်သားတွေက ပြန်သွားတယ်၊ ဒီနေ့ကျတော့ နောက်တစ်ခေါက် ပြန်လာပြီး ရွာတွေထဲကို သူတို့လေယာဉ်တွေနဲ့ ပစ်မယ်၊ ရှောင်ကြဆိုပြီး ပြောလာတာ” ဟု ဟင်္သာကြီးရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပစ်တာ မပစ်တာ နောက်ထား။ တကယ်ပစ်လာမှာ ကြောက်တော့ ကျွန်မတို့ လွတ်မယ်ထင်ရာ ပြေးရတာပေါ့”

လက်နက်ကိုင်ပြန်ခုခံသူများရှိသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့နေသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးနေရသည်ဟု ဒေသခံတို့က ပြောပြသည်။

စစ်ကောင်စီကမူ ၎င်းတို့၏ တပ်သားများ မီးရှို့မှု ကျူးလွန်မှု မရှိကြောင်း၊ မီးရှို့မှုမှာ လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်ကြောင်း တုံ့ပြန်လေ့ရှိခဲ့သည်။

ဧပြီ ၂၄ မှစ၍ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာနှင့် ရှိမ်းမကားကျေးရွာဘက်မှ အင်အား ၂၀၀ ခန့်စီ ပါသည့် စစ်ကြောင်းနှစ်ကြောင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းနှင့် မန္တလေးတိုင်း၊ ထုံးကြီးမြို့မှ စက်လှေနှင့် လာသည့် စစ်ကြောင်းတစ်ခုတို့ ဝက်လက်အရှေ့ပိုင်းတွင် စီးနင်းနေခြင်း ဖြစ်သည်။ 

မတ္တရာမှ လာသော စစ်ကြောင်းသည် ဧရာဝတီမြစ်ကို ဖြတ်၍ ဧပြီ ၂၄၊ ည ၁၀ နာရီကျော်တွင် စစ်ကိုင်းတိုင်း၊ မင်းဝံတောင်ခြေရှိ PDF တပ်ရင်း ၁၇ စိုးမိုးနယ်မြေဖြစ်သည့် ရှိမ်းမကားဒေသကို ဝင်ရောက်စီးနင်းခဲ့သည်။ 

ထုံးကြီးဘက်မှ တက်လာသည့် စစ်ကြောင်းမှာမူ ဧရာဝတီမြစ် မြေနုကျွန်းပေါ်ရှိ မြေနုကျေးရွာတွင် တပ်စွဲနေကာ ဧပြီ ၂၄ နံနက်တွင် သစ်ဆိမ့်ကျေးရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ဒေသခံ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရှိမ်းမကားဘက်မှ ထွက်လာသည့် စစ်ကြောင်းသည် ရွာများကိုမူ မီးရှို့ ခြင်း မလုပ်ခဲ့သော်လည်း သစ်ဆိမ့်ကြီးကျေးရွာဘက်မှ ဆက်ထွက်လာသည့် စစ်ကြောင်းမှာမူ တစ်ရွာဝင် တစ်ရွာထွက် သွားလာပြီး နေအိမ်များကို မီးရှို့ခြင်း၊ ရွာခံတို့၏ ကားများ၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာသားများထံမှ သိရသည်။

ကျေးရွာများကို မီးရှို့သည့် ထိုစစ်ကြောင်း ရှစ်ကွင်းကျေးရွာရှိ မန္တလေးတောင် (ရှစ်ကွင်းတောင်) ပေါ်တွင် တပ်စွဲထားချိန် ဒေသခံကာကွယ်ရေးအဖွဲ့များ Drone နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အထိနာခဲ့ကြောင်း၊ တောင်အောက်သို့ ဆင်းလာချိန်တွင်လည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

“အဲ့ဒီတိုက်ပွဲက မိနစ် ၂၀ လောက် ကြာတယ်။ (စစ်သားနှစ်ယောက်) ကျသွားတဲ့အချိန် ဒီကောင်တွေ ရှေ့ဆက် မတက်တော့ဘဲ တပ်ဆုတ်သွားတယ်။ ထုံးဘိုရွာကို သွားချင်တာ။ တိုက်ပွဲဖြစ်လိုက်တော့ ဆက်မသွားဘဲ ဆုတ်သွားတာ” ဟု ကိုနဂါးက ဆိုသည်။

တောကြီးကျေးရွာအနီးတွင် တစ်ညအိပ်ခဲ့သည့် စစ်ကောင်စီတပ်က ဆိပ်ကမ်းသာရွာရှိ  နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ရွာမှ ထွက်ချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းခံရကာ ၂၀ ထက်မနည်း ထိခိုက်သွားကြောင်း ၎င်းက ပြောသည်။ 

မိုင်းဆွဲခံရသည့် စစ်သားများက ရွာအတွင်းမှ နေအိမ် ၁၀ လုံးခန့်ကို ထပ်မံမီးရှို့ခဲ့ပြီး တစ်ညအိပ်ကာ ဧပြီ ၂၆ တွင် မုဆိုးခြုံရွာသို့ ရောက်လာပြီး ကားများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ရှစ်ကွင်းရွာနှင့် သစ်ဆိမ့်ရွာတို့မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် ရွာသားဆယ်ဦးခန့်ကိုလည်း မုဆိုးခြုံရွာ ရောက်ပြီး ၎င်းတို့ ထွက်ခွာချိန်တွင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရွာသားတို့ကို လူသားဒိုင်းအဖြစ် သုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် Myanmar Now က ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အလားတူ ဧပြီ ၂၁ မှစ၍ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မူးမြစ်ကမ်းဘေးကျေးရွာများကို စစ်တပ်က နေ့စဉ် ဝင်မွှေနေသည့်အတွက် စစ်ကိုင်းမြို့နှင့် မြင်းမူမြို့ကြား မူးမြစ်ကမ်းနှင့် အနီးအနားမှ ရွာပေါင်း ၁၀ ရွာကျော်မှ လူတစ်သောင်းကျော် ထွက်ပြေးနေရသည်။

သာစည်လေး၊ ဘုရားလှ၊ သာဇင်၊ ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသာ၊ မကျီးကုန်း၊ စံသစ်၊ တောင်မြို့၊ ဒီပဲယင်းကွဲ၊ တောင်ကြား စသည့် ကျေးရွာများမှ အိမ်ထောင်စု သုံးထောင်ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button