
မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ပြင်သစ်ရေနံကုမ္ပဏီ Total ကြားကာလ ၆ လစာအတွက် ပေးရမည့် သဘာဝဓာတ်ငွေ့အမြတ်ငွေကို စစ်ကောင်စီထံ ခွဲဝေမပေးရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Black Money Campaign) က တောင်းဆိုလိုက်သည်။
စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသည့် အခြေအနေများကြောင့် သက်တမ်း ၂၅ နှစ်ကျော်ရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ရန် ယခုနှစ် ဇန်နဝါရီတွင် Total ကုမ္ပဏီက ဆုံးဖြတ်သည်။
ထိုစီမံကိန်းအော်ပရေတာဖြစ်သည့် Total က မထွက်ခွာမီ စစ်အုပ်စုကို အမြတ်ငွေများပေးရန် စီစဉ်နေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၀ သန်းရှိနိုင်ကြောင်း စစ်ကောင်စီထံ စီးဝင်းနေသည့် သဘာဝဓာတ်ငွေ့ဝင်ငွေများဖြတ်တောက်ရန် အဓိကလှုပ်ရှားနေသည့် ထိုအဖွဲ့က ဆိုသည်။
“ကင်းလွတ်ခွင့် အသုံးပြုခွင့်မတောင်းဖို့အတွက် ဘာအကြောင်းပြချက်နဲ့မှ (စစ်ကောင်စီကို) ပိုက်ဆံမပေးဖို့အတွက်ကို ကျွန်တော်တို့ ဖိအားပေးပြီး လှုံ့ဆော်တာလုပ်မယ်ပေါ့” ဟု အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
အမြတ်ငွေများ ခွဲဝေမပေးရန် Total ကုမ္ပဏီကို ယခုလ (ဧပြီ) ၁၃ တွင် စာပေးပို့ တောင်းဆိုခဲ့ပြီး မေ ၂၅ ကုမ္ပဏီ၏ ရှယ်ယာရှင်အစည်းအဝေးမတိုင်မီ ဖိအားပေးတောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် Total ကုမ္ပဏီဘက်က တုန့်ပြန်ခြင်းမရှိကြောင်း၊ အတွင်းသတင်းများအရ အမြတ်ငွေများ စစ်ကောင်စီထံ ရောက်ရန် သေချာနေပြီး ထိုငွေပမာဏမှာ လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုရန် တိုက်ခိုက်ရေးလေယာဉ်အများအပြားဝယ်နိုင်သော ပမာဏဖြစ်ကြောင်း ထိုသူက သုံးသပ်သည်။
“(စစ်ကောင်စီ) က ထပ်ရရင် ဖိုက်တာဂျက် ၁၇ စီး ထပ်ဝယ်လို့ရတဲ့ငွေတွေ၊ PDF, EROs (ဒေသကာကွယ်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်) တွေကို ထိုးစစ်ဆင်မဲ့ပိုက်ဆံတွေ၊ ရွာတွေ မီးထပ်ရှို့ခံရမဲ့ ပိုက်ဆံတွေဖြစ်လာမှာ” ဟု သူက ပြောသည်။
ထိုအမြတ်ငွေအပြင် ရေနံတူးဖော်ထုတ်ယူမှုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကုစားရန် စစ်ကောင်စီကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း (MOGE) မှတစ်ဆင့် ဒေါ်လာ ထပ်ဆောင်းပေးဖွယ်ရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။
MOGE ကို ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူထားပြီး ပိတ်ဆို့မှုတွင် ကင်းလွတ်ခွင့် ၂ ချက်ပေးထားကြောင်း၊ Total အနေဖြင့် ကင်းလွတ်ခွင့်ကို အသုံးပြုပါက စစ်ကောင်စီကို အမြတ်ငွေများခွဲဝေပေးရမည်ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုတွင် MOGE နှင့် အဆက်ဖြတ်၍ လုပ်ငန်းပိတ်သိမ်းထွက်ခွာမည်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကုစားရေး၊ နည်းပညာအကူအညီနှင့် အခွန်များပေးဆောင်ခြင်းအပြင် အစုရှယ်ယာနှင့် အတိုးအမြတ်များကို ဇူလိုင် ၃၀ ရက်မကုန်မီ လွှဲပြောင်းနိုင်သည်ဟု ဖြည့်စွက်ပြဋ္ဌာန်းထားသည်။
ထို့သို့ကင်းလွတ်ခွင့်ရရန် တစ်နည်းအားဖြင့် စစ်ကောင်စီကို အမြတ်ငွေပေးရန် Total ကုမ္ပဏီက ပြင်သစ်အစိုးရထံ လျှောက်ထားရမည်ဖြစ်ပြီး အမြတ်ခွဲပေးခြင်း၊ မပေးခြင်းကို ပြင်သစ်အစိုးရက အဓိကဆုံးဖြတ်မည်ဖြစ်သည်။
ထို့ကြောင့် အမြတ်ငွေများစစ်ကောင်စီထံ မရောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်သစ်အစိုးရနှင့် ဆက်သွယ်ညှိနှိုင်း၍ တားဆီးလျှင် ထိရောက်နိုင်ကြောင်း တက်ကြွလှုပ်ရှားသူများဘက်မှ သုံးသပ်နေကြသည်။
သို့သော် စစ်အစိုးရအဆက်ဆက် နိုင်ငံတကာဖိအားများကို ကျော်လွှားခဲ့ဖူးသော အတွေ့အကြုံရှိသည့် Total ကုမ္ပဏီက စစ်ကောင်စီကို ငွေပေးဖွယ် ရှိသည်ဟု Citizen Action for Transparency (CAfT) ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ယူဆသည်။
“သူတို့လုပ်ခဲ့တဲ့သက်တမ်းလည်း ကြာနေပြီ။ ကျွန်မတို့ ပြည်သူကို အမြဲပဲကျောပေးခဲ့တယ်။ အခုလည်း သူတို့ဆက်ပြီးတော့ ကျောပေးမှာပဲ။ ကျွန်မတို့ ဘယ်လောက်တောင်းဆိုဆို” ဟု ၎င်းက ဆိုသည်။
၁၉၈၈ လူထုလှုပ်ရှားမှုနောက်ပိုင်း စစ်အစိုးရသက်ဆိုးရှည်ရန် ငွေကြေးထောက်ပံ့သူများအနက် Total ကုမ္ပဏီလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ဒေါ်လာသန်း ၂၅၀ ရရှိပါက စစ်အာဏာတည်မြဲရေး၊ စစ်အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်ရေးအတွက် အသုံးပြုဖွယ်ရှိပြီး ပြည်သူလူထုနှင့် လက်နက်စွဲကိုင်တော်လှန်နေသူများကို တိုက်ခိုက်ချေမှုန်းရန် စစ်လက်နက်များ ဝယ်ယူအသုံးပြုနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ယူဆနေသည်။
Total မြန်မာရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အမြတ်ငွေ ဒေါ်လာသန်း ၂၅၀ ခွဲဝေပေးမည်ဆိုသည်မှာ မဟုတ်ဟု အကြောင်းပြန်သည်။ အသေးစိတ်ဖြေဆိုခြင်း မရှိပေ။
စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းထံ ရတနာစီမံကိန်းမှ ရရှိသည့် ဝင်ငွေများစီးဆင်းနေခြင်းကို ရပ်တန့်ရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာက တောင်းဆိုနေသော်လည်း ဓာတ်ငွေ့ယူသည့် ထိုင်း PTT ကုမ္ပဏီက ကိုင်တွယ်ကြောင်း Total က ထုတ်ပြန်ဖူးသည်။
မူလက Total သည် ရတနာစီမံကိန်းတွင် ၃၁ ဒသမ ၂၄ % ပါဝင်ထားပြီး အမေရိကန်ရေနံကုမ္ပဏီ Unocal-Chevron က ၂၈ ဒသမ ၂၆ %၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ % နှင့် MOGE က ၁၅ % ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။
Total ထွက်ခွာပြီးနောက် မိတ်ဖက်ကုမ္ပဏီများကို ရှယ်ယာလွှဲပြောင်းခဲ့ရာ Unocal-Chevron က ၄၁ ဒသမ ၁ %၊ PTTEP က ၃၇ ဒသမ ၁ % ပိုင်သလို အော်ပရေတာလည်းဖြစ်လာကာ MOGE က ၂၁ ဒသမ ၈ % ပိုင်ဆိုင်မည်ဟု မတ်လလယ်တွင် PTTEP က ထုတ်ပြန်ထားသည်။
Total ကုမ္ပဏီထွက်ခွာသွားသော်လည်း ရှယ်ယာပိုင်ဆိုင်မှုပိုများသောကြောင့် စစ်ကောင်စီလက်အောက်ခံ MOGE သည် အကျိုးအမြတ်ပိုရလာဖွယ်ရှိသလို ထိုင်း PTTEP အနေဖြင့် ဝင်ငွေများကို စစ်ကောင်စီထံ ဆက်လက်ပေးချေဖွယ်ရှိနေသည်။
ထွက်ခွာမည့် ကုမ္ပဏီကြီးများအနေဖြင့် စစ်ကောင်စီအကျိုးအမြတ်မရှိစေရန်၊ တာဝန်ယူမှုရှိရန် လိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြောဆိုထားသည်။
ထို့ပြင် NUG ၏ ခွင့်ပြုချက်ရယူရန်လည်း လိုအပ်သည်ဟု ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေအရင်းအမြစ်ကြီးဖြစ်နေပြီး အာဏာမသိမ်းမီက ရေးဆွဲအတည်ပြုခဲ့သည့် ရသုံးမှန်းခြေငွေစာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရရှိနိုင်မည်ဟု သိရသည်။
MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် အမေရိကန်က ထပ်မံအရေးယူရန် အာဏာသိမ်းမှုဆန့်ကျင်သူများက တောင်းဆိုလျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)