
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ အိမ်ခြေ ၄၀၀ရှိ သံဘိုရွာကို စစ်တပ်က ယမန်နေ့ (ဧပြီ ၂၆) တွင် စီးနင်း၍ မီးရှို့ရာ ၁၅၀ကျော် ပြာကျသွားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ထိုနေ့ နံနက် ၅ နာရီခန့်တွင် အင်အား ၆၀ ပါ စစ်ကောင်စီတပ်ဖွဲ့ ရုတ်တရက် ရောက်လာကာ ပစ်ခတ်မှုကြောင့် ရွာဘုန်းကြီးကျောင်းအတွင်းသို့ပင် လက်နက်ကြီးကျည်ကျခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
“လက်နက်ကြီးသံကြားမှ ကျွန်တော်တို့လည်း တောထဲ ထွက်ပြေးတာ” ဟု ရွာသားတစ်ဦးက ပြောသည်။ ဒေသခံများ အချိန်မီထွက်ပြေးနိုင်၍ ထိခိုက်မှုမရှိဟု ထိုသူက ဆိုသည်။
ခင်ဦးမြို့မှ ခြေလျင်ရောက်လာသည့် စစ်တပ်က သံဘိုရွာ တောင်နှင့် မြောက်နှစ်ဖွဲ့ခွဲ ဝင်ရောက်ခြင်းဖြစ်ကာ စီးနင်းပြီး နာရီဝက်ခန့်အကြာမှစ၍ ညနေ ၆ နာရီဝန်းကျင်အထိ တစ်နေကုန် မီးရှို့ကာ ပြန်သွားသည်ဟု ဒေသခံ PDF တစ်ဦးကလည်း ပြောသည်။
သံဘိုရွာသို့ လာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်၊ ဒေသခံများကို ဘေးလွတ်ရာသို့ ခေါ်ဆောင်နိုင်ခဲ့သည်ဟု PDF က ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။
“ကျွန်တော်တို့က စစ်သားတွေ မလာနိုင်တဲ့ဘက်ခြမ်း ထွက်လမ်းလုပ်ထားတဲ့ဘက် အကုန်လုံး လူတွေရော နွားတွေရော အကုန်ခေါ်ထုတ်လာတာ” ဟု အထက်ပါ PDF တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အဲဒီလို ထွက်တာတွေ့တော့ သူတို့က အဝေးကြီးကနေ ပခုံးထမ်းလောင်ချာနဲ့ ထုတယ်။ ကျွန်တော်တို့နဲ့ အတော်ဝေးဝေးမှာ ကွဲတယ်” ဟု ၎င်းက ဆက်ပြောသည်။
PDF အဖွဲ့ဝင်တို့၏ နေအိမ်ဟု ယူဆသမျှကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအတွင်း ယနေ့ (ဧပြီ ၂၇) ပြန်၍ကြည့်ခဲ့သည့် အထက်ပါ ဒေသခံက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
“PDF တွေနေတဲ့ အိမ်တွေကို သီးသန့်ကွက်ရှို့တာတွေရှိတယ်။ အဲဒီလိုအိမ်တွေဆို မလောင်နိုင်တဲ့ နံရံကပ်အိမ် (အုတ်ခံအိမ်) တွေတောင် ထုခွဲ ကျကျနန ရှို့တာဗျ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း သံဘိုရွာသို့ စစ်တပ်စီးနင်းမှုမှာ ၆ ကြိမ်မြောက်ဖြစ်၍ ဒေသခံအများအပြား ယနေ့တိုင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှ ပြည်သူများသည် ရရာလက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို ရှေ့တန်းမှ ပါဝင်တိုက်ခိုက်နေသည်။
စစ်ကောင်စီကလည်း PDF နှင့် တိုက်ပွဲဖြစ်ရာအနီးရှိ ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ကာ လေကြောင်းသုံး၍ပင် တိုက်ခိုက်နေသည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ခင်ဦးမြို့နယ်ရှိ ရွာပေါင်း ၁၃ ရွာမှ အိမ်ခြေ ၁၀၀၀နီးပါး မီးရှို့ခံရ၊ ဒေသခံ ၁၅၆ ဦး သတ်ခံရသည်ဟု PDF စာရင်းအရ သိရသည်။
“ခင်ဦးမြို့နယ် ဒေသခံပြည်သူတွေအကုန်လုံးက စစ်အာဏာရှင်ကို မကြိုက်လို့ သူတို့အုပ်ချုပ်တာ မခံချင်လို့ ကျွန်တော်တို့တစ်နယ်လုံးက ရွပ်ရွပ်ချွံချွံခုခံနေလို့ ဒီကောင်တွေ အပြင်းအထန်ဖိနှိပ်နေတာပေါ့ဗျာ” ဟု PDF အဖွဲ့ဝင်က ပြောသည်။
“ကျွန်တော်တို့ကတော့ မိစ္ဆာကောင်တွေကို ကမ္ဘာမကြေဘူးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ခုခံနိုင်စွမ်းရှိသရွေ့ တော်လှန်နိုင်စွမ်းရှိသရွေ့ တုံ့ပြန်နေဦးမှာပဲ”
ကျေးရွာများ မီးလောင်ကျွမ်းမှုကို ၎င်းတို့လက်ချက် မဟုတ်ဟု စစ်ကောင်စီက အစဉ်တစိုက် ငြင်းလေ့ရှိသည်။
သို့သော် ၂၀၁၆-၁၇ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူပြုမူမှုဖြင့် စစ်ကောင်စီမှာ နိုင်ငံတကာတရားရုံး၌ အမှုရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)