
ရခိုင်ပြည်နယ်တောင်ပိုင်း၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ပေါ်မှ တစ်မိုင်ခန့်သာ ဝေးသည့် လေယာဉ်ကွင်းအနီး လူနေအိမ်၊ ဆိုင်ခန်းများကို စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဖြိုဖျက်ပေးနေရသည်ဟု ဒေသခံများက ပြောသည်။
အမ်း-ရန်ကုန် အာရှကားလမ်းဘေးနှင့် အမ်း- မအီကားလမ်းဘေးတွင် ရှိသော ထိုအဆောက်အအုံများကို ဧပြီ ၂၀ မှစ၍ ဖြိုဖျက်ပေးရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက မေ ၂၁ အထိ အချိန်ပေးသည်ဟု ကြေညာထားကြောင်း ၎င်းတို့က ဆိုသည်။
“မဖြိုပေးဘူးဆိုရင် သူတို့က ဘတ်ဖိုး (မြေကော်စက်) နဲ့ ဖြိုပစ်မှာ။ လူအင်အားနဲ့ ဖြိုပစ်မယ်ဆိုတော့ အိမ်ပိုင်ရှင်တွေက အသုံးပြုလို့မရဖြစ်သွားမယ်။ ဥပမာ သစ်ဆိုရင်လည်း သစ်မရဖြစ်သွားမယ်၊ အုတ်ဆိုရင်လည်း အုတ်တွေပျက်စီးသွားမယ်ဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြိုနေကြတယ်” ဟု ဒေသခံတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။
ထိုနေရာအများစုက စားကျက်မြေများဖြစ်ပြီး အောက်ရွာရှိ ဦးဖိုးအောင်ဆိုသူ၏ မိသားစုပိုင်မြေများကို တစ်ဆင့်ဝယ်ယူထားကြခြင်းဖြစ်ပြီး လက်ရှိတွင် လျော်ကြေးတစ်စုံတစ်ရာ မရရှိကြောင်း ပြောင်းရွှေ့ပေးနေရသူများထံမှ သိရသည်။
အမ်း-မအီအထွက် ကားလမ်းဘေးရှိ နတ်စင်ကုန်းရွာတွင် နေအိမ်၂၁ လုံး၊ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် မူလတန်းကျောင်းတစ်ကျောင်း၊ အမ်း- ရန်ကုန် အာရှကားလမ်းမကြီးဘေး ကျော်ဇံဆီဆိုင်အနီး အိမ် ၂၁ လုံး၊ ခမရ ၃၇၁ တပ်ရင်းအနီးရှိ နေအိမ်အပါအဝင် စျေးဆိုင် ၈ ခု အားလုံးစုစုပေါင်း အဆောက်အအုံ ၅၀ ခန့် ဖြိုဖျက်ခံထားရကြောင်း ၎င်းတို့က ပြောသည်။
အမ်း – ရန်ကုန် အာရှကားလမ်းမဘေး ကျော်ဇံဆီဆိုင်အနီးရှိ စားကျက်မြေနေရာကို လွန်ခဲ့သည့် ၈ နှစ်ခန့်က ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ဖြိုဖျက်ပေးလိုက်ရသည်ဟု ဦးသိန်းလွင်က ဆိုသည်။
“ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို ကျွန်တော်က ဘာမှ ဂဃနဏမသိဘူး” ဟု မြေကွက်ပိုင်ရှင် ဦးသိန်းလွင်က ပြောသည်။
“ကုမ္ပဏီကို ရောင်းစားမယ်ဆိုလည်း ကျွန်တော့်မှာက ဝယ်ထားရတာလေ။ သူတို့ တပ်ပိုင်မြေလည်း မဟုတ်ပါဘူး”
နတ်စင်ကုန်းကျေးရွာမှာ အမ်း-ရန်ကုန် အာရှလမ်းမကြီးအရှေ့ဘက် တစ်ဖာလုံခန့်အကွာရှိ နေအိမ်များကို မတ်လအတွင်းက ပထမအသုတ်အဖြစ်လည်းကောင်း၊ ကျော်ဇံဆီဆိုင်အနီးရှိ နေအိမ်များကို ဧပြီ ၂၀ မှစ၍ ဒုတိယအသုတ်အဖြစ် ဖြိုဖျက်ပေးရကြောင်း ၎င်းက ဆက်ပြောသည်။
“အခုတစ်ဖြတ် အဖြိုခံရတာက ဆယ်အိမ်လောက်ရှိပါတယ်။ ဖြိုပြီးသားအိမ်နဲ့ မဖြိုဘဲကျန်တဲ့အိမ်နဲ့ဆို အားလုံး အိမ်ခြေ ၄၀ လောက်ရှိပါတယ်။ ပထမတစ်သုတ်ကတော့ ၃၀ ကျော်ကျော်လောက် ဖြိုလိုက်တယ်။ ပထမ နတ်စင်ကုန်း၊ ဒုတိယတစ်ဖြတ်ကတော့ ကျော်ဇံဆီဆိုင်ဘေး၊ ကျွန်တော်တို့က အခု ဒုတိယအသုတ်မှာ ပါတာပါ”
“ဖြိုခိုင်းတာက ပထမတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အရင်လာပြောတယ်။ နောက်ပြီးတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လာပြောတယ်။ ဒါကို အမြန်ဖြိုပေးဖို့ပေါ့။ ဖြိုသာဖြိုပေးလိုက်ရတာ ဘာကြောင့်ဆိုတာကို မသိရဘူး။ ဘာကြောင့်ဖြိုခိုင်းတာလဲလို့မေးတော့ တိုင်းမှူးက မျက်စိရှုပ်လို့ဆိုပြီး ဖြိုခိုင်းတာလို့ ဖြေတာပဲ” ဟု ဦးသိန်းလွင်က ပြောသည်။
အဆိုပါ ကားလမ်းအနီးတွင် ရခိုင်လူမျိုးအများစုနှင့် အခြား ချင်း၊ ဗမာ စသည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ပြီး စိုက်ပျိုးခြင်း၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်စားသောက်နေကြကြောင်း သိရသည်။
ကျော်ဇံဆီဆိုင်အနီးက ယခုဖြိုဖျက်ပေးလိုက်ရသည့် မြေနေရာမှာ မိသားစုပိုင်ဖြစ်သည်ဟု အောက်ရွာမှ ဦးဖိုးသာအောင်က အတည်ပြုသည်။
“ကျွန်တော့်အဖေ ပိုင်ဆိုင်တဲ့မြေတွေ။ အိမ်ဖြိုပေးလိုက်ရတဲ့ မြေနေရာကို ရောင်းထားတာလည်း ဟုတ်ပါတယ်။ ရောင်းထားတယ်ဆိုတာက အခုမှ ရောင်းတာမဟုတ်ပါဘူး။ နှစ်ပေါင်းက ၁၉ နှစ်၊ ၄၊ ၅ နှစ် အဲလိုရှိတာတွေ ရှိတယ်။ တချို့ဟာတွေက (မျိုးဆက်) တစ်ဆက်နှစ်ဆက်ပြောင်းသွားကြပြီ” ဟု သူက ဆိုသည်။
မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိ၊ တချို့နေအိမ်များမှာ လမ်းနှင့် မလွတ်သည့်နေရာဖြစ်နေသည့်အတွက် ဖြိုခိုင်းသည်ဟု ကြားသိရကြောင်း ဦးဖိုးသာအောင်က ဆက်ပြောသည်။
“လမ်းနဲ့ နယ်နိမိတ် သတ်မှတ်ထားတာက လမ်းပေါ်ကနေပြီး ၇၅ ပေ သတ်မှတ်ထားတယ်။ ၇၅ ပေက မလွတ်တဲ့ ဟာတွေကို ဖြိုခိုင်းတာ။ တချို့က လမ်းနဲ့ မလွတ်လို့။ တချို့က မမြင်ချင်လို့ ဖြိုခိုင်းတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
“ဆီဆိုင်ရဲ့ အရှေ့ဘက်မှာတော့ စစ်မှုထမ်းဟောင်းမြေလို့ ပြောပါတယ်။ အဲဒီနေရာနဲ့ လေးဖာလုံလောက်ဝေးတဲ့ နတ်စင်ကုန်းရွာကိုလည်း အကုန်ဖျက်ပစ်လိုက်ပြီ”

ဖြိုဖျက်ပေးလိုက်ရသည့် နေရာအနီးရှိ ကျော်ဇံဆီဆိုင်မှာ အရပ်သားနာမည်ခံထားသော်လည်း စစ်ကောင်စီတပ်က ပိုင်သည့် ဆီဆိုင်တစ်ဆိုင်ဖြစ်ကြောင်း နေအိမ်ဖြိုဖျက်ပေးလိုက်ရသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီဆီဆိုင်က တပ်နဲ့ အစုရှယ်တွေ။ အရပ်သားနာမည်ခံတာပေါ့၊ ဒါပေမဲ့ တပ်က ထိန်းချုပ်ထားတာ။ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ တချို့ကပြောတာက ဒုတိုင်းမှူး ဦးတင်လှိုင် သူ့လက်ထက်တုန်းက ဒီဟာကို စွန့်လွှတ်မြေဆိုပြီး ပေးပြီးတော့ ဆီဆိုင်ဆောက်ထားတာ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
အဆိုပါ ကျော်ဇံဆီဆိုင်မြေနေရာမှာလည်း ၎င်းတို့မိသားစု ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး ဖခင် သက်ရှိထင်ရှားရှိခဲ့စဉ်ကတည်းက သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်ဟု ဦးဖိုးသာအောင်က ဆိုသည်။
“ဆီဆိုင်ပိုင်ရှင်က ကျော်ဇံလို့ပြောတယ်။ ကျော်ဇံဆိုတာကလည်း ဘယ်သူဆိုတာ ကျွန်တော်တို့ အတိအကျမသိဘူး။ ဒီကဒေသခံ မဟုတ်ဘူး။ ဆီဆိုင်မြေကလည်း ကျွန်တော်တို့မြေပါ။ အဲဒီမြေကိုတော့ ကျွန်တော်တို့ရောင်းခဲ့တာ မဟုတ်ပါ။ သိမ်းပြီးတော့ ဂရန်ဖောက်တာပါ။ သိမ်းတာက တပ်က သိမ်းသလိုလို၊ အခုဆီဆိုင်ပိုင်ရှင်က ဂရန်ဖောက်သလိုလို ဘယ်လိုမှ အတည်ချလို့မရဘူး။ အဲဒီဆီဆိုင်က နှစ်ပေါင်း နှစ်ဆယ်ဝန်းကျင်လောက် ကြာနေပြီ” ဟု ပြောသည်။
အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီက ဖိအားပေးမှုကြောင့် အမ်းမြို့နယ်တွင် နေအိမ်နှင့် စျေးဆိုင်ခန်းများ ဖြိုပေးရမည့် မြေနေရာအများအပြား ရှိနေသေးသည်ဟု ပြောသည်။
ယခင်ကတည်းက ရွှေ့ပြောင်းခဲ့ရသည့် အမ်းမြို့
၁၉၉၅ ခုနှစ်က အမ်းတွင် ယခင်မြို့ဟောင်းနေရာအား လေယာဉ်ကွင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဆောက်အအုံနှင့် မြို့ခံပြည်သူလူထုနေထိုင်သည့် မြေနေရာများကို သိမ်းဆည်းကာ ယခုလက်ရှိ အမ်းမြို့သို့ ပြောင်းခဲ့ကြောင်း သိရသည်။
အများစုက တောင်ယာလုပ်ငန်းနှင့် ဥယာဉ်ခင်းလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်တတ်ကြပြီး ယခင်နေထိုင်ခဲ့ကြသည့် မြို့ဟောင်းနှင့် အလှမ်းဝေးသောကြောင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ထို့ကြောင့် နှစ်နှစ်ခန့်အကြာ ၁၉၉၈ ခုနှစ်တွင် လုပ်ကိုင်စားသောက်ရန် အချက်အချာကျသည့် ယခင်မြို့ဟောင်းနေရာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြသူတချို့လည်းရှိခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်က ပြောသည်။
“မြို့ပြောင်းတဲ့အခါမှာ သူတို့က စျေးဆိုင်တွေလုပ်ပေးခဲ့တာတွေရှိတယ်။ စျေးဆိုင်တွေလုပ်ပေးခဲ့တဲ့ အခု မြို့တည်ထားတဲ့နေရာက လူဦးရေအရမ်းနည်းတဲ့နေရာ စျေးရောင်းစျေးဝယ်လုပ်လို့ အဆင်မပြေတဲ့ နေရာဖြစ်တဲ့အခါမှာ သူတို့ပြန်ပြီးတော့ ပြောင်းရွှေ့လာကြတယ်” ဟု ဆိုသည်။
“ပြောင်းရွှေ့လာတဲ့အချိန်မှာ အဲဒီအချိန်ခါ ဌာနဆိုင်ရာတွေ ရုံးဆောက်ခဲ့တဲ့နေရာတွေက မြေလွတ်ဖြစ်နေတယ်။ မြေလွတ်ဖြစ်နေတော့ သက်ဆိုင်ရာဌာနတွေမှာ လစဉ်ကြေးပေးပြီးတော့ သူတို့ဆိုင်ခန်းတွေ ဖွင့်ခဲ့တာတွေရှိတယ်။ လေယာဉ်ကွင်းဆိုလည်း ခြံစည်းရိုးကာထားတဲ့ အပြင်ဘက်မှာ ဆောက်ပြီးနေကြတာရှိတယ်” ဟု ၎င်းက ပြောသည်။
မြို့သစ်တည်ဆောက်ပြီး နှစ်အနည်းငယ်အကြာတွင် ယခင်မြို့ဟောင်းနေရာမှ ဌာနဆိုင်ရာအဆောက်အအုံများရှိခဲ့သည့် မြေနေရာများအား ခုတ်ထွင်းရှင်းလင်း၍ ပြန်လည်လာရောက်နေထိုင်ခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၄ နှစ်ခန့်ရှိနေပြီဟု ၎င်းက ဆက်ပြောသည်။
“လစဉ်ကြေပေးရတာကလည်း ဒီ NLD အစိုးရ တက်ပြီးတဲ့နောက်ပိုင်းမှာ ဒီဌာနဆိုင်ရာတွေက လစဉ်ကြေးတောင်းမှုတွေက ပျောက်သွားတယ်။ အဲဒီနေရာက ဖယ်ရှားပေးဖို့ စာကပ်ထားတာကတော့ ရဲစခန်းဟောင်းနေရာတစ်ခုတည်းကိုသာ ကပ်ထားတယ်” ဟု ပြောသည်။
လက်ရှိဖြိုဖျက်ခံနေရသည့် မြေနေရာများတွင် ရဲစခန်းဟောင်းနေရာတစ်ခုသာ သတိပေးစာကပ်ထားသည်။ မေ ၂၁ အထိ အပြီးသတ်မဖယ်ရှားပေးပါက ၁၉၉၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ ဖယ်ရှားပေးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး (အခွင့်အာဏာပိုင်) က ကြော်ငြာဆိုင်းဘုတ်ထောင်ထားသည်။
အမ်းမြို့၊ လေယာဉ်ကွင်းဧရိယာခြံစည်းရိုး အပြင်ဘက်တွင်ရှိနေသည့် နေအိမ်နှင့် စျေးဆိုင်များ၊ ထွေအုပ်ရုံးဟောင်းမြေဧရိယာအတွင်းရှိနေသည့် နေအိမ်နှင့် စျေးဆိုင်များအား ယခုလ (ဧပြီ ၃၀) နောက်ဆုံးထားဖယ်ပေးရမည်ဟု ကြားသိရကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ဆက်ပြောသည်။
“အဓိက သုံးလပိုင်းကတည်းက ဖြိုနေရတာ။ ဖြိုပြီးသွားတဲ့နေရာက သုံးနေရာဖြစ်နေပြီ။ အခုလက်ရှိ ဖြိုနေဆဲနေရာက တစ်နေရာလို့ ပြောလို့ရတယ်။ ဌာနဆိုင်ရာ အများစုရှိနေတဲ့ မြို့ဟောင်းတစ်နေရာကတော့ ဖြိုနေဆဲပါ” ဟု ၎င်းက ပြောသည်။
အမ်းမြို့မရဲစခန်း (ဟောင်း) နယ်မြေနှင့် မြို့ဟောင်းရပ်ကွက်အတွင်းရှိနေသည့် နေအိမ်နှင့် စျေးဆိုင်ခန်းများများကို (မေ ၂၁) နောက်ဆုံးထားပြီး ဖြိုဖျက်ပေးရမည်ဟု ပြီးခဲ့သည့် (မတ် ၂၀) နေ့ မြို့နယ်ထွေအုပ်က အစည်းအဝေးခေါ်၍ ညွှန်ကြားခဲ့ကြောင်း သိရသည်။
“ဒီလအထဲမှာ ဖြိုပေးရမယ်ဆိုတော့ အိမ်ခြေ ၁၀၀ နီးပါးလောက် ပါနိုင်တယ်။ ကျွန်တော်တို့ကတော့ အချက်အလက်ကောက်နေတုန်းပါ။ နောက်ပြီးတော့ ရဲစခန်းဟောင်းနေရာမှာက အိမ်ခြေ ၆၀ ကျော်ပါတယ်။ ဆိုင်ခန်းနဲ့ နေအိမ်တွေဆိုရင် ၆၀ ကျော်လောက်ရှိတယ်” ဟု ကိုမျိုးလွင်က ပြောသည်။
“အခုတော့ ကိုယ့်အိမ်ကို ကိုယ်ဖြိုနေကြတယ်။ ကျွန်တော်တို့ အခုလက်ရှိစာရင်းအရဆိုရင် ကိုယ့်အိမ်ကို ကိုယ်ဖြိုနေကြတာ အလုံး ၇၀ လောက်ရှိသွားပြီ” ဟု သူက ဆိုသည်။
မြေနှင့် နေအိမ် ဖယ်ရှားပေးလိုက်ရသည့် ဦးသိန်းလွင်တွင် မိသားစုဝင် ၄ ဦးရှိပြီး နေရေးထိုင်ရေးအခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
“အခု ကျွန်တော်က အောက်ရွာက ကျွန်တော့်ယောက္ခမအိမ်အောက်မှာ နေနေရတယ်ဗျ။ ကျွန်တော်တို့က ဘာပြောမှာလဲ၊ သူတို့နဲ့ ယှဉ်ပြောလို့မှ မရနိုင်တာကိုး။ အခု ကျွန်တော်တို့အိမ် အဖြိုခံရတယ်။ ဆုံးရှုံးမှု ကျွန်တော့်မှာ မြေတွေ ဝယ်ရတယ်။ အဆောက်အအုံ ကျွန်တော့်မှာ ဆောက်တဲ့ဟာတွေ သိန်းသုံးလေးရာကုန်တယ်။
“ဒါတွေကတော့ ထားပါတော့။ လောလောဆယ် မိုးမကျခင်မှာ ကျွန်တော်တို့အဖြိုခံရတဲ့ မိသားစုအားလုံးကို သင့်တော်တဲ့နေရာတွေမှာ ချပေးစေချင်တယ်” ဟု သူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)