
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသာရွာကို စစ်ကောင်စီက နှစ်ရက်ဆက် ဝင်ရောက်စီးနင်းပြီး ရွာသားနှစ်ဦးကို သတ်ကာ နေအိမ် ၆၀ ကျော် မီးရှို့သွားကြောင်း ကာကွယ်ရေးအဖွဲ့ဝင်နှင့် ဒေသခံအချို့ထံမှ သိရသည်။
ရွေဘို – မြစ်ကြီးနားလမ်းနှင့် သုံးမိုင်ခန့်၊ ခင်ဦးမြို့အရှေ့ဘက် ၁၄ မိုင်အကွာရှိ ထိုရွာကို စစ်တပ်က ဧပြီ ၂၃၊ ၂၄ ရက်တို့တွင် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
အရပ်ဝတ်များဖြင့် နံနက် ၅ နာရီခန့်တွင် ရုတ်တရက်စီးနင်းသည့် ဧပြီ ၂၃ ရက်တွင် ဒေသခံတို့ ကြိုတင်မတိမ်းရှောင်နိုင်ခဲ့ကြ၍ အသက် ၃၀ ကျော်အရွယ် ကိုအောင်နိုင်စိုးနှင့် အသက် ၂၀ ကျော် ကိုငြိမ်းကျော်တို့ အသတ်ခံခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။
“အရပ်ဝတ်နဲ့ဆိုတော့ သာမန်မှတ်ပြီးတော့ မတိမ်းရှောင်ကြဘူးပေါ့။ ဒီဘက်မှာက (PDF တွေ) ရှိနေကျဆိုတော့ သတိလွတ်သွားတာပေါ။ (စစ်သားတွေ) ရွာထဲရောက်မှ၊ ပစ်ခတ်မှ ပြေးကြတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ကိုအောင်နိုင်စိုးမှာ မိုးမလင်းမီ နွားလှည်းဖြင့် တောင်ယာသို့ သွားစဉ် ရွာထိပ်၌ စစ်ကောင်စီအဖွဲ့နှင့် တိုးရာ လှည်းပေါ်၌ပင် ပစ်သတ်ခံခဲ့ရကြောင်း၊ ကိုငြိမ်းကျော်ကို ဖမ်းသွားပြီး တောထဲရှိ လက်နက်ထုတ်သည့် နေရာအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်က ပြောသည်။
“သေနတ်နဲ့ လည်ပင်းကို ပစ်ထားတယ်။ ရင်အုံနား၊ နံကိုင်းကိုလည်း တစ်ချက်ပစ်ထားတာ။ ပြီးတော့ ခေါင်းဖြတ်ထားခဲ့တာ”
ကိုငြိမ်းကျော်မှာ PDF အဖွဲ့များနှင့် မဆက်စပ်ဘဲ ကချင်ပြည်နယ်တွင် ကျောက်တူးနေရာမှ ရွာသို့ ပြန်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်ဟု ၎င်းက ဆိုသည်။
ပထမနေ့ (ဧပြီ ၂၃) စီးနင်းစဉ် နံနက် ၉ နာရီတွင် စစ်ကောင်စီအဖွဲ့က ရွာကို မီးရှို့၍ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် ၆၂ လုံး ပြာကျသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
“ရွာအရှေ့ဘက်ကရော တောင်ဘက်ကရော ရှို့တာ။ လုပ်ချင်သလိုကို လုပ်သွားတာ။ လေက တော်တော်တိုက်နေတော့ တစ်ရွာလုံးပါပြီတောင် ထင်နေတာဗျာ” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။
“ဘယ်သူမှ မကပ်ရဲဘူးလေဗျာ။ ရမ်းသန်းပစ်နေတော့”
နောက်တစ်ရက် (ဧပြီ ၂၄) တွင် ဒုတိယအကြိမ်ဝင်စီးချိန်တွင် စစ်သား ၃၀ ကျော် ရောက်လာပြီး ရွာတောင်ဘက်တွင် ရှိသည့် မွေးမြူရေးကြက်ခြံနှင့် လူနေတဲသုံးလုံးကို ထပ်မံမီးရှို့ဖျက်ဆီးသွားသည်ဟု PDF ခေါင်းဆောင်က ပြောသည်။
ထိုနေ့က စစ်သား ၁၀၀ ကျော်မှာ သုံးမိုင်ခန့်အကွာ ရွေဘို – မြစ်ကြီးနားလမ်းပေါ်တွင် အသင့်စောင့်ဆိုင်း၍ စစ်မြှူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“ကျွန်တော်တို့ဘက်က အဲဒါတွေသိတော့ နောက်ဆုတ်ပေးရတာပေါ့။ မဟုတ်ရင် အခြေအနေပိုဆိုးနိုင်တယ်။ သူတို့က ကျွန်တော်တို့ကို ထွက်လာရင် အမြစ်ဖြတ်ဖို့ ကြံစည်ထားတာ။ မဟာမိတ်တွေက တက်လာဖို့တောင် ပြင်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့နောက်ဆုတ်ပေးလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။
ရွာသာရွာတွင် သကြန်ကာလအတွင်း သပိတ်စစ်ကြောင်းထွက်ခြင်း၊ ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်တပ်က ထိုသို့ ရန်ရှာခြင်းဖြစ်နိုင်သည်ဟု PDF ခေါင်းဆောင်က သုံးသပ်သည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပါ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီကို အပြင်းထန်ဆုံးခုခံနေသည့် နိုင်ငံအနှံ့ ဒေသများအနက် တစ်ခုဖြစ်လာပြီး စစ်တပ်က လေကြောင်းပါ သုံး၍ တိုက်ခိုက်၊ ရွာစဉ်လှည့် မီးရှို့မှုများလုပ်နေသည်။
ရွာမီးရှို့၊ ပြည်သူကို သတ်ဖြတ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အစဉ်ငြင်းဆိုလေ့ရှိသည့် စစ်ကောင်စီကို၊ ခင်ဦးမြို့နယ်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ခြင်းမရှိပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)