သတင်း

ရာဇသံရက်စေ့ချိန်တွင် စစ်တပ်စခန်းနှစ်ခုကို KNU သတိပေးပစ်ခတ် 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု ဆုတ်ခွာရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ရာဇသံပေးပြီး သုံးရက်ပြည့်မြောက်သည့် ယမန်နေ့ (ဧပြီ ၂၃) ရက် ညဘက်တွင် ထိုတပ်စခန်းများကို သတိပေးပစ်ခတ်ခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။ 

KNU တပ်မဟာ ၁ နယ်မြေအတွင်း လေးကေ၊ ဝင်းတာပန်ရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို  သုံးရက်အတွင်း စွန့်ခွာရန်၊ ဘက်ပြောင်းခိုလှုံလိုသူရှိပါက သတ်မှတ်ရက်မတိုင်မီ အကြောင်းကြားရန်  KNU ၏ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့သည်။ 

ယမန်နေ့ညပိုင်းတွင်း စစ်တပ်စခန်းအနီး ပစ်ခတ်မှုများရှိခဲ့သလို စစ်ဘက်ဆိုင်ရာအရေးယူမှု ဆက်လုပ်မည်ဟု KNU တပ်မဟာ ၁ ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ယနေ့ (ဧပြီ ၂၄) တွင် Myanmar Now ကို ပြောသည်။

“(စစ်ကောင်စီက) ဘာမှမတုံ့ပြန်ဘူးလို့ သိရတယ်။ မတုံ့ပြန်တဲ့အတွက် တပ်ဘက်ဆိုင်ရာကိစ္စတွေ ဆက်လုပ်ဖို့ရှိတယ်” 

အင်အား ၇၀ မှ ၈၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသော ထိုစစ်တပ်စခန်းနှစ်ခုကို ယမန်နေ့ညတွင် ၎င်းတို့ဘက်မှ သတိပေးပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တစ်ညလုံးနီးပါး ရမ်းသန်းပစ်ခဲ့သည်ဟု ပဒိုစောစိုးမြင့်က ပြောသည်။

“ညတုန်းက လေးကေမှာ တိုက်ပွဲဖြစ်တယ်။ ဝင်းတာပန်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ အထိခိုက်အကျအဆုံးကတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ (ဧပြီ ၂၄) မွန်းလွဲပိုင်းအထိ လေးကေနှင့် ဝင်းတာပန်ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု မကြုံရသေးသော်လည်း ရာဇသံပေးပြီးနောက်တွင် ကင်းထောက်လေယာဉ်များကို မကြာခဏ တွေ့ရသည်ဟု ပဒိုစောစိုးမြင့်က ပြောသည်။

“အခုအခြေအနေကတော့ စစ်ရေးတင်းမာနေတယ်လို့ပဲ ပြောရပါမယ်” ဟု ၎င်းက ဆိုသည်။

KNU သထုံခရိုင်၏ ယနေ့(ဧပြီ ၂၄) သတင်းထုတ်ပြန်ချက်အရ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်က လက်နက်ကြီးဖြင့် ပစ်၍ ဘီးလင်းမြို့နယ် ဒေါဇံကြီးရွာ (တာအိုနီ) မှ အသက် ၁၄ နှစ်နှင့် ၆၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

လေးကေနှင့် ဝင်းတာပန်တို့မှာ တစ်ရွာနှင့် တစ်ရွာ ၈ မိုင်ခန့်သာ ဝေးပြီး ကရင်ပြည်နယ် ဘားအံခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်ကာ တောတောင်ထူထပ်သည့် ဒေသအတွင်း တည်ရှိသည်။ 

လက်နက်ကြီးထိမှန်သည့် ဒေါဇံကြီးရွာ (တာအိုနီ) နှင့် KNDO က ရာဇသံပေးထားသည့် စစ်စခန်းနှစ်ခု တည်နေရာအခြေအနေကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

မွန်ပြည်နယ်၊ သထုံခရိုင် ဘီးလင်းမြို့နယ်၊ လေးကေ၊ ဝင်းတာပန်ရွာတည်နေရာပြမြေပုံ။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်သည့် KNU က စစ်တပ်၏ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ကန့်ကွက်ပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲများဆက်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း KNU က တပ်မဟာ ၁၊ ၅၊ ၆ အဖြစ် သတ်မှတ်ထားသည့် မွန်ပြည်နယ် သထုံ၊ ကရင်ပြည်နယ် ဖာပွန်၊ မြဝတီမြို့ ပါဝင်သည့် ဒူပလာယာခရိုင်များအတွင်း တိုက်ပွဲများ ပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှပင် ဗုံးကြဲတိုက်ခိုက်နေသည်။

၎င်းတို့နယ်မြေအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် လက်နက်၊ ရိက္ခာများစွာထား၍ စခန်းစွန့်ပြေးရသည့် မော်ခီးတိုက်ပွဲကဲ့သို့ ဖြစ်စဉ်များနှင့် စစ်ကောင်စီ ရင်ဆိုင်နေရပြီး ဒုတိယဗိုလ်မှူးကြီး ၃ ဦးထက်မနည်း လာရောက်ပူးပေါင်းသည်ဟု KNU ဘက်က ပြောထားသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာအများအပြား ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း တိုင်းသိပြည်သိ ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မည်သို့တုံ့ပြန်မည်ကို မသိရသော်လည်း KNU ကမူ စစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဆုတ်ခွာရန် တောင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button