သတင်း

ပုလဲတွင် အထိနာသည့် စစ်တပ် ရွာမီးရှို့ဟု ဗိုလ်နဂါးပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၌ နှစ်ရက်ဆက်တိုက်ပွဲများအတွင်း အကျအဆုံးများသည့် စစ်ကောင်စီက အနီးရှိ ရွာတစ်ရွာကို မီးရှို့သွားသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ပုလဲမြို့အနောက်မြောက်ဘက် ၅ မိုင်ကျော်အကွာ ဆင်ရှင်ရွာ၊ ကြောင်သန်းရွာအကြားနှင့် ထိုအနီးရှိ သီတင်းရွာနားတွင် ယမန်နေ့ (ဧပြီ ၁၈) နံနက်နှင့် မွန်းလွဲတွင် တိုက်ပွဲနှစ်ကြိမ်၊ ယနေ့ (ဧပြီ ၁၉) နံနက်တွင် သီတင်းရွာနှင့် မနီးမဝေး ကြူခြုံရွာနားတွင် ၄ နာရီကြာ တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၈ ရက် ပထမနေ့ တိုက်ပွဲအပြီး လက်နက်ကြီး ပစ်ကူယူ၍ အလောင်းကောက်ခဲ့သည့် စစ်တပ်က အိမ်ခြေ ၂၀၀ ခန့်ရှိသည့် သီတင်းရွာကို မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် ၅၀ နီးပါး ပျက်စီးသွားသည်ဟု ဗိုလ်နဂါးက ပြောသည်။

“ထိသွားတဲ့ အလောင်းတွေကို သီတင်းရွာထဲ သယ်သွားတယ်။ သီတင်းရွာထဲက အိမ်တွေ မီးရှို့တာ အလောင်းတွေပါ တင်ရှို့ပစ်တဲ့သဘောထင်တယ်။ တော်တော်ဆိုးရွားတယ်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၀ နီးပါး သေဆုံးမည်ဟု ခန့်မှန်းရကာ ၎င်း၏ အဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

သီတင်းရွာအနီး ၂ နာရီ နီးပါးကြာဖြစ်ပွားသည့် ယမန်နေ့ (ဧပြီ ၁၈) တိုက်ပွဲတွင် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သည်ဟု ၎င်းက ဆိုသည်။

“သတင်းရွာနားအရောက်မှာ သူတို့စစ်ကြောင်းစုမိတဲ့အချိန်ကို ကျွန်တော်တို့စစ်ကြောင်း ဝပ်ပြီး စောင့်နေတာ အပိုင်ကွင်းထဲ ရောက်သွားတာ” ဟု  ဗိုလ်နဂါးက ပြောသည်။

“လက်နက်ကြီးရော၊ လက်နက်ငယ်ရော၊ စနိုက်ပါရော အကုန်သုံးပြီးတော့ ပစ်လိုက်တာ။ (စစ်ကောင်စီ) တော်တော်များများကို ရုန်းရင်းဆန်ခတ်လဲကျကုန်တာ” 

ထို့နောက် စစ်ကောင်စီတပ်သည့် သီတင်းရွာ၌ ဆက်လက်တပ်စွဲနေခဲ့ပြီး ယနေ့ (ဧပြီ ၁၉) နံနက် အင်အား ၈၀ ခန့်ဖြင့် ရွာအနောက်ဘက်သို့ ထွက်လာရာ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။ နံနက် ၆ နာရီမှ ၉ နာရီကျော်အထိ ပြင်းထန်စွာတိုက်ပွဲဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ထိုဒေသအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရသေးပေ။

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့တွင် ရပ်ကွက်ကျေးရွာအများအပြား မီးရှို့ခံထားရပြီး စစ်ကောင်စီက ထိုလုပ်ရပ်များမှာ PDF တို့၏လက်ချက်ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။ 

ဤအတောအတွင်း စစ်ကောင်စီတပ်ကို မီးရှို့တပ်ဟု တချို့က အမည်ပေးထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ ပုလဲမြို့နယ်နှင့် ထိုဒေသတွင် အခြေစိုက်သည့် PDF အဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော်မှာလည်း ထင်ရှားသည်။

စစ်ကောင်စီက ဗိုလ်နဂါးကို ဖမ်းဆီးရမိရေး အပူတပြင်းကြိုးစားဖူးသလို ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့်တိုက်ခိုက်၊ အိမ်ပေါင်း ရာနှင့်ချီ၍ မီးရှို့ဖျက်ဆီးမှုများ တောက်လျှောက်လုပ်နေသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီကို အပြင်းအထန်ခုခံနေသည့် ဒေသများအနက် တစ်ခုဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button