သတင်း

ယနေ့မနက်က မိုင်းပန်ရှိရွာတစ်ရွာကို လက်နက်ကြီးဖြင့်ပစ်သည်ဟု စွပ်စွဲချက် PNLO ငြင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်ရှိ ကျေးရွာတစ်ရွာအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ်နှစ်လုံး မီးလောင်သွားရခြင်းမှာ RCSS စွပ်စွဲသကဲ့သို့ ၎င်းတို့လက်ချက်မဟုတ်ဟု ပအိုဝ်းလက်နက်ကိုင်အဖွဲ့က ငြင်းဆိုသည်။

မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုအတွင်းရှိ ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ရာ ပန်ပီးရွာအတွင်း ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့ရခြင်းမှာ တပ်မတော်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပူးပေါင်းအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA က ၎င်းတို့ထိန်းချုပ်ထားသည့် Tai Freedom ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုစွပ်စွဲချက်ကို PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ငြင်းဆိုလိုက်ပြီး ယမန်နေ့က RCSS နှင့်တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို ၎င်းတို့အဖွဲ့မှ လက်နက်ကြီးပစ်ခတ်ခြင်းလည်း မရှိကြောင်း Myanmar Now ကို ပြောသည်။

“အဲဒီသတင်းက အမှားကြီးပါ။ မနေ့က ကျွန်တော်တို့တပ်တွေအနေနဲ့ ဘယ်သူနဲ့မှ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး” ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှလွဲ၍ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းလည်း PNLO က ငြင်းဆန်သည်။

ယနေ့မနက် ၂ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အိမ်တစ်လုံး မီးလောင်သွားသည်မှာ ဟုတ်မှန်ကြောင်းနှင့် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိကြောင်း အမည်မဖော်လိုသူ ပန်ပီးရွာသား တစ်ဦးက Myanmar Now ကို ယနေ့ နေ့လယ်ပိုင်းက ပြောသည်။ လူအသေအပျောက်တော့ မရှိဟုလည်း ၎င်းက ဆက်ပြောသည်။

“ညက ရွာထဲက အိမ်မီးလောင်သွားတယ်။ လက်နက်ကြီးအသံလည်း ကြားရတယ်။ မိုင်းနင်းမိမှာကြောက်လို့ ရွာပြင်တော့ ထွက်ပြေးလို့မရဘူး” ဟု အဆိုပါ ပန်ပီးရွာသားက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပန်ပီးရွာနှင့် ပေါက်ကျောင်းရွာအကြားတွင် ဒီဇင်ဘာ ၂ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ပေါက်ကျောင်းရွာသား ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။

ပန်ပီးကျေးရွာအနီးတွင် အောက်တိုဘာလလယ်ခန့်က RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းပန်ကျေးရွာအုပ်စုအတွင်းရှိ ပအိုဝ်းအများစုနေထိုင်ရာ ပန်ပီး၊ ဝမ်မုတ်၊ ပေါက်ကျောင်းကျေးရွာရှိ ဒေသခံများကို PNLO က အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းကြောင်း RCSS စွပ်စွဲချက်ကို PNLO က ထုတ်ပြန်ချက်ထုတ်၍ ငြင်းဆိုထားသည်။

ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တအာင်းလက်နက်ကိုင် အဖွဲ့(TNLA)၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) တပ်တို့နှင့် တိုက်ပွဲဖြစ်နေသလို ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO၊ တပ်မတော်တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

လင်းခေးခရိုင် မိုင်းပန်ဒေသသည် RCSS တပ်ဖွဲ့များ လှုပ်ရှားရာ နယ်မြေဖြစ်သဖြင့် ဒေသခံ ပအိုဝ်းလူမျိုးများက အကူအညီတောင်းသောကြောင့် ထိုနယ်မြေသို့ ဝင်ရောက်လာရခြင်းဖြစ်ကြောင်း PNLO က ဖြေရှင်းသည်။

မိုင်းပန်ကျေးရွာအုပ်စုအတွင်း RCSS/SSA၊ တပ်မတော်နှင့် PNLO တပ်ဖွဲ့များ လှုပ်ရှားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button