ကျိန်းသေကံထူးမည့် ထီလက်မှတ်များဟု အယုံသွင်းပြီး ထီတစ်စောင်လျှင် သောင်းဂဏန်းဖြင့် ရောင်းချခဲ့သည်ဟုဆိုကာ နယ်လှည့်ထီရောင်းချသည့် အဖွဲ့တစ်ဖွဲ့ကို စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့ခံ တစ်ဦးက လိမ်လည်မှုဖြင့် ယနေ့ ဖမ်းဆီးအမှုဖွင့်လိုက်သည်။
အသက် ၃၀ ကျော်အရွယ် အမျိုးသား ၅ ဦး အမျိုးသမီး ၄ဦးပါဝင်သည့် အဖွဲ့သည် ယင်းထီလက်မှတ်များကို ချင်းတိုင်းရင်းသားများအား ပစ်မှတ်ထားပြီးရောင်းချကြောင်း စွပ်စွဲခံရပြီး ဒေသခံများက ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည့် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တမူးရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။
တမူးမြို့တွင် နေထိုင်သည့် တရားလို မနှင်းဆီက နယ်လှည့်ထီရောင်းချသည့်အဖွဲ့သည် ယခုလလယ်တွင် မိုးယံနှင့် ရွှေလမင်းတံဆိပ် ဆယ်စောင်တွဲ ထီအုပ်ကို နှစ်သိန်းသုံးသောင်း ရှစ်ထောင်ဖြင့် သူ့ထံလာရောက် ရောင်းချခဲ့သည်ဟုဆိုသည်။ ရောင်းချချိန်တွင် ကံစမ်းမဲနှိုက်ခိုင်းပြီး သုံးသောင်းတန် ကံစမ်းမဲပေါက်သဖြင့် ထီလက်မှတ်ဖိုး နှစ်သိန်းရှစ်ထောင် ပေးချေသည်ဟုဆိုသည်။
နှစ်ရက်ခန့်အကြာတွင် ၎င်းတို့ပြန်လည်ရောက်ရှိလာပြီး ထီပါဆယ်ထုပ်တစ်ထုပ်ကို ကျပ်ခြောက်သိန်းဖြင့် ထပ်မံရောင်းချခဲ့သည်ဟု ချင်းတိုင်းရင်းသူ မနှင်းဆီကပြောသည်။
“သိန်း၁၀ဝကနေ ၁၅၀၀၀၀ ထိ ပေါက်ကိန်းရှိတယ်။ လူကြီးတွေ နေပြည်တော်မှာ ထိုင်ပြီးတော့ မဲနှိုက်တာမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ကျွန်မ ယောက်ျားပါတယ်ဆိုပြီး အဲဒါ လာပြောတာတဲ့။ ဒီပုံးထဲမှာ ထီလက်မှတ်က ပေါက်မဲပါပြီးသားတဲ့။ အနည်းအများပဲ ကွာတာတဲ့” ဟု ထီရောင်းသူများ ပြောကြားခဲ့သည်ဆိုသည့် သတင်းစကားကို မနှင်းဆီက ပြန်လည်ပြောပြသည်။
ရက်အနည်းငယ်အကြာတွင် ထီလိမ်ရောင်းချနေသူများရှိကြောင်း တမူးမြို့တွင်း ပျံ့နှံ့နေသည့် သတင်းများ ကြားခဲ့ရပြီးနောက် သူ၏အဖြစ်အပျက်ကို မနှင်းဆီက တမူးလူငယ်ကွန်ရက်ထံ သွားရောက် အကြောင်းကြားခဲ့သည်။
ထီလက်မှတ်ရောင်းချသူများသည် ယနေ့နံနက်ပိုင်းတွင် အိမ်နီးနားချင်းတစ်ဦးအား ရှစ်သိန်းတန် ထီလက်မှတ်များ ဝယ်ယူရန် ဖုန်းဖြင့် ထပ်မံဆက်သွယ်ခဲ့ကြောင်း မနှင်းဆီက ပြောသည်။ အဆိုပါ အိမ်နီးနားချင်းသည် သူထီလက်မှတ် ဝယ်ယူချိန်တွင် ငွေမပြည့်သောကြောင့် မဝယ်လိုက်ရသူဖြစ်ကြောင်း ၎င်းက ပြောသည်။
နယ်လှည့်ထီရောင်းချသည့်အဖွဲ့က မနှင်းဆီ၏ အိမ်နီးချင်းထံ ထီလက်မှတ် လာရောင်းချိန်တွင် တမူးလူငယ်ကွန်ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း တမူးလူငယ်ကွန်ရက်မှ မဥမ္မာဝင်းက ပြောသည်။
“ပထမ သူ့(ထီလိမ်ရောင်းသူ)ကို အမှုမဖွင့်ဘူး။ လိမ်ထားတဲ့ ငွေတွေ ပြန်ပေးဆိုပြီးတောင်းတော့ သူက ယုံတယ်။ ကျွန်မတို့ကို Wave money ကနေ မနှင်းဆီဆီက လိမ်ထားတဲ့ ငွေ အားလုံးပေါင်း ရှစ်သိန်းရှစ်ထောင်ကို လွှဲပေးတယ်။ အဲဒီတော့မှ သူ့လူတွေ အကုန်လုံးကို ဖုန်းဆက်ခေါ်ခိုင်းပြီး ဖမ်းလိုက်တာ။” ဟု မဥမ္မာဝင်းက ပြောသည်။
မနှင်းဆီကဲ့သို့ ထီလက်မှတ် ဝယ်ယူခဲ့သည့် ဒေသခံ အများအပြား၏ အဖြစ်အပျက်များလည်း ၎င်းတို့ သိရှိထားကြောင်း တမူးလူငယ်ကွန်ရက် မှ မဥမ္မာဝင်းက ပြောသည်။
အဆိုပါအခြေအနေကို တမူးလူငယ်ကွန်ရက်က ၎င်းတို့၏ Facebook စာမျက်နှာတွင် အစောပိုင်းကတည်း သတိပေးရေးသားထားခဲ့သော်လည်း အင်တာနက် မသုံးကြသည့် ချင်းတိုင်းရင်းသားများနှင့် တောင်သူများ အလိမ်ခံနေရကြောင်း တမူးမြို့နယ် ရဲစခန်းမှ စခန်းမှူးဇော်ထွန်းက မှတ်ချက်ပြုသည်။
ယမန်နှစ်ကလည်း ထီလိမ်လည်ခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်မှုတစ်မှု ရှိပြီး တရားခံကို မဖမ်းမိသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။
ထီလိမ်ရောင်းသည့် အဖွဲ့ကို အမှုဖွင့်ထားသူ မနှင်းဆီက “ကျွန်မတို့က ခလုတ်ဖုန်းပဲ ကိုင်တယ်။ တီဗီပဲ ကြည့်တယ်။ ထီလည်း မထိုးဖူးဘူး။ အခုတော့ (Facebook)သုံးတော့မှာ ဟု ဆိုသည်။



