အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျုံပျော်တွင် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အဖမ်းခံရပြီး စစ်ကြောရေးရောက်နေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီတပ်က ကက်သလစ်ဘုရားကျောင်းကို ဝင်ရောက်စီးနင်းပြီးနောက် အဖမ်းခံရသူ ဘုန်းတော်ကြီးတစ်ပါးမှာ စစ်ကြောရေးတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။ 

ကျုံပျော်မြို့နယ် ရှားခဲကျေးရွာရှိ စိန့်ဂျိုးဇက် ကက်သလစ်ဘုရားကျောင်းကို ကျုံပျော်အခြေစိုက် အမှတ် ၃၆ ခြေ လျင်တပ်ရင်း (ခလရ ၃၆) မှ စစ်သားများက ဧပြီ ၉ ရက် ညပိုင်းတွင် ပိတ်ဆို့ကာ နောက်တစ်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

ကျောင်းပတ်လည်ကို အစောင့်ချ၍ လက်နက်ကိုင် ၃၀ ဦးခန့်က ဘုရားကျောင်းအတွင်း ဝင်ရောက်ကာ ဘုန်းတော်ကြီးများအပါအဝင် ကက်သလစ်ဘာသာဝင်အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရှားခဲရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးအပါအဝင် ၁၁ ဦးကို ထိုနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း အသက် ၄၀ အရွယ် ဖာသာရစ်ချတ်ဆိုသူကို စစ်မေးစရာ ကျန်သည်ဆိုကာ ကျုံပျော်မြို့မရဲစခန်း၌ ဆက်လက်ဖမ်းချုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သူက လက်ထောက်ကျောင်းထိုင်။ ပြင်သစ်က ပြန်လာပြီး မြောင်းမြမှာ တာဝန်ကျတယ်။ အဲဒီကနေ ရှားခဲသာသနာကို ရောက်တာ။ လက်ရှိ စစ်ကြောရေးမှာ။ ဖုန်းထဲက အချက်အလက်ကြောင့် ဆက်ထိန်းသိမ်းတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ထိုရွာသားက ဆိုသည်။

“(ဖမ်းဆီးခံရသူက) ဗမာလို သိပ်မရည်လည်ဘူး။ ကရင်လိုနဲ့ အင်္ဂလိပ်လိုပဲ ကျွမ်းကျင်တယ်။ ပုသိမ်မပို့သေးဘူး” 

အဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများမှာ အသက် ၇၀ ကျော်အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဖီးရမင်း ခေါ် မန်းဆေးဘတ်နှင့် မန်းဌေးအောင်၊ စောညီညီ၊ စောအောင်ဆန်းကျော်၊ စောချစ်သဲပိုနှင့် ဓနုဖြူမြို့နယ်မှ ဇီးဖျောက်ရွာမှ လူငယ်အချို့ဖြစ်သည်။

စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သော ရှားခဲစိန့်ဂျိုးဇက်ဘုရားကျောင်းမှာ ဧရာဝတီတိုင်းတွင် ဒုတိယအကြီးဆုံးကက်သလစ်ဘုရားကျောင်းဖြစ်သည်ဟု သိရသည်။ 

ကျုံပျော်မြို့မှ ၁၄ မိုင်ခန့် အကွာရှိ ရှားခဲကျေးရွာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ဟင်္သာတ၊ ဓနုဖြူ၊ ကျုံပျော် စသည့် မြို့နယ်သုံးခု ဆုံရပ်တွင် ရှိသည်။

စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြ၍ လက်နက်အပြည့်အစုံဖြင့် စီးနင်းခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများအနက် အာမခံဖြင့် ပြန်လွတ်လာသူတစ်ဦးက ပြောသည်။​

၎င်းတို့ကို ကျုံပျော်မြို့မရဲစခန်းတွင် ချုပ်နှောင်ခဲ့ပြီး ရှားခဲကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အာမခံဖြင့် လာထုတ်သဖြင့် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ထိုသူက ဆိုသည်။

ဆက်လက်ထိန်းသိမ်းခံထားရသည့် ဖာသာရစ်ချတ်ကို ကျုံပျော်ရဲစခန်းစစ်ကြောရေး၌ စစ်မေးနေခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ အဆင်မြင့်အရာရှိတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တိုင်းရုံးအနေဖြင့် မသိရသေးဟု ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၈ ရက်တွင်လည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေနှလုံးတော်ကက်သလစ်ဘုရားကျောင်းကို ဝင်ရောက်စီးနင်းခဲ့သေးသည်။ အကြောင်းရင်းကို အတိအကျမသိရသော်လည်း ထိုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ မရှိခဲ့ပေ။​

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ကို ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရွာတွင် ဘာသာရေးအဆောက်အအုံများမကျန် ဝင်ရောက်စီးနင်းလေ့ရှိသည်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း၊ ဝင်ရောက်စီးနင်းခံရသည်။ 

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဘာသာရေးအဆောက်အအုံများကို အထူးပင်လေးစားရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) က ပြီးခဲ့သည့် ဇန်နဝါရီလတွင် တောင်းဆိုဖူးသည်။​

သို့သော် CBCM ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘိုက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝမ်းပန်းတသာ တွေ့ဆုံခြင်း၊ အလှူငွေများ လက်ခံယူခြင်းများ ပြုလုပ်ခဲ့သဖြင့် ကက်သလစ်ဘာသာဝင်များ၏ ပြစ်တင်ဝေဖန်ခြင်း ခံရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button