သတင်း

တန့်ဆည်တွင် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း တစ်ရက်တည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်ကားလမ်းအနီး ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်စဉ် ရွာသူရွာသားတချို့ကို သတ်ဖြတ်သည့်ပြင် သက်တမ်း နှစ် ၁၀၀ ကျော် ဘာသာရေးအဆောက်အအုံများဖြစ်သော ရိုမန်ကက်သလစ်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းမှ အဆောက်အအုံတချို့ကို နာရီပိုင်းသာ ခြားပြီး မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့က ရေဦး-တန့်ဆည်ကားလမ်းမဘေး ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်သည့် ချောင်းရိုးကျေးရွာကို စစ်တပ်က မွန်းလွဲ ၁ နာရီခန့်တွင် ရောက်သွားသည်။

“ခရစ်ယာန်တို့အား မှိုင်းမတော်မူသော မယ်တော် သခင်မကျောင်း” မှ သက်တော် ၇၀ အရွယ် သီလရှင် ၃ ပါးကို ဖမ်းဆီးစစ်ဆေးကြကြောင်း၊ ကက်သလစ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထိုဘုရားကျောင်းအနီးတွင် နေထိုင်သူ ၂၈ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘုရားကျောင်းထဲမှာရှိတဲ့ တရားဟောဖို့အတွက် လုပ်ထားတဲ့ တရားဟောစင်ပေါ့။ အဲဒီမှာရှိတဲ့ သင်္ကန်းနဲ့ ဘုရားစင် တင်ထားတဲ့အဝတ်အစားတွေ ရှို့သွားတယ်။ ကိုယ်တော်မြတ်ရောင်ချယ်ဆိုတဲ့ အထွတ်အမြတ်ထားတဲ့နေရာပေါ့။ အဲဒါတွေလည်း ရိုက်ချိုးသွားတယ်” ဟု ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရသူ သီလရှင်များကို ကိုးကားပြီး ၎င်းက ပြောသည်။

“ဘုရားကျောင်းဝေယျာဝစ္စထားတဲ့ ပစ္စည်းတွေကိုလည်း ဆွဲထုတ်ပြီးတော့ မီးရှို့သွားတယ်”

ထို့နောက် စစ်တပ်က ဘုရားကျောင်းအနီးရှိ နေအိမ် ၁၃ လုံး၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကြက်ခြံ ၅ ခြံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်သားတို့က အနီးဝန်းကျင်ကို ပစ်ခတ်ကြရာ ၅၅ နှစ်အရွယ် ဦးဘိုကြီးနှင့် ၎င်း၏သား အသက် ၃၀ အရွယ် ကိုကုလားတို့ ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း သူက ဆိုသည်။ 

“ဘာသာတိုင်းမှာ အထွတ်အမြတ်ထားတဲ့နေရာရှိတယ်။ အဲဒီလိုမျိုးနေရာကိုလုပ်တော့ ကျွန်တော်တို့က စိတ်လည်း တိုတယ်၊ ခံလည်း မခံချင်ဘူး၊ ရိုင်းလွန်းတယ်။ လေးစားသမှုဆိုတာ မရှိတော့ဘူးပေါ့” ဟု သူက ဆက်ပြောသည်။

ထို့ပြင် စစ်တပ်သည် ကျေးရွာအတွင်းရှိ မပြေးလွှားနိုင်သည့် အမျိုးသမီးနှင့် သက်ကြီးရွယ်အို ၂၀ ကျော်ကို ခေတ္တ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အသက် ၆၀ အရွယ် ဦးအေးနှင့် အသက် ၃၇ အရွယ် ကိုအောင်တို့ကိုမူ ဆက်လက် ဖမ်းဆီးထားကြောင်း ၎င်းက ပြောသည်။ 

အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၁၂၀၀ ကျော်ရှိသည့် ချောင်းရိုးကျေးရွာမှာ ရှေးမြန်မာဘုရင်များလက်ထက်ကပင် ခရစ်ယာန်ဘာသာဝင်များနေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်သည်။ 

အဆိုပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ချောင်းရိုးရွာ၏ မြောက်ဘက် ရေဦး-တန့်ဆည် ကားလမ်းမဘေးရှိ စိမ်းစားကျေးရွာကိုလည်း ထိုနေ့ (မတ် ၁၂) နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းကာ ဘုန်းကြီးကျောင်းကို ဖျက်ဆီးကြသည်ဟု ဆိုသည်။

ရွာထဲ ပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာဘုန်းကြီးကျောင်းမှ သက်တော် ၇၀ ဝန်းကျင်အရွယ် ဆရာတော် ဦးပညာဇောတကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ဆွမ်းစားဆောင်ကို မီးရှို့ခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း စိမ်းစားရွာအနောက်ခြမ်းတွင် နေထိုင်သူ ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ဘုန်းကြီးကို ဒူးတုပ်ခိုင်းပြီးတော့၊ လက်ခေါင်းပေါ်တင်ခိုင်းပြီးတော့၊ တစ်ခါတည်း လူဝတ်လဲခိုင်းပြီးတော့ ဘုန်းကြီးကို ပြောတယ်တဲ့၊ ခင်ဗျား ဘုန်းကြီးမဟုတ်တော့ဘူးပေါ့၊ ကျုပ်တို့လို လူသားဖြစ်သွားပြီပေါ့၊ ခင်ဗျားကို သတ်လို့လည်း ရတယ်ဆိုပြီး အဲဒီလိုပုံစံမျိုး ပြောတယ်” ဟု ဖမ်းဆီးခံရသူ ဦးပညာဇောတကို ကိုးကား၍ ထိုအမျိုးသားက ပြောသည်။ 

စစ်တပ်က ဘုန်းကြီးကျောင်းပိုင် အဖြူရောင်ကားတစ်စင်းကို ယူပြီး ကျောင်းပိုင်ပစ္စည်းများကို သယ်ဆောင်သွားကြောင်း၊ ချုပ်နှောင်စစ်ဆေးခံရသည့် ဦးပညာဇောတမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး လုံခြုံသည့်နေရာတစ်ခုတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။ 

စိမ်းစားရွာ စီးနင်းမှုအတွင်း အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ မသဲအိဖြူ ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ကျေးရွာတောင်ပိုင်း၌ နေထိုင်သူ အသက် ၈၀ ဝန်းကျင်ရှိ လေဖြတ်ထားသူ ဒေါ်သန်းမြင့်ဆိုသူမှာ နေအိမ်တစ်လုံး၏ အိမ်သာတွင် ပိတ်မိနေ၍ ထိုနေ့ ညနေပိုင်းတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

စိမ်းစားကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၊ ဆွမ်းစားဆောင်အပါအဝင် ဒေသခံ နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ထိုအမျိုးသားက ဆက်ပြောသည်။

“ရွာထဲဝင်ရင်ကို စိတ်ထဲမှာ စိတ်ထဲ ဝမ်းနည်းရတယ်၊ အဲဒီမီးလောင်တာတွေကို ကြည့်ပြီးတော့။ ကိုယ့်ရပ်၊ ကိုယ့်ဌာနေလေးမှာ တိုင်တိုင်ပင်ပင်နဲ့ စည်းရုံးပြီးတော့၊ ဖေးမကူညီပြီးတော့ လုပ်ပေးရမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

မီးလောင်သွားသည့် ဓမ္မာရုံမှာ နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသည့် မူလဘုန်းကြီးကျောင်းဟောင်းကို မွမ်းမံထားခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့သည့် နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းကျောက်ဆင်းတုတော်တစ်ဆူ၊ ရွှေ ၅ ကျပ်သားအလေးချိန်ရှိသည့် ရွှေဆင်းတုတော်တစ်ဆူအပါအဝင် ရှေးဟောင်းဆင်းတုတော် ၂၀ ကျော် မီးထဲပါသွားကြောင်း မီးငြှိမ်းသတ်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်ဆင်းတုတစ်ဆူကတော့ နှစ်ပေါင်း ၁၆၀ ကို ၂ နှစ် ၃ နှစ်လောက်တော့ နည်းနည်းစွန်းမယ် ထင်တယ်၊ ပါသွားတယ်ဗျာ။ အဲဒီဥစ္စာက မီးထဲမှာ အကောင်းအတိုင်းလေးပဲ တွေ့တယ်။ ကိုင်ကြည့်တော့ လက်ထဲမှာ ကျိုး၊ ကျိုး ကျသွားတယ်” ဟု ဘုန်းကြီးကျောင်းဝေယျာဝစ္စဆောင်ရွက်သူလည်းဖြစ်သော ၎င်းက ဆက်ပြောသည်။ 

မီးလောင်နေစဉ် မီးသတ်ကားရောက်ရှိလာသော်လည်း စစ်တပ်က မီးငြှိမ်းခွင့်မပြုခဲ့ကြောင်း၊ ဓမ္မာရုံ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်ပြန်လည်ဆုတ်ခွာသွားချိန်မှ ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်အိမ်စီ၊ တစ်အိမ်စီကို သီးသန့်စီ ရှို့ကြတာ။ ဟိုလို တစ်အိမ်တည်းကို ရှို့လိုက်လို့ ကူးစက်လောင်သွားတာ မဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါစစ်ကြောင်းမှာ ရေဦး-တန့်ဆည်ကားလမ်းဘေးရှိ ပုဏ္ဏကားကျေးရွာကို ဖေဖော်ဝါရီ ၁၅ တွင် ဝင်ရောက်စီးနင်းခဲ့ပြီး တစ်လကြာ တပ်စွဲထားသည့် စစ်ကြောင်းဖြစ်ကြောင်း၊ မတ် ၁၂ တွင် ပုဏ္ဏကားကျေးရွာမှ ယူဆောင်လာသည့် ပစ္စည်းများကို သွားရောက်ပို့ဆောင်ရာတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ၍ အနီးအနားရှိ စိမ်းစား၊ ချောင်းရိုး၊ ဒည်ရောက်၊ လှည်းတွင်း ကျေးရွာများကို ဝင်ရောက် ရမ်းကားဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၅ က ၎င်းတို့ရွာကို လက်နက်ကြီးများပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သည့် ထိုစစ်ကြောင်းတွင် အမျိုးသမီးလက်နက်ကိုင်များ ပါဝင်ပြီး ကျေးရွာရှိ အိမ်ခြေ ၆၀ တွင် ၁ လကြာ နေထိုင်သွားကြကြောင်း ပုဏ္ဏကားကျေးရွာ ဒေသခံ လူငယ်တစ်ဦးကလည်း ပြောသည်။ 

ထိုရွာရှိ ဆန်းသီရီအောင်နှင့် အောင်ကောင်းမြတ် ဆန်စက် ၂ လုံးကို ချိပ်ပိတ်သွားခဲ့ကြောင်း၊ ဆန်စက် ၂ လုံးမှ သိုလှောင်ထားသည့် စပါးများအပါအဝင် စပါးတန်ချိန် ၁ သိန်းကျော်ကို မော်တော်ယာဉ် ၁၃ စီးဖြင့် စစ်တပ်က နေ့စဉ် သယ်ဆောင်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

စစ်တပ်က ထိုရွာများတွင် သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လုယက်မှု ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တန့်ဆည်မြို့နယ် မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းကိုင်သည့် ရဲဝန်ထမ်းက ပြန်လည်ဖြေကြားရန် ငြင်းဆန်သည်။

စစ်ကောင်စီကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီအထိ နိုင်ငံအနှံ့အပြားမှ ခရစ်ယာန်ဘုရားကျောင်း ၃၄ ကျောင်း၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၁၅ ခု၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃ ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က Myanmar Now ကို ပြောသည်။ 

ထိုသို့ ဘာသာရေးအဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရခြင်းမှာ စစ်တပ်နှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။  

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ဇိုးခွားဇုံနယ် ခရစ်ယာန်ဘာသာရေးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ထိုသို့ မီးရှို့ဖျက်ဆီးသူများမှာ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများဖြစ်ပြီး ဖော်ထုတ်ဖမ်းဆီး၊ အရေးယူသွားမည်ဟု မတ် ၁၇ တွင် စစ်ကောင်စီ၏ သတင်းစာများ၌ ဖော်ပြထားသည်။ 

၂၀၂၁ မေလတွင်လည်း စစ်ကောင်စီတပ်က ကယားပြည်နယ်မှ ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခဲ့ရာ ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာများကို ပစ်မှတ်မထားရန်၊ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန် မေ ၂၅ တွင် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဥက္ကဋ္ဌဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ကြေညာခဲ့သည်။

လူသိရှင်ကြား တောင်းပန်ခြင်း၊ ကျူးလွန်သူတို့ကို အရေးယူခြင်း မပြုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့် ခရစ္စမတ်ကာလတွင် ချားလ်စ်မောင်ဘိုနှင့် တွဲပြီး လူလုံးပြခဲ့ရာ အများအပြားက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button