အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလကိုယ်စားလှယ် အကျဉ်းဦးစီးကျောက်ထုတ်စခန်းသို့ သွားရောက်

ရန်ကုန် – မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီသည် ယနေ့တွင် မွန်ပြည်နယ်ရှိ အကျဉ်းသား ကျောက်ထုတ်အလုပ်စခန်းတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ မစ္စရန်ဟီလီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရဲဘက်စခန်းခေါ် အကျဉ်းသားအလုပ်စခန်းသို့ ပထမဆုံးအကြိမ်သွားရောက်သည့် ကုလအထူးကိုယ်စားလှယ်ဖြစ်သည်။

မစ္စရန်ဟီလီသွားရောက်ခဲ့သော အကျဉ်းစခန်းမှာ ပျမ်းမျှ အမျိုးသားအကျဉ်းသား ၃ဝဝ ဖြင့် လည်ပတ်နေသော ပေါင်မြို့နယ်ရှိ ဇင်းကျိုက်အကျဉ်းဦးစီးကျောက်ထုတ်စခန်းဖြစ်သည်။

ထိုအကျဉ်းစခန်းမှ နေ့စဉ် လိပ်သည်းကျောက်တန်ချိန် ရာချီ၍ ထွက်ရှိပြီး ထွက်ရှိလာသော ကျောက်များကို ရန်ကုန်ရှိ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီများသို့ အကျဉ်းဦးစီးဌာနက ရောင်းချလျက်ရှိသည်။

မစ္စရန်ဟီလီသည် ဇင်းကျိုက်စခန်းရှိ အကျဉ်းသားများ၊ အကျဉ်းဦးစီးဌာနအရာရှိများနှင့် တွေ့ဆုံကြောင်း၊ စခန်းအတွင်း ဝင်ရောက်လေ့လာကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံးပြောခွင့်ရအရာရှိ ဦးအေးဝင်းက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လွန်ခဲ့သည့်နှစ်တွင် Myanmar Now သတင်းဌာနမှ သတင်းထောက်များက ထိုစခန်းသို့ သွားရောက်စဉ်တွင် သံခြေချင်းတပ် အကျဉ်းသားအများအပြားသည် အန္တရာယ်ရှိသော ကျောက်မိုင်းလုပ်ကွက်များအတွင်း ပူပြင်းလှသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။

ကုလကိုယ်စားလှယ်လာရောက်သည့် ယနေ့တွင် အကျဉ်းသားများအား ဇင်းကျိုက်အကျဉ်းစခန်းကျောက်မိုင်းတွင် အလုပ်ခိုင်းစေခြင်း မပြုကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ “သူတွေ့လိုသည့် အကျဉ်းသားများအား တွေ့စေရန်နှင့် အကျဉ်းသားများက ကျောက်မိုင်းများတွင် လက်နက်ကိုင်အလုပ်လုပ်ဆောင်သည့်အတွက် လုံခြုံရေးအရ ဘေးအန္တရာယ်မရှိအောင်” အလုပ်ရပ်နားခိုင်းထားခြင်းသာဖြစ်ကြောင်း၊ အခြားရည်ရွယ်ချက်များမရှိကြောင်း အကျဉ်းဦးစီးပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားမှူးဦးမင်းထွန်းစိုးက ပြောကြားသည်။

မြန်မာနိုင်ငံအကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားများအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်သာ ခိုင်းစေရန် ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် ထိုအချက်ကို ချိုးဖောက်ပြီး အကျဉ်းစခန်းများတွင် ပုဂ္ဂလိကအကျိုးစီးပွားနှင့် ဆက်စပ်လုပ်ကိုင်သည့် အခြေအနေသည် လတ်တလောပြောင်းလဲသွားရန် မရှိကြောင်း၊ ဌာနတွင်းညွှန်ကြားချက်များနှင့် အကျဉ်းစခန်းများကို ဆက်လက်လည်ပတ်နေဦးမည်ဖြစ်ကြောင်း၊ အကျဉ်းစခန်းများ၏ အခြေအနေသည် အကျဉ်းစခန်းတာဝန်ခံ ထောင်ပိုင်များအပေါ်သာ မူတည်ကြောင်း သူက ဆိုသည်။

“နောက်တော့လည်း ဒီအခြေအနေ ပြောင်းလဲချင်ပြောင်းလဲသွားမှာပေါ့လေ။ အခုကတော့ လူကြီးတွေရဲ့ ညွှန်ကြားချက်တွေနဲ့ပဲ လုပ်ကိုင်နေပါတယ်” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။

အကျဉ်းဦးစီးဌာန တရားဝင်စာရင်းများအရ ပျမ်းမျှ အကျဉ်းသား ၂ဝ,ဝဝဝ ၏ လုပ်အားကို အသုံးပြု၍ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသော အကျဉ်းစခန်းများမှာ တစ်နိုင်ငံလုံးတွင် ၄၈ ခု ရှိသည်။

အကျဉ်းသားအလုပ်စခန်းများတွင် ဝန်ထမ်းများအား လာဘ်ငွေပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းအပေါ် မူတည်၍ အလုပ်တာဝန်များခွဲဝေနေခြင်း၊ မပေးနိုင်သောအကျဉ်းသားများအား ရိုက်နှက်ခိုင်းစေခြင်းများ လုပ်ဆောင်နေသည့်အကြောင်း၊ အချို့သော အကျဉ်းစခန်းများတွင် အကျဉ်းသားများအား ကျွန်များကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်အားရောင်းစားမှုများရှိနေကြောင်း Myanmar Now သတင်းဌာနက ယမန်နှစ်က ရေးသားခဲ့သည်။

ထိုအကျဉ်းစခန်းများသည် အကျဉ်းသားများလွတ်မြောက်သည့်အခါ အသက်မွေးဝမ်းကျောင်းးပညာများ တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းကြောင့် ထိုစခန်းများပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း အကျဉ်းဦးစီးဌာနကို စီမံသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် မနှစ်က နှစ်ကြိမ်တိုင် ပြောကြားထားသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ လေ့လာအစီရင်ခံရန် မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံသူ ရန်ဟီလီသည် မကြာခင်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး၊ ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် သူ၏ခရီးစဉ်အတွေ့အကြုံကို ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button