ချင်းပြည်တောင်ပိုင်းသို့ လာသည့် စစ်ယာဉ်တန်းမှာ ၎င်းတို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ခရီးနှောင့်နှေးနေရချိန်တွင် မတူပီမြို့နှင့် ၁၅ မိုင်ကျော်အကွာရှိ ရမ်တိန်းကျေးရွာ မီးရှို့ခံရသည်ဟု ချင်းဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။
သုံးနာရီဝန်းကျင်သာရှိသည့် မင်းတပ်မှ ခရီးကို ၁၂ ရက် ဖြတ်သန်းခဲ့ရပြီးနောက် မတူပီအနီး ရောက်ချိန်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၄၀ ကျော် လူဦးရေ ၃၀၀ ကျော် နေထိုင်သည့် ထိုရွာကို ယနေ့ (ဧပြီ ၆ ရက်) မွန်းလွဲပိုင်းတွင် ဖျက်ဆီးသွားသည်ဟု CDF – မတူပီ ပြန်ကြားရေးတာဝန်ခံတစ်ဦးက အတည်ပြုသည်။
မင်းတပ်- မတူပီလမ်းပိုင်း၊ မိုင်တိုင် ၈၄ အနီးရှိ ရမ်တိန်းကျေးရွာခံများ ကြိုတင်တိမ်းရှောင်နေကြသဖြင့် အရပ်သားထိခိုက်မှု မရှိနိုင်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဆုံးရှုံးမှုအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
သံချပ်ကာနှင့် စစ်သုံးထရပ်ကား ၈၀ ကျော်ပါသည့် ထိုယာဉ်တန်းမှာ မကွေးတိုင်း ပခုက္ကူ၊ ကျောက်ထုမှတစ်ဆင့် ချင်းပြည်နယ် မင်းတပ်မြို့သို့ ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် မတ် ၂၆ ရက်တွင် မတူပီသို့ ထွက်ခွာလာခြင်းဖြစ်သည်။
ယာဉ်တန်းဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ချုံခိုတိုက်ခိုက်သည့် နည်းလမ်းများဖြင့် အပြင်းအထန်ခုခံကြရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ဒေသခံ PDF နှင့် CDF များက ထုတ်ဖော်ပြောဆိုထားကြသည်။
သို့သော် မိုင် ၁၀၀ ဝန်းကျင် ခရီးဆက်ခဲ့သည့် ထိုယာဉ်တန်းမှာ မင်းတပ်-မတူပီလမ်း သုံးပုံနှစ်ပုံခန့်အကျော်တွင် မတူပီမြို့အခြေစိုက် ခြေလျင်တပ်ရင်း (၃၀၄) စစ်ကြောင်းနှင့် ယမန်နေ့ (ဧပြီ ၅) တွင် ပူးပေါင်းနိုင်ခဲ့သည်ဟု CDF – မတူပီ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ထို့နောက် ရမ်တိန်းရွာကို မီးရှို့သည်အထိ စစ်ကောင်စီက ပြုမူပြီးနောက်တွင် နာရီဝက်ခရီးသာ ရှိတော့သည့် မတူပီမြို့သို့ ယနေ့ (ဧပြီ ၆) ညပိုင်းတွင် ထိုယာဉ်တန်းရောက်ရှိသွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
“ရွာတွေမှာ မအိပ်ဘူးဆိုရင်ပေါ့။ တကယ်လို့ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာလို့၊ ဒါမှမဟုတ် သူတို့ဘက်က စစ်ရေးပြင်ဆင်မှုတွေ လုပ်လာလို့ ဖြစ်ရင်တော့ ညရောက်ရင်ရောက်၊ တိုက်ပွဲဖြစ်ရင်တော့ ကြာမှာပေါ့လေ။ ဒါကတော့ ကြိုပြောလို့မရဘူး” ဟု ထိုသူက ဆိုသည်။
မိုးတွင်းကာလရောက်တော့မည်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသ ချင်းပြည်နယ်အတွင်း စစ်ဗျူဟာနှင့် တပ်ရင်း ၃ ခု အခြေစိုက်သည့် မတူပီသို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီက ပြင်ဆင်ခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မတူပီမြို့သို့ စစ်ကောင်စီက ထိုသို့ အင်အားဖြည့်တင်းသည်မှာ ၅ ကြိမ်ခန့် ရှိပြီဖြစ်ပြီး တစ်ကြိမ်တွင် စစ်ယာဉ်တန်း လိုရာမရောက်အောင် တစ်လနီးပါးကြာ ဟန့်တားနိုင်ခဲ့ကြောင်း CDF – မတူပီ၏ အထက်ပါ တာဝန်ရှိသူက ဆိုသည်။
မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နိုင်သဖြင့် အသုံးမပြုကြရန် မတ် ၁၉ ရက်ကတည်းက ဒေသအခြေစိုက် CDF အဖွဲ့များက ပြည်သူများထံ ပန်ကြားထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ချင်းပြည်နယ်အတွင်းရှိ CDF အဖွဲ့များ၏ ခုခံမှုများမှာ ထင်ရှားသည်။
ထိုသို့ ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်အတွင်း မြို့ရွာများအပြင် ဘာသာရေးအဆောက်အအုံများပင်မချန် ဖျက်ဆီးသည်အထိ စစ်ကောင်စီကလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။
စစ်ကောင်စီကမူ ရပ်ကွက် ကျေးရွာ မီးရှို့မှုများမှာ ခုခံစစ်ဆင်သူတို့၏ လုပ်ရပ်သာဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)