ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့အနီး မတ် ၃၁ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၆ ဦး၊ ၎င်းတို့ဘက်မှ ၂ ဦး သေဆုံးသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ သိရသည်။
မကွေးတိုင်း၊ ကျောက်ထုမြို့မှ အင်အားဖြည့်တင်းရန် လာသော အစီးရေ ၈၀ ပါ စစ်ယာဉ်တန်း ချင်းပြည်နယ် မင်းတပ်မြို့တွင် တစ်ထောက်နား၍ မတ် ၂၆ ရက်တွင် မတူပီမြို့သို့ ထွက်လာရာ ဒေသခံ CDF အဖွဲ့များက တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထိုယာဉ်တန်းကို လုံခြုံရေးပေးရန် မတူပီမြို့အခြေစိုက် ခြေလျင်တပ်ရင်း (၃၀၄) က အင်အား ၈၀ ခန့်ဖြင့် မင်းတပ်- မတူပီလမ်းသို့ ဆင်းလာစဉ် တောက်လျှောက် ကြားဖြတ်တိုက်ခိုက်နေကြရာ မတ် ၃၁ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်သည်ဟု မတူပီ CDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်နွေလင်းဦးက ပြောသည်။
ထိုနေ့က မတူပီမြို့နှင့် ၅ မိုင်ဝန်းကျင်အကွာ ချန်းပြန်းရွာသစ်နှင့် ရွာဟောင်းကြားတွင် နံနက် ၇ နာရီခွဲခန့်မှ ညဉ့်နက်ချိန်အထိ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားရာ နှစ်ဖက်လုံးတွင် ထိုသို့သေဆုံးမှုရှိကြောင်း ၎င်းက အတည်ပြုသည်။
စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ CDF ဘက်မှ သေဆုံးရသည့် ရဲဘော်များမှာ အသက် ၁၈ နှင့် ၂၀ အရွယ်ဖြစ်ကြောင်း၊ ၎င်းတို့၏ မိသားစုလုံခြုံရေးအခြေအနေအရ အသေးစိတ်ကို မဖော်ပြလိုကြောင်း ရဲဘော်နွေလင်းဦးက ဆိုသည်။
“CDF မတူပီ စပြီးတော့ ဖွဲ့စည်းကတည်းက သူတို့ ပါဝင်လှုပ်ရှားတယ်။ အသက်ငယ်ရွယ်ပေမဲ့လည်း ခံယူချက်နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ ဝင်လာတယ်။ တချို့က ငယ်သေးတယ်၊ ပညာသင်နေတဲ့အရွယ်၊ တချို့က မိသားစုရဲ့ အားကိုးအားထားရတဲ့ သားလေးတွေပါ” ဟု ၎င်းက ပြောသည်။
“ဒါပေမဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ သူတို့ ကျဆုံးတဲ့အထိ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီးတော့မှ ပါဝင်ခဲ့တာပါ” ဟု ရဲဘော်နွေလင်းဦးက ဆက်ပြောသည်။
ယနေ့ (ဧပြီ ၁) တွင် ထိုစစ်ကောင်စီတပ်ဖွဲ့က CDF တို့ ရှိနိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ မတ် ၃၀ ရက်မှစ၍ မင်းတပ်-မတူပီလမ်းပိုင်းတွင် CDF တို့ ထောင်ထားသည့် မိုင်းများ နင်းမိ၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
ထိုလမ်းပိုင်းတွင် ယနေ့ဖြစ်ပွားသည့် တိုက်ပွဲနှင့် မိုင်းပေါက်ကွဲမှုများအပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးပါ။
မိုးတွင်းကာလရောက်တော့မည်ဖြစ်၍ တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်သည့် ချင်းပြည်နယ်ရှိ မတူပီမြို့အခြေစိုက် စစ်ဗျူဟာ ၁ နှင့် တပ်ရင်း ၃ ခုကို စားနပ်ရိက္ခာ၊ လူနှင့် လက်နက် အင်အားဖြည့်ရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်ဟု ရဲဘော်နွေလင်းဦးက သုံးသပ်သည်။
“ကျွန်တော်တို့ တောင်ပေါ်ဒေသတွေကျတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ ဒါပေမဲ့ ပြည်မတွေမှာကျတော့ အထူးသဖြင့် မြို့ကြီးတွေမှာ ကိုယ်နဲ့မဆိုင် နေနေတဲ့သူတွေလည်း ရှိတယ်” ဟု ရဲဘော်နွေလင်းဦးက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဒီအရေးတော်ပုံ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် သွေးမအေးဖို့၊ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ကျွန်တော်တို့ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်”
မင်းတပ်-မတူပီလမ်းတွင် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် အသုံးမပြုကြရန် မတ် ၁၉ ရက်ကတည်းက ဒေသအခြေစိုက် CDF အဖွဲ့များက ပြည်သူများထံ ပန်ကြားထားသည်။
ထိုဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်အတွင်း မကွေးတိုင်းမှ ဖြတ်ကာ စစ်ကောင်စီက လူနှင့် လက်နက်အင်အား တောက်လျှောက်ဖြည့်တင်းသည်။ ထိုဒေသများအတွင်းရှိ CDF, PDF တို့ကလည်း စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



