အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တွေ့ဆုံဆွေးနွေး အဖြေရှာရန် ကြိုးပမ်းမည်ဟု PPST ပြော

မြန်မာနိုင်ငံ ပဋိပက္ခနှင့် အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ပြောသည်။ 

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များညီလာခံတွင် နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် ၇ ချက်ကို ချမှတ်ခဲ့ပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက Myanmar Now ကို ပြောသည်။  

ညီလာခံတွင် တွေ့ဆုံဆွေးနွေးရေးကို အခြေခံသည့် လမ်းပြမြေပုံ ၇ ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၂၉ ရက်မှ ဧပြီလ ၃ ရက်အထိ ပြုလုပ်သည့် ညီလာခံတွင် PPST က ချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

“မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုလို့ရှိရင် NCA ရဲ့ အနှစ်သာရအတိုင်းပဲ ကျွန်မတို့က သွားဖို့အတွက် ဆုံးဖြတ်ချက်ရှိပါတယ်၊ အဲဒါကတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမယ်၊ အဲဒီလိုမျိုး အဖြေရှာတဲ့အခါမှာ ပါဝင်ထိုက်သူတွေ အားလုံးပါဝင်မှသာလျှင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ခရီးရောက်မယ်” ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၃ ရက်အထိ ပြုလုပ်သည့် ညီလာခံသို့ NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU, ချင်းအမျိုးသားတပ်ဦး CNF တို့ တက်ရောက်ခြင်းမရှိပါ။

ညီလာခံအပြီး ဧပြီလ ၄ ရက်က ရဲဘော်မျိုးဝင်း၊ ဒေါ်စောမြရာဇာလင်း၊ နိုင်အောင်မငေးတို့ပါဝင်သော သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်။ 

သို့သော် သတင်းစာရှင်းလင်းပွဲတွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲလုပ်နိုင်မည့် အချိန်ကာလကန့်သတ်ချက်၊ တွေ့ဆုံဆွေးနွေးမှုဖြစ်လာနိုင်ခြေနှင့် အောင်မြင်နိုင်မည့် မျှော်မှန်းချက်တို့နှင့် ပတ်သက်သည့် မေးခွန်းများကိုမူ တိကျသည့်အဖြေ ပေးသွားခြင်းမရှိပါ။ 

ဒေါ်စောမြရာဇာလင်းက “တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကတော့ NCA ရဲ့ အနှစ်သာရမှာလည်း ပါထားတော့ ဒီအတိုင်းပဲ ကျွန်မတို့ သွားနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ သို့သော် ထိပ်သီးခေါင်းဆောင်များညီလာခံသို့ တက်ရောက်ခြင်းမရှိသည့် KNU ကမူ အာဏာသိမ်းစစ်ကောင်စီသည် NCA စာချုပ်ပါ ကတိကဝတ်များကို လိုက်နာခြင်း မရှိသည့်အတွက် NCA ပျက်ပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။ 

“သူတို့ (စစ်ကောင်စီ) နဲ့ စကားပြောစရာအကြောင်းကို မရှိဘူး။ NCA ကို ဘိုင့်ဘိုင်လို့ ပြောလို့ရတဲ့ အနေအထားရောက်သွားပြီ” ဟု ပဒိုစောတောနီးက ပြောသည်။ 

KNU ထိန်းချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲပေါင်း ၂,၂၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း Institute for Strategy and Policy – Myanmar က ကောက်ယူထားသော စာရင်းများတွင် ဖော်ပြသည်။ 

အဆိုပါတိုက်ပွဲများအနက် ရာခိုင်နှုန်း ၈၀ ကျော် အကြိမ်ရေ ၁,၈၀၀ နီးပါးမှာ KNU နယ်မြေအတွင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များညီလာခံက အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းပြမြေပုံ အဆိုပြုမည်ဟုဆိုသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ အမျိုးသားညီညွတ်ရေးအစိုးရ NUG, ဒေသကာကွယ်ရေးတပ် PDF များကို ရည်ညွှန်းလျက် ဆွေးနွေးမှုမလုပ်နိုင်ဘဲ ချေမှုန်းသွားမည်ဟု မတ်လ ၂၇ ရက်က ထုတ်ပြောထားသည်။

အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်နိုင်ရန် အာဆီယံကလည်း ကြားခံ ဝင်ရောက်စေ့စပ်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ် ဧပြီ ၂၄ ရက်က ချမှတ်ခဲ့သော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန်ဟူသည့် အချက်တစ်ချက်လည်း ပါဝင်သည်။ သို့သော် ထိုသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း အကောင်အထည်ပေါ်လာခြင်းမရှိပါ။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်လာနိုင်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် မတ်လတတိယပတ်က မြန်မာနိုင်ငံသို့ လာရောက်ကာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ 

သို့သော် သူ၏ ခရီးစဉ်အတွင်း စစ်ကောင်စီ၏ ဝန်ကြီးအချို့နှင့်သာ တွေ့ဆုံခွင့်ရခဲ့ခြင်းကြောင့် မအောင်မြင်သည့် ခရီးစဉ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ 

ထိပ်သီးခေါင်းဆောင်များညီလာခံအပြီး “လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် သက်ဆိုင်သူများအားလုံးပါဝင်သည့် နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရန် PPST အနေဖြင့် အဆင်သင့်ရှိသည်” ဟုလည်း ထုတ်ပြန်ထားသည်။ 

လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့်၊ နိုင်ငံအနှံ့ ရွာလုံးကျွတ်မီးရှို့မှုများအတွက် ပြစ်တင်ခံနေရသည့် အာဏာသိမ်းစစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ဒေသကာကွယ်ရေးတပ်ဖွဲ့များ PDF များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည်။

ထိုအင်အားစုများကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button