
ယနေ့ (မတ်လ ၂၉) တွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ထံမှ သိရသည်။
ဘဝသစ်ရပ်ကွက် ရေလှောင်ကန် ပြုပြင်သည့် နေရာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် ၇ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။
“ရေလှောင်ကန် ပြန်ပြင်တဲ့အချိန်မှာ လုံခြုံရေးယူပေးတဲ့ စကစတွေကို သွားရောက်ချုံခိုပစ်တာပေါ့” ဟု သူက ပြောသည်။
ဝမ္မသူးမောင်းလမ်း၊ ဗိုလ်မှူးဟာရှိန်းချောက်အနီးရှိ အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရကြောင်း၊ ရုပ်အလောင်းများကို လူနာတင်ယာဉ်နှင့် စစ်ကောင်စီတပ်က လာရောက် ကောက်ယူသွားကြောင်း မျက်မြင်များကို ကိုးကားပြီး ကိုယောမန်က ဆိုသည်။
“သူတို့ထိုးစစ်ဆင်လာရင် တိုက်မယ်။ ထိုးစစ်မဆင်လာရင် ဒီအတိုင်းပဲ နေမယ်ဆိုတာထက် အာဏာရှင် ပြုတ်ကျဖို့ ခက်တယ်လေ။ ဆိုတော့ တချို့နေရာလေးတွေကို စစ်ဆင်ရေးတွေသွားပြီး အမှည့်ခြွေခြွေမယ်လေ။ အဲဒီလိုလုပ်ဖို့ ကြိုးစားလာတာပေါ့” ဟု ကိုယောမန်က ပြောသည်။
ယနေ့နံနက်ပိုင်းတွင်ပင် မင်းတပ်မြို့မှ မတူပီမြို့သို့ ဦးတည်ထွက်ခွာနေသည့် စစ်ယာဉ်တန်းကို CDF မင်းတပ်က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့သည်ဟုလည်း ကိုယောမန်က ဆိုသည်။
“ယာဉ်တန်းကို ချုံခိုတိုက်ခိုက်တာပေါ့။ သူကတော့ မိုင်းသုံးတာများတယ်။ မိုင်းခွဲပြီးတော့ ပစ်တာပေါ့။ စကစ (စစ်ကောင်စီတပ်) ထိခိုက်မှု တော်တော်များတယ်။ ၁၅ ယောက်လောက် ကျဆုံးတာ ရှိတယ်။ ဒဏ်ရာရတဲ့သူလည်း အများအပြားရှိတယ်” ဟု သူက ပြောသည်။
CDF ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။
စစ်ကောင်စီယာဉ်တန်း၏ ရွေ့လျားမှုသည် မိုင် ၁၀၀ ကျော်ရှိသည့်၊ ပုံမှန်အားဖြင့် တစ်ရက်ခရီးသာ ရှိသည့် အဆိုပါ လမ်းပိုင်းတွင် အနည်းဆုံး တစ်ပတ်ခန့် ကြာနိုင်ပြီး လာမည့်ရက်များတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။
စစ်ကားအစီး ၈၀ ကျော်ပါ အဆိုပါယာဉ်တန်းကို နေ့စဉ် တိုက်ခိုက်နေသည်မှာ ၃ ရက်ကြာပြီဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF – မင်းတပ်ထံမှ ယမန်နေ့က သိရသည်။
မင်းတပ် – မတူပီ လမ်းကြောင်းအတိုင်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ယခုနှစ်ဆန်းပိုင်းတွင် တစ်ကြိမ် စစ်ကောင်စီယာဉ်တန်း သွားခဲ့စဉ်က နယ်မြေကျွမ်းကျင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းရာမြို့နယ်ဖြစ်သည့် မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဧပြီလမှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မေလတွင် စစ်တပ်က ထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်းပြီးတစ်နှစ်ကျော်ကြာသည်အထိ စစ်ကောင်စီက ချင်းပြည်နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က ၎င်းတို့၏ စစ်ဆင်ရေးများတွင် လူနေအိမ်များကို ဖျက်ဆီးနေရာ စစ်ကိုင်းတိုင်းအတွင်း အိမ်ခြေ ၅၀၀၀ နီးပါး၊ မကွေးတိုင်းတွင် ၁၁၀၀ ကျော်နှင့် ချင်းပြည်နယ်အတွင်း အိမ်ခြေပေါင်း ၁၁၀၀ ကျော်လည်း မီးရှို့ခံခဲ့ရသည့်အထဲ ပါဝင်သည်။
အာဏာသိမ်းခေါင်းဆောင်က လက်နက်ကိုင်ခုခံသူများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ နှိမ်နင်းမည်ဟု မတ်လ ၂၇ ရက်က ထုတ်ဖေါ်ပြောထားသည်။ အလားတူ သူ၏ ပြန်ကြားရေးဒုဝန်ကြီး ဇော်မင်းထွန်းကလည်း တိုင်းပြည်အတွင်း စစ်ရှိန်မြှင့်တော့မည်ဟု မတ်လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)