
ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကားအစီး ၈၀ ကျော်ပါ ယာဉ်တန်းကို နေ့စဉ် တိုက်ခိုက်နေသည်မှာ ၃ ရက်ကြာပြီဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF – မင်းတပ်ထံမှ သိရသည်။
မတ် ၂၆ ရက်နေ့က စတင်ထွက်ခွာလာသည့် အဆိုပါစစ်ယာဉ်တန်း လက်ရှိတွင် မြို့မှ ၂၄ မိုင်ခန့်အကွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ယမန်နေ့ (မတ် ၂၇) တစ်ရက်တည်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း CDF – မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဆလိုင်းဟာအွမ်က ပြောသည်။
“မနေ့က တိုက်ပွဲဖြစ်တာမှာ စစ်တပ်ဘက်က ၅ ယောက်ကျတယ်။ CDF ဘက်က အကျအဆုံးမရှိဘူး။ သူတို့ဘက်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတယ်” ဟု ၎င်းက ယနေ့ နေ့လယ်တွင် ပြောသည်။
“အခု ဟယ်လီကော်ပတာ တစ်စီးတော့ ပျံဝဲသွားတယ်။ လောလောဆယ်တော့ ဟယ်လီကော်ပတာပေါ်ကနေ ပစ်တာခတ်တာတော့ မရှိသေးဘူး”
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့ နံနက်ပိုင်းတွင်မူ သံချပ်ကာယာဉ်နှစ်စီးပါဝင်သည့် ထိုယာဉ်တန်းသည် လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ကာ ရှေ့တက်လာကြောင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံထားရ၍ ဆက်သွယ်ရေးအခက်အခဲရှိနေသောကြောင့် အခြေအနေအသေးစိတ် မသိရသေးကြောင်း ဆလိုင်းဟာအွမ်က ဆက်ပြောသည်။
မိုင် ၁၀၀ ခန့်သာ ကွာဝေးသည့် မင်းတပ်- မတူပီလမ်းတွင် ကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရန် အနည်းဆုံးရက်သတ္တပတ်ခန့် ကြာမြင့်နိုင်သည်ဟု ယူဆရကြောင်း၊ နှစ်ဖက်တိုက်ပွဲများ ပိုပြင်းထန်လာနိုင်ပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း စနစ်တကျ ပြင်ဆင်ထားကြောင်း သူက ပြောပြသည်။
တိုက်ပွဲများပြင်းထန်လာနိုင်၍ မင်းတပ် – မတူပီ လမ်းပိုင်းကို ပြီးခဲ့သည့် မတ် ၁၉ ကတည်းက အများပြည်သူ မသွားလာရန် လမ်းပိတ်ထားကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ရေးအချက်အချာကျသော၊ စစ်ဗျူဟာ ၁ ခုနှင့် တပ်ရင်း ၃ ခု အခြေစိုက်ထားသော မတူပီမြို့သို့ ရိက္ခာနှင့် စစ်အင်အား ဖြည့်တင်းရန် ရည်ရွယ်ပြီး မင်းတပ် – မတူပီ လမ်းအတိုင်း သံချပ်ကာယာဉ်များပါဝင်သည့် စစ်ယာဉ်တန်းနှင့် တက်လာသည်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတွင် တက်လာသည့် လက်နက်၊ လူအင်အားသာလွန်သည့် စစ်ကောင်စီယာဉ်တန်းကို ပထဝီအနေအထား၊ နယ်မြေကျွမ်းကျင်မှု ပိုမိုအားသာသည့် ဒေသခံကာကွယ်ရေးအဖွဲ့များက အကြိမ်ကြိမ် ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ စစ်ကောင်စီဘက်က ဖုန်းလိုင်းများ ကြိုတင်ဖြတ်တောက်ထားသည့်အတွက် CDF များအနေဖြင့် အခက်အခဲရှိနေကြောင်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဖုန်းလိုင်းဖြတ်လိုက်တော့ အမှန်အတိုင်းပြောရရင် ဆက်သွယ်ရေး ခက်ခဲသွားတယ်။ ကျွန်တော်တို့ စီစဉ်ရတဲ့အပိုင်း၊ ဆက်သွယ်မှုမှာ အရမ်းခက်ခဲတာပေါ့” ဟု ဆိုသည်။
အလားတူ CDF မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းကလည်း ၎င်းတို့ဆီ ဦးတည်တက်လာသည့် ထိုစစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားကြောင်း ပြောသည်။
“စစ်ကြောင်းတော့ မင်းတပ်ကို ကျော်လာပြီ။ ကျွန်တော်တို့နယ်ထဲတော့ မရောက်သေးဘူး။ ကျွန်တော်တို့လည်း လောလောဆယ် အဆင်သင့်အနေအထားတော့ရှိတယ်။.. ဒေသကာကွယ်ရေးဆိုတော့ အားနည်းချက်တွေရှိပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်မှုလေးတွေတော့ရှိတယ်” ဟု သူက ပြောသည်။
အစောဆုံးလက်နက်ကိုင်ခုခံရာဒေသဖြစ်သည့် ချင်းပြည်နယ်တွင် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည့်တိုင် စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ချင်းဒေသကာကွယ်ရေးအဖွဲ့များကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်က အရှိန်မြှင့် တိုက်ခိုက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)