သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၉ ဦးသေဟု PDF ပြော

ယနေ့ (မတ် ၂၆) နံနက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ် မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ် PDF က ပြောသည်။

မြို့အနောက်ဘက် ကုက္ကိုကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်သို့ မနက် ၆ နာရီကျော်က ရောက်လာသည့် စစ်ကောင်စီတပ်သား ၇ ဦးခန့်က သစ်ပင်တွင် ထောင်ထားသည့် မိုင်းကို တွေ့ရှိပြီး သေနတ်ဖြင့် ပစ်ရာမှ မိုင်းပေါက်ကွဲပြီး နှစ်ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ထီးချိုင့်-PDF ရှေ့တန်းတပ်ဖွဲ့ဝင်က ဆိုသည်။

“မိုင်းကိုတွေ့တော့ ပစ်ခွဲတာမှာ အနီးကပ်ပစ်ခွဲတော့ မျက်နှာတွေ စုတ်ပြတ်သွားကြတာ” ဟု ပြောသည်။ 

ထို့နောက် အဆိုပါဂိတ်သို့ ထပ်မံရောက်ရှိလာသည့် တပ်များကို မနက် ၉ နာရီခန့်တွင် PDF အဖွဲ့ဝင်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ၇ ဦးထက်မနည်း ထပ်မံသေဆုံးသည်ဟုလည်း သူက ဆိုသည်။

ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ချက်ချင်းပင် လာရောက် သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မိုင်းကွဲသည့်နေရာတွင် ဆဲဆိုနေကြသည့် စစ်သားတို့က အနီးပတ်ဝန်းကျင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံအချို့က ပြောသည်။

ယနေ့မနက် တိုက်ခိုက်မှုများကြောင့် ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်နေပြီး ဆိုင်ကယ်များဖြင့်လည်း မြို့တွင်း လှည့်လည်သွားလာနေသည်ဟု အသက် ၄၀ ခန့်ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အရပ်ဝတ်တွေနဲ့လည်း လှည့်နေတာရှိတယ်၊ ပတ်ပြီးတော့မှ လိုက်စစ်နေတာပေါ့။ သွားလာနေတဲ့ ဆိုင်ကယ်တွေလည်း တားစစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက်က ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံအနီးတွင် အိမ်စီးကားတစ်စီးကို ထီးချိုင့်အခြေစိုက် Special 9 ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဆေးဆရာဝန် ဗိုလ်ကြီးဝင်းသွင်စိုးနှင့် တပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

ဧရာဝတီမြစ် ဖြတ်သန်းသွားရာ ထီးချိုင့်မြို့သည် ရှမ်းပြည်နယ်နှင့် ကပ်လျက်တည်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ပေါ်ပေါက်လာရာတွင် ထီးချိုင့်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များမှာ ခုခံအားကောင်းလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ထီးချိုင့်မြို့အနောက်တောင်ဘက်ရှိ မရသိမ်ရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ တစ်နိုင်ငံလုံး တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ISP Myanmar က ကောက်ယူထားသည့် စာရင်းများတွင် ဖော်ပြသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို အသုံးချလျက် ကာကွယ်ရေးစစ်ရှိန် မြှင့်တင်သွားမည်ဟု မတ်လ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများကို တိုက်ပွဲဝင်ခိုင်းရုံမက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ရှိသည့် ရဲတပ်သားများကိုပါ စစ်တိုက်ခိုင်းနိုင်မည့် ကာကွယ်ရေးတာဝန်များ ပေးအပ်သည့် ဥပဒေကို မတ်လ ၂၅ တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button