မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဝင်အထွက်ဖြစ်သည့် မူဆယ်ဘက်တွင် တရုတ်ဘက်က ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် တစ်ဖက်သတ်ကန့်သတ်ပိတ်ပင်မှု ပိုလုပ်လာကြောင်း ကုန်သည်အချို့က ပြောသည်။
၂၀၂၀ ဧပြီကတည်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်နေခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက်တွင်လည်း ဂိတ်ပေါက်တစ်ခုတည်းသာ ဖွင့်ပေးထားကာ မြန်မာဘက်မှ ပို့ကုန် ၇ မျိုးကို ယခုလ ၁၅ ရက်မှစ၍ ထပ်မံပိတ်ပင်လိုက်ကြောင်း သိရသည်။
ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်ဖြင့်သယ်ယူမည့် ကုန်စည်၊ အေးခဲကုန်စည်၊ ရေထွက်ကုန်နှင့် နေ့စဉ်သုံးပစ္စည်းနှင့် စားသောက်ကုန်များကို ယာယီပိတ်ပင်မည်ဟု တရုတ်အာဏာပိုင်များက အကြောင်းကြားကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
“တစ်ဖက်သတ် လုပ်ပစ်လိုက်တာမျိုးတွေက များနေတာပေါ့။ နိုင်ငံကြီးနဲ့ နိုင်ငံလေး အနိုင်ကျင့်တဲ့ပုံစံမျိုး ဖြစ်တာပေါ့” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။
ကပ်ရောဂါတားဆီးထိန်းချုပ်ရန် တစ်ဖက်သတ်ပိတ်ပင်ခြင်းဖြစ်သော်လည်း နယ်စပ်ရောက်ရှိပြီး ကုန်တင်ပို့ရန် စောင့်နေသူများ တင်ပို့ခွင့်မရတော့သဖြင့် ထိခိုက်နစ်နာကြောင်း ၎င်းက ဆိုသည်။
“ဒီနှစ်ဝင်လုပ်တဲ့သူတွေက စီးပွားပျက်တာများတာပဲ။ သိပ်ပြီးတော့ အကျိုးအမြတ်မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေကောင်းမယ်လုပ်လိုက် ပစ္စည်းဝယ်ပို့လိုက် ဟိုဘက်ရောက်ရင် မကောင်းလိုက်ပေါ့။ တော်တော်များများက အရှုံးနဲ့ပဲ ရင်ဆိုင်ရတာ” ဟု ထိုကုန်သည်က ပြောသည်။
ပို့ကုန်များရပ်ဆိုင်းမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီသည် ညှိနှိုင်းအဖြေမရှာသောကြောင့် တရုတ်၏ ဆုံးဖြတ်ချက်သာ အခရာကျနေသည်ဟု မူဆယ်အခြေစိုက် အမည်မဖော်လိုသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။
ထို့ပြင် အကြိမ်ကြိမ်ပိတ်ချင်သလို ပိတ်နေသောကြောင့် တိတ်တဆိတ်စီးပွားရေးဒဏ်ခတ်သည့် သဘောဆောင်နေကြောင်း ၎င်းက ဆိုသည်။
“အားရစရာကောင်းအောင်ကို မဖွင့်တာ။ ပိတ်လိုက်၊ ခဏနေရင်ဖွင့်လိုက်နဲ့ အသံတိတ် Sanction (ပိတ်ဆို့အရေးယူမှု) လုပ်နေတယ်လို့ ယူဆရတာပဲ” ဟု မူဆယ်အခြေစိုက် အမည်မဖော်လိုသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
တရုတ်က မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ကာလကြာရှည်ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကန့်အသတ်ဖြင့်သာ ပြန်ဖွင့်ပေးပေးခဲ့သည်။ တရုတ်ဘက်သို့ ကုန်တင်ကားများ တိုက်ရိုက်သွားခွင့် မရသောကြောင့် ကွန်တိန်နာအတွင်း ကုန်လွှဲပြောင်းတင်ပို့ရသည့်စနစ်ဖြင့် တင်ပို့နေရသည်။
ကပ်ရောဂါထိန်းချုပ်ရန် ၂၀၂၀ မှစ၍ တစ်နှစ်ခွဲနီးပါးကြာ နယ်စပ်ကုန်သွယ်မှုကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်စပ်မှုမရှိနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။
“နိုင်ငံရေးမှာတော့ မပါဘူးပြောရမှာပေါ့။ ကိုဗစ်ကြောင့် ကြောက်ပြီးလုပ်တာ။ နယ်စပ်တင်မကဘူး။ ဘဏ်တွေပါ ပိတ်ထားတာ။ ရွှေလီမြို့တစ်မြို့လုံး Lock Down ချထားတယ်။ တရုတ်က ကိုဗစ်နဲ့ ပတ်သက်ရင် ကမ္ဘာမှာ အကြောက်ဆုံးတိုင်းပြည်ပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာ့ဆန် အဓိကတင်ပို့သည့် ဈေးကွက်တစ်ခုဖြစ်သော မူဆယ်လမ်းကြောင်းမှာ ပိတ်ပင်မှုကြောင့် အားထားသူနည်းလာပြီး ပင်လယ်ရေကြောင်းတင်ပို့မှုကို ပြောင်းလဲလာသည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ အဓိကတင်ပို့ပြီး ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။
၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ မတ် ၃ အထိ မူဆယ်နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိခဲ့ပြီး ယခုနှစ်တွင် ၆၁၆ သန်းသာ ရှိ၍ စုစုပေါင်း ၁ ဒသမ ၉ ဘီလျံကျော် ကျဆင်းသွားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်စခန်းများမှတစ်ဆင့် တရုတ်နှင့် ကုန်သွယ်နေသည်။ ထိုနယ်စပ်များမှတစ်ဆင့် တရုတ်နှင့် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ၂ ဒသမ ၄ ဘီလျံကျော် လျော့နည်းသွားသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ အများအပြားတင်ပို့နိုင်ခဲ့ကြောင်း ၂၀၂၂ ဖေဖော်ဝါရီ ၂ အစည်းအဝေးတစ်ရပ်တွင် ပြောဆိုခဲ့သည်။
၂၀၂၁ အောက်တိုဘာအထိ ကုန်သွယ်မှုပိုငွေ ၆၇၇ သန်းရှိခဲ့ပြီး လာမည့်နှစ်အတွင်း ပိုတိုးလာနိုင်ကာ ယင်းမှာ အောင်မြင်မှုဖြစ်ကြောင်း ထိုအစည်းအဝေးတွင် ၎င်းက ဆိုသည်။
ကုန်သွယ်မှုပိုငွေဆိုသည်မှာ ပြည်ပနှင့် ကုန်သွယ်ရာတွင် သွင်းကုန်တန်ဖိုးထက် ပို့ကုန်တန်ဖိုး ပိုများခြင်းကို ဆိုလိုသည်။
စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားငွေလဲနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဒေါ်လာသုံး၍ တင်သွင်းရသည့် သွင်းကုန်များကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ သွင်းကုန်များပိတ်ထားချိန်တွင် ပို့ကုန်ဆက်လက်တင်ပို့နေ၍ တန်ဖိုးပိုများလာခြင်းဖြစ်သည်။
ကုန်သွယ်မှုပိုငွေပြတိုင်း တိုးတက်မှုဟု မယူဆနိုင်ကြောင်း၊ သွင်းကုန်တန်ဖိုးများခြင်းမှာ ပြည်တွင်း၌ လည်ပတ်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ ဝယ်ယူခြင်းဖြစ်၍ စီးပွားရေးလည်ပတ်မှုကောင်းခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း စီးပွားရေးလေ့လာသူတို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



