သတင်း

ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူကို ဖမ်းဆီးပြီး ဝန်ထမ်းတချို့ကို စစ်ဆေး

ရန်ကုန်မှ နာမည်ကျော်လုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေနှင့် သားဖြစ်သူကို ကာကွယ်ရေးဝန်ကြီးဌာနပိုင် အဆောက်အအုံများကို ခွင့်ပြုချက်မဲ့ဖြိုဖျက်မှုဖြင့် မတ် ၂၁ တွင် ဖမ်းဆီးထားသည်ဟု မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံဂေါက်ကွင်းအနီးရှိ မိသားစုပိုင် ရှေးဟောင်းပစ္စည်းပြတိုက်မှ ဝန်ထမ်းများကိုလည်း ထိုနေ့တွင်ပင် စစ်ကောင်စီက စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

“​​ပြတိုက်ကတော့ ပိတ်ထားတယ်။ တနင်္လာနေ့ညနေက ပိတ်ထားတာ။ ပြတိုက်က ဝန်ထမ်းတွေကိုလည်း ခဏခေါ်မေးတာ။ အခု ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု ၎င်းက ပြောသည်။ 

ခေါ်ယူမေးမြန်းခံရသည့် ဝန်ထမ်းအရေအတွက်ကို အတည်မပြုနိုင်သေးသလို ၇၁ နှစ်အရွယ် ဦးခင်ရွှေနှင့် သားဖြစ်သူတို့၏ လက်ရှိအခြေအနေကိုလည်း မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

ပြီးခဲ့သည့် ၈နှစ်ခန့်က စစ်တပ်ထံ ငှားရမ်းခငွေ အကျေမပေးချေသေးခြင်း၊ ငှားထားသည့် အဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖြိုဖျက်ခြင်းများအတွက် အမှုဖွင့်ထားသည်ဟု ဆိုသည်။

အမှုဖွင့် ဖမ်းဆီးထားသည့်ဖြစ်စဉ်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း အတည်ပြုသည်။ 

အဖမ်းခံရသူတို့၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။ 

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးအောင်ကျော်မိုးက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၁၁ တွင် ဗဟန်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း Myanmar Now က တွေ့ရှိရသည့် ရဲမှတ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးခင်ရွှေသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရှေးဟောင်းအဆောက်အအုံ လေးလုံးကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T.) စာချုပ် မချုပ်ဆိုရသေးခင် ဖြိုဖျက်မှုအတွက် အမှုဖွင့်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် စုစုပေါင်း ၁၃.၇၉၄ ဧက မြေဧရိယာနှင့် ထိုနေရာရှိ အဆောက်အအုံများကို B.O.T စနစ်ဖြင့် ဟိုတယ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌနှင့် စစ်ထောက်ချုပ်ရုံးတို့ ကြိုတင်သဘောတူ လက်မှတ်ထိုးထားသည်။​

သဘောတူစာချုပ်ထဲတွင် မြေအသုံးချခ ပရီမီယံကြေး ဒေါ်လာ ၄၀.၃၈၂ သန်း၊ နှစ်စဉ် ငှားရမ်းခ ဒေါ်လာ ၁.၂ သန်းကို နှစ်စဉ်ပေးသွင်းရန်၊ ၆ လအတွင်း B.O.T စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက်များရရှိရေး အမြန်ဆုံးရရှိအောင် ဇေကမ္ဘာကုမ္ပဏီက ဆောင်ရွက်ရန် ချုပ်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သဘောတူစာချုပ်လက်မှတ်ထိုးပြီး တစ်လအကြာမှစ၍ လုပ်ငန်းမဖွင့်မီအထိ မြေအသုံးချခနှင့် မြေငှားရမ်းခတို့၏ ၂၀ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၈.၂၇၆၄ သန်းကို ၅ ကြိမ်ခွဲ၍ ပေးသွင်းရန် ချုပ်ဆိုခဲ့သော်လည်း နှစ်ကြိမ်သာ ပေးသွင်းခဲ့ပြီး ကျန် ၃ ကြိမ်အတွက် ပေးသွင်းရမည့်ငွေကို တွေ့ဆုံခြင်း၊ စာ ၈ ကြိမ်ပို့၍ အကြောင်းကြားခြင်းများပြုလုပ်ခဲ့သော်လည်း ပေးသွင်းမှုမရှိတော့ကြောင်း ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ကြိုတင်သဘောတူစာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်ကာ B.O.T စာချုပ် မချုပ်ဆိုနိုင်သေးခင်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သော Human Land Oversea Real Estate Development ကုမ္ပဏီနှင့် ပူးပေါင်းကာ မြို့တော်ဝန်အိမ်အဟောင်း၊ မြို့တော်ဝန်ဂေဟာအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် အဆောက်အအုံ ၄ လုံးကို ဇေကမ္ဘာကုမ္ပဏီက ဖြိုချခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် အဆိုပါအဆောက်အအုံ လေးလုံးကို ဖြိုဖျက်ခြင်းမှာ သမိုင်းဝင်အမွေအနှစ်တန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး များစွာနစ်နာဆုံးရှုံးရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါအဆောက်အအုံ လေးလုံးကို ခွင့်ပြုချက်မဲ့ဖြိုဖျက်မှုတွင် အဓိကတာဝန်ရှိသူ ဦးခင်ရွှေ၊ ညွှန်ကြားစေခိုင်းသူများ၊ ဖြိုဖျက်သူများကို အရေးယူပေးရန် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုးက တိုင်စာတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီက ဤဖမ်းဆီးမှုအတွက် သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပေါက်ကြားလာသည့် ရဲမှတ်တမ်းတွင် ပါရှိသည့် အမှုစစ်အရာရှိဖြစ်သူ ဗဟန်းမြို့မရဲစခန်းက ဒုတိယရဲအုပ် ထွန်းထွန်းထံမှ အတည်ပြုချက်ရယူရန် Myanmar Now က ဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။

တပ်ပိုင်မြေပေါ်မှ အဆောက်အအုံဆိုင်ရာအမှုမှာ ၂၀၁၈ ခုနှစ်ကပင် အစပြုခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ယခုမှ ရုတ်တရက် အမှုဖွင့်ခြင်းဖြစ်သည်။

ဦးခင်ရွှေသည် စစ်တပ်နှင့် ရန်ဘက်မဟုတ်ခဲ့ဘဲ စစ်တပ်ကထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုကာ ၂၀၁၀ – ၂၀၁၅ လွှတ်တော်တွင် အမျိုးသားလွှတ်တော် ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် (၉) အမတ် ဖြစ်လာသည်။ 

သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သူလည်း ဖြစ်သည်။

သူရဦးရွှေမန်း ထိုပါတီ၏ ဥက္ကဋ္ဌနေရာမှ စစ်တပ်အင်အားသုံး ဖယ်ရှားခံရပြီးနောက်တွင် ၎င်းတို့နှစ်ဦးလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးလာကြသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ရွှေ ထပ်မံယှဉ်ပြိုင်စဉ် ချွေးမဖြစ်သူ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်က မဲဆွယ်ပေးခဲ့သော်လည်း အနိုင်မရခဲ့ပေ။ 

ဦးခင်ရွှေတွင် သားသမီး ၂ ဦးရှိရာ ဦးဇေသီဟသည် ယခု ၎င်းနှင့်အတူ ဖမ်းဆီးခံထားရသည်။

သမီးဖြစ်သူ ဒေါ်ဇေဇင်လတ်၏ ခင်ပွန်း ဦးတိုးနိုင်မန်းသည်လည်း စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ထိန်းသိမ်းခံရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button