
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက်မီးရှို့နေသည့် စစ်တပ်က ယမန်နေ့ (မတ် ၁၆)တွင် ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာတို့ကို ထပ်မံဖျက်ဆီးရာ အိမ်ခြေ ၁၄၀ နီးပါး မီးလောင်ဆုံးရှုံးသည်ဟု ဒေသခံ ၃ ဦးက အတည်ပြုသည်။
ထိုရွာများမှာ ခင်ဦးမြို့နှင့် ဆယ်မိုင်ခန့်အကွာရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကုလားလူးရွာတွင် နေအိမ် ၇၅ လုံး ပျက်စီးကြောင်း၊ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသည့် ရှားလွင်ရွာတွင် ၆၃ လုံး ပျက်စီးကြောင်း ၎င်းတို့ထံမှသိရသည်။
ထိုနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကုလားလူးရွာသို့ စစ်သား ၁၀၀ နီးပါး စစ်ထရပ်ကား ၃ စီးနှင့် ရုတ်တရက်ရောက်လာပြီး သတင်းပေးသူ လိုက်ပြသည့် အိမ်များကို မီးရှို့ကြကြောင်း၊ စစ်သားများက မောင်းပြန်သေနတ် ဒေသခံတို့အခေါ် ဘောက်ဆွဲသေနတ် ကိုင်ထားကြကြောင်း ထိုရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“တမုတ်ရွာက စစ်ပြေးတွေ ကျွန်တော်တို့ရွာဘက် ရောက်လာလို့ နေ့လယ်စာ ချက်ကျွေးနေတုန်း ရှိပါသေးတယ်၊ လက်နက်ကြီးသုံးချက် အရင်ပစ်ပြီး ဝင်လာတာပဲ” ဟု ၎င်းက ဆိုသည်။
“ရွာသားတွေလည်း ပြေးလို့ လူမရှိတော့ဘူးဆိုမှ လက်နက်ကြီးသုံးချက် ထပ်(ပစ်) ပြီးတော့ ဘောက်ဆွဲသေနတ်တွေနဲ့ ရွာထဲ ဝင်ရှို့တာ”
ကုလားလူးရွာတွင် ထိုသို့ ပစ်ခတ်ပြီးနောက်ပိုင်း ထိခိုက်ဒဏ်ရာရသူ ရှိမရှိကိုမူ အတည်မပြုနိုင်သေးဟု အထက်ပါဒေသခံက ပြောသည်။
“ဒီကောင်တွေက မီးရှို့တာတောင် နှစ်ကြိမ်ခွဲရှို့တာ။ ပထမတစ်ကြိမ်ရှို့ပြီးတော့ နားသွားသေးတယ်။ ကျွန်တော်တို့လည်း ရွာနဲ့မလှမ်းမကမ်းက ယာတောတွေထဲ ပြေးရတာဆိုတော့ မြင်နေရတာ။ ၂ နာရီ လောက်ကျတော့ နောက်တစ်ကြိမ်ထပ်ရှို့တာ မြင်ရတယ်” ဟု သူက ပြောသည်။
ထိုသို့ ရှို့ပြီး ၁ နာရီအတွင်းမှာပင် စစ်တပ်က တစ်ဖာလုံခွဲခန့်သာဝေးသည့် ရှားလွင်ရွာသို့ သွား၍ မီးရှို့ခဲ့သည်ဟု သိရသည်။
ရှားလွင်ရွာသားတစ်ဦးက သူ၏ နှစ်ထပ်ပျဉ်ထောင်အိမ် မီးထဲပါသွားသည်ဟု ပြောသည်။
အိမ်နီးချင်းရွာဘက်မှ ပစ်ခတ်သံများ ကြားကတည်းက ကြိုတင်တိမ်းရှောင်နေသည်ဖြစ်၍ ဘေးကင်းကြောင်း၊ ညနေ ၃ နာရီခွဲခန့်အထိ ရှားလွင်ရွာအတွင်းမှ မီးခိုးလုံးများတက်နေသည်ကို ပုန်းခိုရာနေရာမှ တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“တော်တော်လေးငြိမ်တော့ ကျွန်တော်တို့ ရွာသူရွာသားတွေက ကပ်လို့ရမှာပဲ၊ ငြှိမ်းလို့ရမှာပဲဆိုပြီး ရွာနားကပ်ကြည့်ကြတာ။ ကျွန်တော်တို့ဘက်ကို လက်နက်ကြီးနဲ့ ၉ချက်တောင် ပစ်တယ်” ဟု အထက်ပါ ရှားလွင်ရွာသားက ပြောသည်။
စစ်တပ်က ရှားလွင်ရွာတွင် တပ်စွဲပြီး ယမန်နေ့(မတ်၁၇) နံနက် ၁၁ နာရီတွင် ပြန်ထွက်ချိန်မှ ထိုနှစ်ရွာမှ တိမ်းရှောင်နေသူများ ကျေးရွာသို့ ပြန်ကြရာတွင် ထိုသို့ပျက်စီးမှုများကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု အထက်ပါဒေသခံနှစ်ဦးက ပြောသည်။
ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာရှိ နေအိမ်ထက်ဝက်နီးပါးကို ကွက်၍ စစ်တပ်က မည်သည့်အတွက် မီးရှို့သွားသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ခင်ဦးမြို့နယ်အတွင်း ထိုသို့ လုပ်ရပ်များကို စစ်တပ်က ဆက်တိုက်ကျူးလွန်နေရာ မတ် ၅ မှ ၁၆ အတွင်း ဒါန်းကုန်း၊ မုန်တော၊ ကျွန်းလည်၊ သက်ပေး၊ တမုတ်၊ ကုလားလူး၊ ရှားလွင်ရွာများမှ အိမ် ၃၃၇ လုံးထက်မနည်း မီးရှို့ခံလိုက်ရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (PDF) စာရင်းများက ဆိုသည်။
တောင်ယာသိမ်းချိန်ဖြစ်၍ ရိတ်သိမ်းပြီးသည့် စပါးနှင့် ကောက်ပဲသီးနှံများ၊ စုဆောင်းထားသည့် ရိက္ခာများ ပျက်စီးခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ်က လူမဆန်သည့်လုပ်ရပ် ကျူးလွန်ခဲ့သည်ဟု နှစ်ထပ်အိမ် မီးရှို့ခံရသည့် အထက်ပါ ရှားလွင်ရွာခံက ပြောသည်။
“ပြည်သူတွေကို မငဲ့ကွက်ဘဲ တကယ့်ကို လူမဆန်စွာ ရက်စက်တဲ့ပုံစံမျိုးပဲလို့ ယူဆတယ်။ အိမ်တစ်လုံးရဲ့တန်ကြေးကို သူတို့မသိဘူး။ ကျွန်တော်တို့က ချွေးနှဲစာနဲ့ ဆောက်ထားတော့ ခံလည်းခံပြင်းတယ်၊ ဒေါသလည်းဖြစ်တယ်” ဟု အထက်ပါ ရှားလွင်ရွာခံက ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူကမူ မီးရှို့မှုမှာ လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

ထိုဒေသအတွင်းတွင် စစ်တပ်က အကြမ်းရမ်းဆုံးပြုမူနေပြီး မတ် ၁၅ ရက်ကပင် ခင်ဦးမြို့အရှေ့ဘက် ခြောက်မိုင်အကွာ ရွှေဘို- မြစ်ကြီးနား လမ်းပေါ်တွင် PDF နှင့် တိုက်ပွဲဖြစ်ရာအနီးရှိ တမုတ်ကျေးရွာကို စစ်သားတို့က ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ကြသည်။
တမုတ်ရွာမှ အိုးအိမ်မဲ့သွားသည့် ဒေသခံသုံးရာနီးပါး ခိုလှုံနေသည့် လေးမိုင်ခန့်အကွာရှိ ကုလားလူးရွာနှင့် ရှားလွင်ရွာတို့ကို နောက်တစ်ရက်တွင် စစ်တပ်က ထိုသို့ ထပ်မံဝင်ရောက် စီးနင်းခြင်းဖြစ်သည်။
ထိုဖြစ်စဉ်များကြောင့် တမုတ်၊ ကုလားလူး၊ ရှားလွင်ရွာတို့မှ ဒေသခံ ၁၀၀၀ နီးပါး တိမ်းရှောင်နေရသလို စစ်တပ်၏ရန်ကိုကြောက်၍ အနီးအနားရွာအချို့ပါ ထွက်ပြေးနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ပါဖြတ်တောက်၍ စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်က ဒေသခံများကို ခြိမ်းခြောက်၊ ထောက်ပံ့ နည်းလမ်းမျိုးစုံသုံး၍ စည်းရုံးမှုများပို၍ အရှိန်မြှင့်လာနေသည်ဟု ခင်ဦး PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တချို့ရွာတွေကျတော့ ကြောက်အောင် မီးရှို့ပြတယ်။ တချို့နေရာကျတော့လည်း စစ်တပ်က ဒီလောက်မဆိုးပါဘူးကွာဆိုတာမျိုးဖြစ်အောင် လုပ်ပြတယ်။ သက်ကြီးရွယ်အိုတွေ ဘုန်းကြီးကျောင်းထဲ ရွှေ့ပေးတာမျိုး လုပ်ပြတယ်” ဟု ၎င်းက ပြောသည်။
အမည်ထုတ်မပြောလိုသည့် ခင်ဦးမြို့နယ်အတွင်းမှ ရွာတစ်ရွာဆိုလျှင် လူငယ်တွေ တော်လှန်နေ၍သာ အသက်၊ အိုးအိမ် ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟုပင် ပြောဆိုမှုများရှိလာကြောင်း အထက်ပါ ခင်ဦး PDF က ပြောသည်။
“လူငယ်တွေ (ရွာထဲ) လာရင် လက်နက်တွေ အိမ်ယူမလာနဲ့ ဆိုတာမျိုး ဖြစ်လာတယ်။ သူတို့စည်းရုံးရေး အောင်မြင်တယ်ပြောရမယ်” ဟု ၎င်းက သုံးသပ်သည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခင်ဦးမြို့နယ်အတွင်း ဆက်လက်ခုခံနေရာ မတ်လဆန်းမှစ၍ အဖွဲ့ဝင် ၁၆ ဦး၊ အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်ဟု ခင်ဦး PDF စာရင်းက ဆိုသည်။
ပြည်သူမဲပေးရွေးချယ်သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ မနီးစပ်သည့် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ပါဝင်နေသည်။
စစ်ကောင်စီကလည်း လက်နက်ကြီးသာမက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်၍ နှိမ်နင်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)