ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သားနှစ်ဦး ယခုလဆန်းပိုင်း၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြောင်း၊ လက်နက်ပါသူတစ်ဦးကို ငွေကျပ်သိန်း ၅၀ အထိ ချီးမြှင့်ထားကြောင်း ဒေသခံ PDF တာဝန်ရှိသူနှစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ ခြောက်ဦးစလုံးမှာ ချင်းတိုင်းရင်းသားဖြစ်ပြီး ရဲဒုတပ်ကြပ်တစ်ဦး၊ ရဲတပ်သားသုံးဦးနှင့် စစ်သားနှစ်ဦးဖြစ်ကြောင်း ချင်းပြည်နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုဖြစ်သော PDF Zoland တာဝန်ရှိသူက ယနေ့ (မတ် ၁၄) တွင် Myanmar Now ကို ပြောသည်။
ဒုတပ်ကြပ် ထျန်ဘေ့ပ်ပြန် (Thain Baik Piang)၊ ရဲတပ်သား ကမ်ဒဲန်းပို (Kam Deih Pau)၊ ထန်းဒိမ် (Thang Dim) နှင့် ခုပ်ဆန်းမန် (Khup Sawm Mung) တို့ဖြစ်ပြီး စစ်သားနှစ်ဦးမှာ လာင်လျန်ထျန်း (Lal Thian Thang) ၊ ထန်းကြွန်မန်း (Thang Cuan Mang) တို့ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
အဆိုပါ ရဲနှင့် စစ်သား ခြောက်ဦးအနက် လက်နက်နှင့်တကွ ထွက်ပြေးလာသူကို ဆုငွေ ကျပ်သိန်း ၅၀ ပေးထားပြီး အားလုံးကို လုံခြုံသည့်နေရာများတွင် ခိုလှုံနိုင်ရေး စီမံပေးထားကြောင်း PDF Zoland တာဝန်ရှိသူ ကိုဂျော်နီခင်က ဆိုသည်။
“တစ်ယောက်ကတော့ လက်နက်နဲ့ ထွက်ပြေးခဲ့တယ်။ G3 နဲ့။ ဆုငွေ သိန်း ၅၀ ပေးတယ်။ သူတို့က ဖေဖော်ဝါရီလက ဖလမ်းရဲစခန်းကနေ ရိဒ်ကို ပြောင်းလာခဲ့တာ” ဟု ၎င်းက ပြောသည်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့တွင် ယခုလဆန်းပိုင်း၌ စစ်တပ်က အင်အားတိုးမြှင့်ချထားပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် အထက်ပါ ရဲနှင့် စစ်သားများ CDM ဝင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
“သူတို့က ပြောင်းလာချင်တာ ကြာပြီ။ သူတို့အကြီးအကဲတွေက အရမ်းခြိမ်းခြောက်ထားလို့ မထွက်ရဲဘူး။ အခု ဒီဘက်ရောက်လာတော့ ပူးပေါင်းတပ်ဖွဲ့က သူတို့နားမှာရှိတဲ့ တပ်ကုန်းက စခန်းကို ထိုးစစ်ဆင်ကြတယ်။ အဲဒီတော့ သူတို့လည်း အချိန်မရွေး ချုံခိုတိုက်ခံရနိုင်တယ်။ သေသွားနိုင်တယ်။ အခြေအနေကို သူတို့ကောင်းကောင်းသိသွားတယ်” ဟု ကိုဂျော်နီခင်က ပြောသည်။
“သူတို့အကြီးအကဲကိုလည်း ကြောက်တယ်။ ဒါပေမဲ့ PDF တွေရဲ့ တိုက်ခိုက်မှုက ပိုပြီးတော့ အန္တရာယ်ကျရောက်နိုင်တဲ့ပုံစံလို့ မြင်သွားတာပေါ့”
ရိဒ်ကုန်သွယ်ရေးစခန်းနှင့် နှစ်မိုင်ခန့်အကွာတွင် ဒေသခံ PDF စိုးမိုးကာ အခွန်ကောက်ခံနေသဖြင့် စစ်ကောင်စီပုံရိပ်ကျဆင်းကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန်ဆန်းအောင်က အာဏာသိမ်းခေါင်းဆောင်ကို တင်ပြခဲ့သည်။
ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်းများကို ချင်းဒေသကာကွယ်ရေး (CDF) အဖွဲ့များက မတ် ၅ တွင် တစ်ကြိမ်၊ မတ် ၇ ညပိုင်းတွင် တစ်ကြိမ်၊ မတ် ၁၂ နံနက်ပိုင်းတွင် တစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်သည်။
လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျပြီး နယ်စပ်ဂိတ်နှင့် တံတားရှိသည့် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်တွင် စစ်တပ်က အင်အားတိုးမြှင့်ချထားသော်လည်း နယ်မြေစိုးမိုးနိုင်မှု မရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ခြေရှိသည်ဟု သိရသည်။
စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တင်းမာနေသည့် စစ်ရေးအခြေအနေကြောင့် ရိခေါဒါရ်မြို့မှ ဒေသခံ နှစ်ထောင်နီးပါးမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ မီဇိုရမ်ပြည်နယ်၊ ဇိုကထာရ်ရွာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုသောကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ရဲနှင့် စစ်သား ထောင်နှင့်ချီရှိသည့်အနက် ချင်းပြည်နယ်တွင်လည်း အများအပြားရှိသည်။
လက်နက်နှင့်တကွ ခိုလှုံလာသူများကို ဆုကြေးငွေပေးမည့်အပြင် လုံခြုံသည့်နေရာတွင် ခိုလှုံနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်တာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ရှိသည့်အနက် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်နှင့် စစ်သား ၂၀၀၀ ကျော် ပါဝင်ကြောင်း CDM အရာရှိများ စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ဖော်ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)