သတင်း

ယင်းမာပင်တွင် PDF စခန်းနှစ်ခု စီးနင်းမီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အနောက်ဘက်ရှိ Hero Tiger Force  ၏ စခန်းနှစ်ခုကို ယနေ့ (မတ် ၁၂) နံနက်ပိုင်းတွင် အင်အား ၁၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စီးနင်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။ 

မြို့အနောက်ဘက် ၄ မိုင်အကွာရှိ ပေါက်ပန်းဖြူ၊ ရုံးလေးပင်၊ နတ်ထောင့်၊ ကုန်းရွာ ရွာလေးရွာဆုံသည့် နေရာရှိ သင်တန်းကွင်းစခန်းကို နံနက် ၇ ခွဲတွင် စီးနင်းပြီးနောက် ၂ နာရီအကြာတွင် ကုန်းရွာအနီးရှိ စခန်းတစ်ခုကို ထပ်မံစီးနင်းခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးဆိုသူက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ မိုင်းကွင်းတွေနဲ့ အကုန်ကာထားတယ်ဗျ။ မိုင်းကွင်းကာထားတဲ့နေရာကနေ မလာဘဲ ကျန်တဲ့နေရာကနေ လာတာ။ ကျွန်တော်တို့လူတွေလည်း အသက်လုပြီးပြေးခဲ့ရတယ်။ လက်နက်ကြီး ၅ လက်လောက်နဲ့ ပစ်တယ်။ ဆက်တိုက်တွေ အချက် ၂၀၀ လောက်ဖောက်တာ” ဟု ဗိုလ်ကျားကြီးက ပြောသည်။ 

“အဲဒီစခန်းကို ရှို့ပြီးတော့ ကုန်းရွာနားက စခန်းကို တန်းတန်းမတ်မတ်ထပ်ရှို့တယ်။ ရှိစုမဲ့စုပစ္စည်းတွေ အကုန်ပါသွားပြီ”

ဆိုင်ကယ်၊ ဆန်ရိက္ခာ၊ အိုး၊ ခွက်တို့ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

စခန်းများသည် ရွာများနှင့် ၃ မိုင်ခန့်အကွာတွင်ရှိကြောင်း၊ တပ်ဖွဲ့ဝင်များ ထိခိုက်မှု၊ ဖမ်းဆီးခံရမှုမရှိကြောင်း ၎င်းက ပြောသည်။ 

ယမန်နေ့ညက မြို့အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် သတင်းကြောင့် မြို့နှင့် ပိုနီးသော ကုန်းရွာ၊ ရုံလေးပင်ရွာတို့ ပတ်ပတ်လည်တွင် မိုင်းများဆင်ကာ လုံခြုံရေးယူထားကြကြောင်း၊ သို့သော်လည်း ထိုရွာများကို ကျော်၍ မြို့နှင့် ၇ မိုင်အကွာရှိ နတ်ထောင့်ရွာဘက်အခြမ်းမှ ပတ်ဝင်ကာ စခန်းများကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ပေါက်ပန်းဖြူ၊ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ရုံးလေးပင်၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် နတ်ထောင့်၊ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ကုန်းရွာတို့မှာ စီးနင်းခံရခြင်းမရှိဟု ၎င်းက ပြောသည်။ 

“မိုင်းကွင်းတွေလည်း ကာထားတယ်။ စခန်းနေရာကိုက တစ်နေရာပဲ ကာလိုက်မိတယ်။ မကာတဲ့နေရာကနေ ထိုးဖောက်ခံလိုက်ရတာ။ တိုက်ပွဲဖြစ်လို့ မရလိုက်ဘူးဗျ။ မနေ့က ကျွန်တော်တို့ ပြင်ဆင်ထားတာက မိုင်းကွင်းတွေ ကာထားမယ်။ ဝင်လာတဲ့အခါမှာ မဟာမိတ်တွေနဲ့ တိုက်မယ်ဆိုပြီး စိတ်ကူးထားတာ” ဟု ဗိုလ်ကျားကြီးက ပြောသည်။  

“မိုင်းကွင်းတွေကြားထဲက ဖောက်ဝင်လာပြီး လက်နက်ကြီးတွေ တအားသုံးတော့ ဘယ်လိုမှကို တိုက်လို့မရတော့တာ။ ကျွန်တော်တို့ရဲဘော်တွေလည်း အသာစီးရသွားတာ။ သူတို့က ရွာတွေကို ဝင်စီးတာမဟုတ်ဘဲ စခန်းတွေကိုပဲ တည့်တည့်ဝင်စီးသွားတာ” လက်ရှိတွင် ရွာလေးရွာမှ ထောင်နှင့်ချီသော ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ကုန်းရွာဘုန်းကြီးကျောင်း၌ လက်နက်ကြီးများတပ်ဆင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်၏ စီးနင်းမှုများကြောင့် ယင်းမာပင်မြို့နယ် သကြားစက်၊ ရွှေစု၊ စည်လှောင်၊ အောင်ချမ်းသာ၊ မြရိပ်၊ ရှမ်းရွာ၊ ကန်သာ၊ လက်ပံတောရွာတို့ရှိ ထောင်နှင့်ချီသော ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။​

တောတောင်မရှိသော၊ သတင်းအချက်အလက်ရရှိနိုင်သော ယင်းမာပင်ဒေသတွင် စစ်ကောင်စီတပ်က တူမီးကိုင်ခုခံသူတို့၏ စခန်းကို ရှင်းလင်းနိုင်ခဲ့သော်လည်း ကရင်ပြည်နယ်တွင်မူ အခြေအနေက တစ်မျိုးဖြစ်နေသည်။

မတ် ၁၁ ရက်နေ့က KNU ၏ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်သား ၂၇ ဦး ဖမ်းဆီးရမိကြောင်း KIC သတင်းဌာနက KNU ထုတ်ပြန်ချက်ကို ကိုးကားပြီး ယနေ့ ရေးသားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button