ဓာတ်ပုံအက်ဆေး

ဓာတ်ပုံအက်ဆေး | ကရင်နီဒေသရှိ ရှစ်လကျော်ကြာ စစ်ရှောင်စခန်း

မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်နီပြည်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား ယမန်နှစ်ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေမှာ ယခုအခါ ၁၇၀,၀၀၀ ဝန်းကျင်ရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်က အရပ်သားတို့၏ နေအိမ်၊ ရပ်ကွက်များနှင့် စစ်ရှောင်စခန်းများကိုပင် မရှောင်ဘဲ ထိုးစစ်ဆင်မှုများကြောင့် အကြိမ်ကြိမ်အခါခါ ရွှေ့ပြောင်းကြရသည့် ဒေသခံများ ရှိသကဲ့သို့ လပေါင်းအတန်ကြာ စစ်ရှောင်နေကြရသူများလည်း ရှိသည်။

ဒေသတွင်းမှ ပေးပို့လာသည့် ယခုဖော်ပြပါ သတင်းမှတ်တမ်းဓာတ်ပုံများမှာ ဒီးမော့ဆိုမြို့နယ် ကျေးရွာတစ်ရွာရှိ စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။ ကုန်းသာ၊ စံပြ ၆ မိုင်၊ ဒေါပိုးစီ ကျေးရွာများအပြင် ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်များမှ လွန်ခဲ့သည့် ၈ လခန့်ကတည်းက စစ်ပြေးနေကြရသူများဖြစ်သည်။ 

ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး လူဦးရေ ၁,၀၀၀ နှင့် ၂,၀၀၀ ကြားရှိသည်ဟု ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဆယ်ရက်ခန့်မှစ၍ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နှင့် လွိုင်နန်းဖကျေးရွာတို့မှ ထပ်မံပြောင်းရွှေ့လာသူများလည်းရှိသဖြင့် လူဦးရေ ထပ်တိုးနိုင်ကြောင်း ၎င်းက ဆိုသည်။

“ရေအခက်အခဲပေါ့။ ရေက တော်တော်လေးရှားတယ် အဲ့နေရာမှာ၊ တောင်ပေါ်ဒေသလည်းဖြစ်တယ်။ စားနပ်ရိက္ခာလည်းရှားတယ်။ ရွာခံတွေက တောင်ယာပဲ လုပ်နေကြတာ၊ ဆန်တို့ စပါးတို့ စိုက်တာမရှိဘူး။ ရိက္ခာပြတ်လပ်မှုလည်းရှိတယ်။ ဝမ်းလျှောရောဂါဖြစ်တာများတယ်” ဟု ၎င်းက ပြောသည်။

ရေရှားပါးပြီး သောက်သုံးရေ မသန့်ရှင်းသဖြင့် စစ်ရှောင်များမှာ အရေပြားယားယံသည့် အခြေအနေများ ခံစားနေရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“လုပ်ကိုင်စားသောက်ရတာလည်း မရှိလို့ စိတ်မချမ်းသာဘူးပေါ့။ ကျွန်တော်တို့ အခုလောလောဆယ် စားရတာတော့ ဘယ်အချိန်ငတ်မလဲဆိုတဲ့ စိတ်‌လေးနဲ့ မအီမသာဖြစ်ကြတော့ ရွာပဲတမ်းတကြတာ၊ အလုပ်ပဲလုပ်ချင်တာ။ ဆင်းရဲလည်း ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်တယ်၊ ကိုယ့်အိမ်မှာ ကိုယ်နေချင်တယ်” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button