သတင်း

၈၈ ကျောင်းသားခေါင်းဆောင် ဦးမြအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

စစ်အာဏာသိမ်းကြောင်း မကြေညာမီ နာရီပိုင်းအလိုတွင် ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ယနေ့ (မတ် ၁၀) တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားသော လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ဂ ဖြင့် အင်းစိန်ထောင်တွင်းအထူးတရားခွင်တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးသက်နောင်က Myanmar Now ကို ပြောသည်။

ဦးမြအေးသည် ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရပြီး မတ်လလယ်တွင် မင်္ဂလာတောင်ညွန့်ရဲစခန်း၌ တရားစွဲတင်ခံရခြင်းဖြစ်၍ ချုပ်ရက်ကို တရားစွဲဆိုသည့်ရက်မှစ၍ တစ်နှစ်ခန့် ထုတ်နုတ်ခံစားခွင့်ရကြောင်း ၎င်းက ဆိုသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသည့် မတ်လ ၁၀ သည် ဦးမြအေး၏ အသက် ၅၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်။

“ကျန်းမာရေးအခြေအနေကတော့ သိပ်မကောင်းသေးဘူးဗျ။ အပြင်ဆေးရုံကို ပြဖို့ ပြောထားပေမဲ့လို့ ပြီးခဲ့တဲ့ ရုံးချိန်းတွေက သူ့ကို အပြင်ပေးမထွက်ဘူး။ အဲဒီအတွက် သူ စာတင်ထားတယ်လို့ ပြောတယ်။ အဲဒါကတော့ ကျွန်တော်တို့ ဘာမှန်းတော့ မသိသေးဘူး” ဟု ရှေ့နေက ပြောသည်။

ဖမ်းဆီးခံရသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်သောကြောင့် ထပ်မံတရားစွဲဆိုခြင်း မပြုပါက ထောင်ထဲတွင် တစ်နှစ်ခန့် ဆက်နေရဦးမည် ဖြစ်သည်။

ခြေထောက်အနာနှင့် နှလုံးရောဂါကြောင့် ဆေးရုံပြရမည်ဖြစ်ပြီး ယမန်နှစ် အောက်တိုဘာကလည်း ခြေထောက်ပိုးဝင်သည့်အနာကြောင့် ရက်အတန်ကြာ ပြင်ပဆေးရုံတွင် တက်ရောက်ကုသခဲ့ရသေးသည်။

၂၀၁၄ နိုဝင်ဘာလတွင် ဦးမြအေးက တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မင်းသိန်းဟုခေါ်သည့် တရုတ်နိုင်ငံသား တရုတ်လူမျိုးထောက်လှမ်းရေးတစ်ဦးထံ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပေးပို့ခဲ့သည့် အီးမေးကြောင့် ပုဒ်မ ၅၀၅-ဂ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

“တရားလိုဘက်ကလည်း သက်သေထင်ရှားပြခဲ့တာ မရှိဘူး။ မရှိဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်တဲ့သူအပေါ်ကို အခုလိုမျိုး မတရားဖမ်းဆီးပြီးတော့ တရားစွဲခံရတဲ့အပေါ်မှာ ထောင်ဒဏ်ချမှတ်ခံရတယ်ပေါ့။ အဲဒီအပေါ်မှာတော့ ဦးမြအေးဘက်က အများကြီးနစ်နာတယ်” ဟု ရှေ့နေ ဦးသက်နောင်က ဆိုသည်။

ဦးမြအေးက အမှုအတွက် တရားခံပြသက်သေများကို မတင်သွင်းခဲ့ဘဲ ၎င်းကိုယ်တိုင် စစ်ဆေးခံခဲ့ကြောင်း ရှေ့နေက ပြောသည်။ 

၈၈ ကျောင်းသားခေါင်းဆောင် ဦးမြအေးသည် ရှစ်လေးလုံးအရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ်က ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသည်။ ၁၉၉၆ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာကာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆၅ နှစ်အထိ ချမှတ်ခံရသည်။ 

၂၀၁၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း စစ်တပ်ထောက်လှမ်းရေးက သူ့ကို ဆက်လက်စောင့်ကြည့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button